BBC
၂၃ ဧပြီ ၂၀၂၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းထဲက အမျိုးသမီးငယ် အယောက် ၁၀၀ ကို ကူဝိတ်ဘဏ် (KFH) က ၄ နှစ်ကြာတက္ကသိုလ် ပညာသင်ဆု ပေးအပ်မယ့်အကြောင်း ကူဝိတ်လခြမ်းနီအဖွဲ့(KRCS)က ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာပါတယ်။
ကူဝိတ်လခြမ်းနီအဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်အာရှတက္ကသိုလ်တို့ကြား သဘောတူညီချက်တစ်ရပ် လက်မှတ် ထိုးအပြီးမှာ အခုအစီအစဉ်ထွက်ပေါ်လာတာပါ။
လူတိုင်းပညာသင်ခွင့်ရှိရေးအရေးကြီးသလို အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခဒဏ်ခံစားနေရသူတွေဟာ ပညာသင် အခွင့်အလမ်းပိုရသင့်တယ်ဆိုပြီး ပညာသင်ဆုပေးမယ့်အစီအစဉ်နဲ့ပတ်သက်လို့ ကူ ဝိတ်လခြမ်းနီအဖွဲ့အထွေထွေ အတွင်းရေးမှူးချုပ်က ပြောပါတယ်။
၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက် ပြေးသွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းကျော်ရှိပြီး အများစုဟာ ကော့ဘဇားခရိုင်ထဲမှာရှိတဲ့ အဖြစ်သာသာဆောက်ထားတဲ့ တဲတွေမှာ နေထိုင်နေကြရပါတယ်။
ဒုက္ခသည်စခန်းတွေထဲက ပညာသင်ခွင့်မရတဲ့ရိုဟင်ဂျာလူငယ်တွေ ၅ သိန်းလောက်ဟာ ပျောက်ဆုံးမျိုးဆက်ဖြစ်လာနိုင်တယ်ဆိုပြီး ဒီလူငယ်တွေ ပညာသင်ကြားခွင့်ရဖို့ တက်ကြွလှုပ်ရှားသူတွေက တစိုက်မတ်မတ် စည်းရုံးလှုံ့ဆော်ခဲ့တာပါ။
အရင်တုန်းကလည်း ပညာရေးကိုခုံမင်တဲ့ ရိုဟင်ဂျာ လူငယ်တချို့ဟာ ဘင်္ဂလားဒေ့ရှ် မှတ်ပုံတင်တွေလုပ်ပြီး ကျောင်းတွေမှာ ပညာသင်ခွင့်ရအောင် ကြိုးပမ်းတာတွေရှိခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ ဘင်္ဂလားဒေ့ရှ် ဘက်က ဒေသန္တရစာသင်ကျောင်းတွေမှာ ရိုဟင်ဂျာကလေးတွေ အားလုံးကို စာမသင်ပေးဖို့ အမိန့်တွေ ထုတ်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်မှာတော့ ဒုက္ခသည်စခန်းတွေမှာ အသက် ၁၁ နှစ်ကနေ ၁၃ နှစ်ကြား ရိုဟင်ဂျာလူငယ်တွေ ကျောင်းနေခွင့်ကို ဘင်္ဂလားဒေ့ရှ်ဘက်က ဖြေလျှော့ပေးခဲ့လို့ အဲဒီနှစ် ဧပြီလကစလို့ စခန်းတွေက ၆ တန်းကနေ ၉ တန်းအထိရှိမယ့် ရိုဟင်ဂျာကလေးငယ် ၁၀,၀၀၀ ကို မြန်မာသင်ရိုးနဲ့သင်ပေးမယ့် ရှေ့ဆောင်ပညာရေးအစီအစဉ် စမယ်လို့ ကုလကလေးသူငယ်အကူအညီပေးရေးအဖွဲ့ (UNICEF) က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Link : Here
No comments:
Post a Comment