BBC
၃၀ စက်တင်ဘာ ၂၀၂၅
အခုသီတင်းပတ်ဟာ နယူးယောက်မြို့ ကုလအထွေထွေညီလာခံ ကျင်းပနေပြီး ကမ္ဘာတလွှားအစိုးရ အသီးသီးရဲ့ ထိပ်တန်းခေါင်းဆောင်တွေ အထွေထွေမူဝါဒ၊ ပြည်တွင်းနဲ့ နိုင်ငံတကာသံခင်းတမန်ခင်းအရေးတွေကို မိန့်ခွန်းပြောနေကြပါတယ်။ အဲဒီထဲမှာ ရိုဟင်ဂျာဒုက္ခတွေကို အများဆုံးလက်ခံထားတဲ့ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြားဖြတ်အစိုးရအဖွဲ့ကို ဦးဆောင်နေသူ မိုဟာမက်ဒ် ယူနွတ်စ်လည်း ပါဝင်ပါတယ်။
အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အ တည်း အကြောင်း အပါအဝင် မြန်မာနိုင်ငံက တခြား လူနည်းစုများအရေး ဆွေးနွေးပွဲ ရှိနေပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံ အဆင့်မြင့်ကိုယ်စားလှယ်အဆင့်နှီးနှောဖလှယ်ပွဲရဲ့ အစိတ်အပိုင်းအဖြစ် ကျင်းပမှာ ဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းက ကိုယ်စားလှယ်တွေစုဝေးကြမှာ ဖြစ်ပါတယ်။
မိုဟာမက်ဒ် ယူနွတ်စ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရရုံးရဲ့ထုတ်ပြန်ချက်အရ နိုင်ငံနဲ့အဖွဲ့ အစည်းပေါင်း ၇၅ က သူတွေ ဒီဆွေးနွေးပွဲမှာ ပူးပေါင်း ပါဝင်ကြမယ့်အကြောင်း အတည်ပြုထားနိုင်တယ်လို့ဆိုပါတယ်။
အဲဒီထဲမှာ နိုင်ငံတွေရဲ့ အမြင့်ဆုံး အစိုးရခေါင်းဆောင် အဆင့်တွေ ပါဝင်မှာ ဖြစ်တယ်လို့ နားလည် ရပါတယ်။
ကွန်ဖရင့်စ် ဖွင့်ပွဲအစီအစဥ်မှာ စကားပြောကြမယ့် သူတွေထဲ ပါမောက္ခ ယူနွတ်စ်လည်း ပါဝင်မှာ ဖြစ်သလို အစ္စလာမစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို တူရကီနိုင်ငံက ကိုယ်စားပြုသွားမှာဖြစ်ပါတယ်။
တခါ ပင်လယ်ကွေ့နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ကို ကိုယ်စားပြုပြီးတော့လည်း ကူဝိတ်နိုင်ငံဟာ ဒီဆွေးနွေးပွဲမှာ ရှိနေမှာ ဖြစ်ပါတယ်။
အခုလို ကုလသမဂ္ဂ ဦးစီးဦးဆောင်လုပ်ပြီး ရိုဟင်ဂျာအရေး ကွန်ဖရင့်စ် လုပ်ရတဲ့ အဓိက ရည်ရွယ် ချက်ကတော့ လက်တွေ့ မြေပြင်မှာ ပေါ်ပေါက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှုထောင့်အမြင် အသီးသီးကို နှီးနှော ဖလှယ်နိုင်ဖို့ ဖြစ်ပါတယ်။
အဲဒီကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ သန်းနဲ့ ချီပြီး ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေး ဘယ်လို ဖြေရှင်း ရမလဲ ဆိုတာကို ဘက်ပေါင်းစုံကနေ ထည့်သွင်း စဥ်းစားထားပြီး ဘယ်အချိန်မှာတော့ဖြင့် ဘယ်အဆင့်ကို အပြီးလုပ်မယ် ဆိုတာမျိုး အချိန်ကာလ အတိတကျ သတ်မှတ်ထားတဲ့ ခိုင်မာတဲ့ လုပ်ငန်းစဥ် ပေါ်ပေါက် လာဖို့ ဖြစ်ပါတယ်။
ကော့ဆက်ဘဇားနယ်ထဲမှာ ရိုဟင်ဂျာ ဒုက္ခသည် ၁.၃ သန်း ဝန်းကျင်ကို နေရာပေးထားရတယ်လို့ ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်ကတော့ ဒုက္ခသည်အရေး သူတို့ အပေါ် ဝန်ပိနေတယ်လို့ ပြောရင်းမှာပဲ ဒုက္ခသည်တွေ ဘေးအန္တရာယ် ကင်းကင်း၊ ဂုဏ်သိက္ခာ ရှိရှိ ကိုယ့်သဘော ဆန္ဒအတိုင်း နေရပ်ရင်း ပြန်နိုင်ဖို့ အရေးကြီးတယ် ဆိုတဲ့ အကြောင်း အခု ဆွေးနွေးပွဲ မတိုင်ခင် အသားပေး ပြောနေခဲ့ပါတယ်။
တခါ ဒုက္ခသည် စခန်းတွေထဲက အခြေအနေတွေကိုကြည့်ရင်လည်း ဒုက္ခသည် ထောက်ပံ့ရေး ရန်ပုံ ငွေတွေ ဖြတ်တောက် ခံနေရပြီး အခြေအနေတွေ ပိုဆိုးလာနေတဲ့အတွက် ဒီအရေးကိစ္စဟာလည်း ဆွေးနွေးပွဲမှာ အဓိက အာရုံစိုက် အလေးပေးပြောရမယ့် အကြောင်းအရာ ဖြစ်နေပါတယ်။
Link : Here
No comments:
Post a Comment