ရှေးအသုံးကတော့ " သား " ဟု ဖြစ်သည်။ ဧရာဝတီသားတို့အား အထက်သား၊ အောက်သား၊ အညာသား၊ အကျေသား၊ မြေလတ်သား ဟုခေါ်၏။ ထို့ကြောင့် ပုဂံသား (ဂံသား)၊ ယောသား၊ အင်းဝသား၊ ထားဝယ်သား၊ ဘိတ်သား၊ တောင်ရိုးသား၊ အင်းသား စသဖြင့်တွင်သည်။ အမှန်ရှိခဲ့သော အသုံးများ ဖြစ်၏။
ဗြိတိသျှတို့ တက်လာသောအခါ တောင်ပေါ် မြေပြန့် ရှိ တောင်ပေါ်သား၊ မြေပြန့်သားများကို လူမျိုးဟု စာရင်း ကောက်တော်မူ၏။ ထိုကား ယနေ့တိုင် ရှင်းမရတော့ပါ။ တိုင်းပြည်လည်း ဗားမားဖြစ်သွားချေ၏။
ပသို့ဆိုစေ လူမျိုး ၁၄၃ ,၁၄၄ ပြောပြော၊ ၁၃၅ ဆိုဆို ကိုယ့်ပြည်ရှိ တိုင်းရင်းသားဆိုသူတို့ကို မည်သူမျှ စေ့ငှအောင် အရေတွတ်တတ် ရှာပါ။ အကြောင်းမူကား မျိုးနွယ်စုများပါ စာရင်းပါ နေခြင်းကြောင့် ဖြစ်ပါသည်။
ရွှေဘို မြောက်လက်သား ကျွန်တော့် အမျိုးများကား ၁၉၇၃ သန်းကောင်စာရင်းတွင် အမှတ်စဉ် ၁၄၁ မြေဒူး ဟု ဖော်ပြခံရ၏။ ထိုသည် မြေဒူးသားကို အမှတ်သညာ ပြုခြင်း ဖြစ်သည်။ သို့ကလိုမို့ ကျွန်တော်သည် မြေဒူးသား ဖြစ်၏။ အမှတ်စဉ် ၁၄၀ ပါ ရခိုင် ကမန်ထက် တပွင့်သာ နိမ့်၏။ (ပသျူး ကိုမူ မတွေ့မိပါ)
သို့ရာတွင် မပုတင် ထုတ်ပေးသောအခါတွင်ကား ဗမာ/ အစ္စလာမ် ဟု ပေး၏။ (မြေဒူး ဟု မရေးပါ၊ ထို့အတူ ဒေသသားတို့ ကလည်း ပသီဟု မခံယူပါ)။
ထို့အတူ တနယ်ထဲသား ရွှေဘိုသား တောင်ငူခေတ် ရောက် ဘုရင်ဂျီများကိုလည်း ဗမာ/ ခရစ်ယာန် ဟုသာ ပေးပါသည်။ မည်သည့် ပြဿနာမျှ မရှိ၍ ပေးတာယူသည် စောဒက မရှိခဲ့ပါ။
တိုက်ဆိုင်၍ အိန္ဒိယနွယ်ဖွားတို့ကို လေ့လာကြည့်သော အခါတွင်လည်း ဥပမာ - စူရပ်နယ်သားက စူရ်တီ။ ပန်ဂျပ် နယ်သားက ပန်ချာပီ။ မဒရပ် နယ်သားက မန်ဒရာဆီ ဟု ဒေသ "သား" အခေါ်များသာတွေ့ရ၏။ (မှားလျှင်လည်း ပြင်ပေးပါ)
ဤသို့ ဖြစ်တည်နေဆဲတွင် ကံဆိုးစွာ ၁၉၈၈ ခု ၌ အာဏာသိမ်း အစိုးရကြီးတက်လာ၏။ ပြည်သူများ ဒီလောက် ညီရပါမလားဆိုကာ ထောက်လှမ်းရေးနှင့် ကြံ့ခိုင်ရေးပေါင်း၍ ကုလား ဗမာ ဇာတ်ထုတ်ကို စ,ခင်းလေ၏။ အမျိုးများ မပုတင် ခက်ကုန်သည်။ သို့အစား ကြံ့ခိုင်ရေး ကဒ်များထုတ်ပေးလေရာ အလံရှူးများ လော်ဘီဖြင့် ဒီကဒ်က မပုတင်ထက် မာတယ် ဖြစ်ကာ အချို့ တရွာလုံး ပြည်ခိုင်ဖြိုး အသင်းသားများ ဖြစ်ကုန်၏။ (ခရီးသွားချင် သကိုး)
မကြာပါ။ ကျောချတာ ဓမြမှန်း မသိပေမဲ့ ဋ္ဌာန ဆိုင်ရာရှိ လျှို့ဝှက် အမိန့်ညွှန်ကြားချက်ကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ကြရ၏။ ကိုးကွယ်သည့် ဘာသာ အစ္စလာမ် ဆိုက (၁) + အိန္ဒိယ (၂) + ပါကစ္စတန် (၃) + ဘင်္ဂလားရ်ှေ ကို သမခွဲတမ်းကဲ့သို့ ဗမာနှင့် ပလပ်စ်ပြု တွဲယူရန် ပြောင်ပြောင် လုပ်လာကြသည်။ လော်ဘီတို့ကတော့ မရတာထက် စာလျှင် ရတာကောင်း၏ဟု လော်၏။
စောင့်လေမျိုးနွယ် အမျိုးအများစုတို့ကား ခေတ်ကလေးများ ကောင်းလာလေနိုး တောင့်ခံထားဆဲ ဖြစ်၏။ ဤမဲဆန္ဒရှင်တို့ အတွက်ကား အမတ်မင်းများလည်း မစွမ်းသာ။ နားလည်ပုံလည်း မရ။
ပုံမှာ - ၁၉၇၃ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ဗိုလ်တထောင် သတင်းစာပါ ပြည်ထောင်စုသား စာရင်းနှင့်
ဝီကီပါ ၁၉၂၁ သန်းကောင်စာရင်းပါ မြေဒူး
Crd KyawGyiAB
No comments:
Post a Comment