Thursday, January 17, 2019

AA စခန်းသိမ်းခံရမှု တပ်မတော်ထုတ်ပြန်ချက် AA ငြင်းဆန်

VOA
ဗွီအိုအေမြန်မာပိုင်း 
နိုင်ကွန်းအိန်
၁၇ ဇန်နဝါရီ၊ ၂၀၁၉
                                                                       AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
 
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ဗုဒ္ဓဟူးနေ့က မြန်မာ့တပ်မတော်နဲ့ ရခိုင် လူမျိုးစု လက်နက် ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပြီး AA ရဲ့ ယာယီစခန်းငယ်တခုကို သိမ်းဆည်းရမိတယ်ဆိုတဲ့ တပ်မ တော်ရဲ့ထုတ်ပြန်ချက်ကို AA ဘက်က ငြင်းပါတယ်။ ဒါ့အပြင် တနင်္ဂနွေနေ့က ဖုန်ညိုလိပ်ရွာ တိုက်ပွဲအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ ပတ်သက်ပြီးတော့ လည်း နှစ်ဘက်ကြား အပြန်အလှန် စွပ်စွဲတာတွေ ရှိထားပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။
ဗုဒ္ဓဟူးနေ့က သရက်ပြင်ကျေးရွာ အရှေ့တောင်ဘက် မီတာ ၅၀၀၀ လောက်အကွာမှာ နှစ်ဖက်တိုက်ပွဲဖြစ် ပွါးခဲ့ကြောင်းထုတ်ပြန်ချက်နဲ့ပက်သက်လို့ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗွီအိုအေကိုအခုလိုပြောပါတယ်။

“အဲဒီဥစ္စာသိမ်းတာကကျွန်တော်တို့သတင်းထုတ်ပြန်ထားတဲ့အတိုင်းဘဲ။ သူတို့စခမ်းဆိုပေမဲ့ယာယီစခမ်း ဘဲ။ ခနနေ နေတဲ့စခမ်းလားမသိဘူး။ အဲဒီဟာလေးကိုသိမ်းခဲ့တယ်။ ထိခိုက်ဒဏ်ရာရမှုက ဟိုဖက်ကကျွန် တော်တို့ထုတ်ပြန်ထား တာ(၅)ယောက်ပေါ့။ဟိုဖက်ကရော ဒီဖက်ကရောထိခိုက်ဒဏ်ရာရမှုတွေရှိပါတယ်။”

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာဘက်မှာ ဇန္နာဝါရီ ၁၆ ရက်မနက်ဘက်က မြန်မာ့ တပ်မ တော်နဲ့ ရခိုင့်တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွါးခဲလို့ AA အဖွဲ့ဆီကနေ အလောင်းငါးလောင်း၊ သေနတ်နှစ်လက်နှင့် ဆက်စပ်ပစ္စည်းတွေကိုသိမ်းဆီးရရှိခဲ့တယ်လို့တပ်မတော်ဘက်ကနေ သတင်း ထုတ် ပြန်ထားတာပါ။

ဒါပေမဲ့ ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာဘက်မှာ ဗုဒ္ဓဟူးနေ့က တိုက်ပွဲမဖြစ်ခဲ့ဘူးလို့ AA အဖွဲ့ ပြန် ကြားရေးတာဝန်ခံ ခိုင်သုခက ငြင်းပါတယ်။“သူတို့ဒီ သတင်းအမှားတွေထုတ်ပြန် တယ်လို့ထင်ပါတယ်။ ဒါသတင်းအမှားဆိုတာထက်လုပ်ကြံသတင်းပေါ့လေ။ (၁၆)ရက်နေ့တနေ့လုံးက ဘာထိတွေ့တိုက် ခိုက်မှု မှမရှိဘူးဗျ။ အခုသူတို့ပြောတဲ့ဖြစ်စသ်ကကျွန်တော်ထင်ပါတယ်။ (၁၃)ရက်နေ့ကဖြစ်စဉ်ပေါ့နော်။” အနီးနား ရွာက ဒေသခံတဦးကလည်း ဗုဒ္ဓဟူးနေ့က သရက်ပြင်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်တာ မရှိတဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

“မရှိပါဘူး။ မရှိပါဘူး။ တခြားနေရာလဲမကြားဘူး။” ပြီးခဲ့တဲ့ ဇန္နာဝါရီ(၁၃)ရက်နေ့က သရက်ပြင်ကျေးရွာ ဘက်တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် ဖုန်ညိုလိပ်နဲ့ချာကေ ဘင်္ဂလီရွာသားတွေထိခိုက်သေ ဆုံးမှု ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်နဲ့ AA တို့ကြား အပြန်အလှန် စွပ်စွဲ ပြောဆို ကြပါတယ်။

ရခိုင်တပ်မတော်ပြန်ကြားရေးတာဝန်ခံခိုင်သုခက တိုက်ပွဲဖြစ်စဉ်အတွင်း တပ်မတော်ဘက်က အထိနာခဲ့လို့ လက် နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာသားတွေ သေဆုံးရတာလို့ဆိုပါတယ်။“အဲဒီနေ့မှာ သူတို့ဘက်က အကျဆုံးများတော့ လက်နက်ကြီးတွေနဲ့နေပြီးတော့ သူတို့နေရာအစုံကိုရမ်းသန်း ပစ်ခတ် နေတာတွေရှိ တယ်။ တချို့လက်နက် ကြီးကျည်တွေက အနီးအနားဘင်္ဂလီကျေးရွာတွေကိုထိမှန်တာတွေရှိတယ်။ ဗမာ စစ်တပ်ကထုတ်ပြန်ချက်ထဲမှာပြောနေတဲ့ ယူနီဖေါင်းဝတ်အလောင်း(၅)လောင်းဆိုတာ အဲဒီ(၁၃)ရက်နေ့က သူတို့ လက်နက်ကြီးတွေနဲ့ပစ်လို့သေသွားတဲ့ဘင်္ဂလီရွာသားတွေရဲ့အလောင်းဖြစ်နိုင်တယ်။”ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကကတော့ AA အဖွဲ့ တိုက်ပွဲကဆုတ်ခွါစဉ်အတွင်း ပစ်ခတ်သွားတာလို့ပြောပါတယ်။

“ကျွန်တော်တို့တိုက်ပွဲဖြစ်တဲ့နေရာ အဲဒီသရက်ပြင် ဆိုတဲ့ရွာတောင်ဖက်မှာ ဖုန်ညိုလိပ်ဆိုတဲ့ရွာရှိတယ်။ ဖုန်ညိုလိပ် ရွာမှာ အဲဒီတိုက်ပွဲဖြစ်ပွါးနေစဉ်ကာလအတွင်းမှာ ဘင်္ဂလီ(၃၀)လောက် ပဲစိုက်ခင်းလုပ်နေတယ်။ အဲဒီအချိန်ဗျာ တယောက်ကတော့သေတယ်။ တယောက်ကတော့ဒဏ်ရာရတယ်။ သူတို့အားလု့းံကိုမြေပြင် စစ်ဆေးကြည့်တဲ့အခါမှာ အဲဒီAAအဖွဲ့ဆုတ်လာရင်းနဲ့ သူတို့အဖွဲ့ကိုပစ်သွားတယ်ဗျ။ တယောက်ကသေ တယ် တယောက်ကဒဏ်ရာရတယ်။ အဲဒီဒဏ်ရာရတဲ့သူဘူးသီးတောင်ဆေးရုံမှာရှိတယ်။”

မြန်မာ့တပ်မတော်နဲ့ AA အဖွဲ့တို့အကြား လက်ရှိ စစ်ရေးပဋိပက္ခအတွင်း တိုက်ပွဲဖြစ်ပွါးရာဒေသက ဒေသ ခံတွေဟာ လုံခြုံရေး အာမခံချက်ကင်းမဲ့နေတဲ့အခြေအနေမှာရှိနေပါတယ်။ အဲဒါကြောင့်လည်း ရသေ့တောင် မြို့နယ်အတွင်း က ကျေးရွာအုပ်ချုပ်ရေးမှူး အတော်များများ နုတ်ထွက်စာတင်ထားတယ်လို့ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကပြောပါတယ်။

“အုပ်ချုပ်ရေးမှူးတွေပေါ့နော် ကျေးရွာ(၃၀)လောက်က သူတို့နှုတ်ထွက်စာတင်ဖို့ဆိုပြီးတော့ မြို့နယ်အုပ် ချုပ်ရေးမှူး ကို လာပြောတယ်လို့သိရပါတယ်။ ဒါပေမဲ့မြို့နယ်အုပ်ချုပ်ရေးမှူးကလဲ ချက်ချင်းကြီးနှုတ်ထွက်ဖို့ ဆိုတာတော့ သူ့အ နေနဲ့ဌာနဆိုင်ရာကိုတင်ပြထားမယ်ဆိုပြီးတော့ သူပြောပြလိုက်တယ်လို့ကျွန်မတို့ အဲဒီလိုဘဲသိထားရပါတယ်ရှင့်။ အခုဒီတိုက်ပွဲတွေဖြစ်နေတဲ့ကြားမှာ ကျေးရွာအုပ်ချုပ်ရေးမှုးတွေကိုပေါ့နော်။ သူတို့ကခေါ်ယူမေးမြန်းခြင်းတွေရှိတယ်။

နောက်တခါကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့လဲ ကျေးရွာကိုအုပ်ချုပ်တဲ့တာဝန်ကိုယူထားတဲ့အတွက် သူ တို့က လာသမျှလူကိုကူညီပေးရတာတွေရှိပါတယ်။ အဲဒီထဲအခါကျတော့ ကျွန်မတို့မြန်မာ နိုင်ငံရဲ့ ဥပဒေ ထဲမှာလဲ ၁၇/၁။ ၁၇/၂တို့ဆိုတာရှိပါတယ်။ သူတို့လဲ ဒါမျိုးလေးတွေကိုဖြစ်လာမှာကိုလဲ သူတို့ ကတွေး လာကြလိမ့်မယ်တူပါတယ်။”

နှစ်ဖက်စစ်တပ် လှုပ်ရှားရာနယ်မြေဒေသမှာ AA တပ်နဲ့ဆက်သွယ်တယ်ဆိုပြီး ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး အပါဝင် နှစ်ဦး၊ ရသေ့တောင်မြို့နယ်၊ ကြိမ်သာကျေးရွာသားနှစ်ဦးကို တပ်မတော်ကနေ ဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ တရားစွဲဆိုထားပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး AA အဖွဲ့အတွက် ဆက်ကြေးကောက်ခံပေးတာ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်သတင်းပေးပို့တာတွေ စစ်ဆေးမေးမြန်း ဖော်ထုတ်သိရှိရလို့ တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်စိစစ် ဆောင်ရွက်နေတယ်လို့ ဇန္နဝါ ရီ (၁၆)ရက် နေ့မှာ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ 

 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */