Monday, December 16, 2024

စစ်ကောင်စီအကြီးအကဲကို ICC ဖမ်းဝရမ်းထုတ်ဖို့ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၆ ဒီဇင်ဘာ၊ ၂၀၂၄ 
ကုလ မြန်မာ့လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews 
 
မြန်မာနိုင်ငံအတွင်း ဥပဒေစိုးမိုးမှုရှိလာစေရေးအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကတရားစွဲ ရှေ့နေချုပ် Karim Khan က စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ပေးဖို့ ကြိုးပမ်းဆောင်ရွက်မှုကို အခွင့်ကောင်းယူ လုပ်ဆောင်သင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးမှူး Tom Andrews က ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်ကောင်စီအကြီးအကဲကို ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုမှုဟာ ကာလရှည်ကြာ စောင့်ဆိုင်းလာခဲ့ရတဲ့ အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့လည်း Tom Andrews က ပြောပါတယ်။

ဒီလိုအခွင့်အရေးမျိုးကို လက်လွတ် ဆုံးရှုံးမခံသင့်ကြောင်း၊ ဖမ်းဝရမ်းထုတ်ဖို့ ICC တရားစွဲ ရှေ့နေ ချုပ် ရဲ့ မဆုတ်မနစ် ကြိုးပမ်း ဆောင်ရွက်မှုအပေါ် အားရကျေနပ်မိကြောင်းနဲ့ ဒီကိစ္စ အမြန်ဆုံး ပြီးမြောက် အောင်မြင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။ ICC ရဲ့ ဒီဆောင်ရွက်မှုအ ကောင်အထည် ဖော်နိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းက ဝိုင်းဝန်း ကူညီဆောင်ရွက်ကြဖို့ အရေးကြီးကြောင်းလည်း Tom Andrews က ပြောပါတယ်။

မြန်မာ စစ်ကောင်စီအကြီးအကဲကို ဖမ်းဝရမ်းထုတ်ပေးဖို့ ICC တရားစွဲရှေ့နေချုပ် Karim Khan က နိုဝင်ဘာ ၂၇ ရက်နေ့မှာ လျှောက်ထားခဲ့တာပါ။ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့် တပ်ဖွဲ့တို့က ရိုဟင်ဂျာနဲ့ ရိုဟင်ဂျာမဟုတ်တဲ့ အရပ်သားပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အသေးစိတ် သီးခြားလွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေလုပ်ခဲ့အပြီး တာဝန်ရှိသူအဖြစ် စစ်ကောင်စီခေါင်းဆောင်ကို ဖမ်းဝရမ်းတောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း Karim Khan ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */