မဇျ္စိမ
October 1, 2025

Newagebd.net
ရိုဟင်ဂျာများအပေါ် နှိပ်စက်ညှဉ်းပန်းမှု ချက်ချင်း ရပ်တန့်ရေးနှင့် ၎င်းတို့ ရခိုင်ပြည်နယ်ဆီ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာ (စစ်အုပ်စု) နှင့် အာရက္ခတပ်တော် (အေအေ) အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးရန် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ ခေါင်းဆောင် မိုဟာမက် ယူနွတ်က ထပ်မံ တိုက်တွန်းတောင်းဆိုသည်။
နယူးယော့ခ်မြို့ ကုလသမဂ္ဂဌာနချုပ် အထွေထွေညီလာခံ၏ ဘေးပန်းပြင်ပ၌ စက်တင်ဘာ ၃၀ ရက်က ကျင်းပသည့် မြန်မာရှိ ရိုဟင်ဂျာ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ အခြေအနေဆိုင်ရာ အဆင့်မြင့်လယ်ဗယ် ကွန်းဖရင့် အဖွင့်၌ မိန့်ခွန်းပြောစဉ် ယူနွတ်က အကျပ်အတည်း ဖြေရှင်းရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ လုပ်ဆောင်ချက်များကို တောင်းခံသည့် အချက် ခုနစ်ချက်ပါ အဆိုပြုချက်ကို တင်ပြသည်။
ဘင်္ဂလားဒေ့ရှ်သည် အိမ်နီးချင်း မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာရသူ ရိုဟင်ဂျာ တသန်းကျော်ကို လက်ခံပေးထားရသည်။
“ပထမအချက်ကတော့ ရခိုင်ပြည်နယ်မှာ လက်တွေ့ကျကျ တည်ငြိမ်စေမှုနဲ့အတူ ရိုဟင်ဂျာတွေ ဘေးကင်း၊ သိက္ခာရှိစွာ နေရပ်ပြန်မှုအတွက် လက်တွေ့ကျတဲ့ လမ်းပြမြေပုံတခု ဖန်တီးဖို့ ဖြစ်တယ်။
ဒုတိယတခုကတော့ ရိုဟင်ဂျာတို့အပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနှင့် သူတို့ရဲ့ နေရပ်ပြန်မှု စတင်ရေးအတွက် မြန်မာစစ်အုပ်စုနှင့် အေအေ အပေါ် ထိထိရောက်ရောက် ဖိအား ပေးရေး ဖြစ်တယ်” ဟု နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ယူနွတ်က ပြောသည်။
တတိယအချက်အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်စေရေးအတွက် နိုင်ငံတကာ ကူညီထောက်ပံ့မှု ဆော်ဩစည်းရုံးရေးနှင့် တည်ငြိမ်မှု ရှိမှုကို စောင့်ကြည့်ရန် နိုင်ငံတကာ အရပ်ဖက် ရှိနေမှု ထားရှိရေး သူက တောင်းဆိုသည်။ စတုတ္ထအချက်အဖြစ် ရခိုင်လူ့အဖွဲ့အစည်းနှင့် စီမံအုပ်ချုပ်မှု၌ ရိုဟင်ဂျာတို့ကို ပေါင်းထည့်ရေးအတွက် လုပ်ဆောင်ချက်များ တည်ဆောက်ရာတွင် ယုံကြည်မှု အားပေးထောက်ခံရေး ဖြစ်သည်။
ပဉ္စမအချက်အဖြစ် ပူးတွဲ တုံ့ပြန်မှု အစီအစဉ်ကို အပြည့်အဝ ငွေကြေးထောက်ပံ့ရန် အလှူရှင်များ၏ ပါဝင်ထည့်ဝင်မှုများကို ဆော်ဩစည်းရုံးရေး သူက တိုက်တွန်းသည်။ ဆဌမအချက်အဖြစ် တာဝန်ယူ၊ တာဝန်ခံမှု ရှိစေရေး လုပ်ဆောင်ရန်နှင့် တရားမျှတမှု ပြန်ဆောင်ကြဉ်းရန် သူက တောင်းဆိုသည်။
နောက်ဆုံးအချက်အဖြစ် မူးယစ်-စီးပွားရေး ဖြိုဖျက်ရန်နှင့် နယ်နိမိတ် ဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေး လိုအပ်ကြောင်း သူက အလေးပေး ဆိုသည်။
ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများကို ၎င်းတို့၏ မူလဌာနေဆီ နေရပ်ပြန်ပို့ရေးက အကျပ်အတည်းအတွက် တခုတည်းသော ဖြေရှင်းနည်း ဖြစ်ကြောင်းနှင့် လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (အေအေ)က အများအားဖြင့် ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၌ လွန်ခဲ့သည့် ရှစ်နှစ်အကြာက စခဲ့သည့် လူမျိုးတုံးသတ်မှုနောက်ပိုင်း ရိုဟင်ဂျာတို့၏ ဒုက္ခဆင်းရဲတို့က ဆက်ရှိနေကြောင်း ယူနွတ်က ပြောသွားသည်။
“ရိုဟင်ဂျာ အကျပ်အတည်းက မြန်မာမှာ မူလအစပြု ပေါ်ပေါက်တာပါ။ အဲဒီရဲ့ ဖြေရှင်းနည်းက အဲမှာ ရှိနေတယ်” ဟု ယူနွတ်က အဆင့်မြင့်လယ်ဗယ် ကွန်းဖရင့်သို့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ရင်း ပြောသည်။
(Newagebd မှ Yunus calls for exerting pressure on Myanmar, Arakan Army for Rohingya repatriation အား ကိုလူအေးဘာသာပြန်သည်)
Link : Here
No comments:
Post a Comment