Wednesday, November 27, 2024

မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် ICC ရှေ့နေချုပ် လျှောက်ထား၊ ဖမ်းဝရမ်းထွက်လာလျှင် မင်း အောင်လှိုင် နိုင်ငံတကာတရားခံပြေးဖြစ်လာမည်

MPA
by Shine Bu Chay
Nov 27, 2024

ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအတွက် ‌အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ( ICC )၏ရှေ့နေချုပ်က ICCသို့ ယနေ့ (နိုဝင်ဘာ ၂၇ရက်) လျှောက်ထားခဲ့ကြောင်း သိရသည်။

၂၀၁၆နှင့် ၂၀၁၇ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာ များ အစုလိုက်အပြုံလိုက် စွန့်ခွာပြေးမှုများကို ICC က ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် စတင် စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

“ လွန်ခဲ့တဲ့ရက်ပိုင်းက ရှေ့နေချုပ်က ဘင်္ဂလားဒေ့ရှ်ကိုသွားတယ်။ စုံစမ်းစစ်ဆေးမှုကို အဆုံးသတ်ပြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ လျှောက်ထားတယ်။ လပိုင်းအတွင်းမှာ ဖမ်းဝရမ်းထွက်လာပါလိမ့်မယ်” ဟု Free Rohingya Coalition ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က MPA ကို ပြော သည်။

ယင်းလျှောက်ထားခြင်းသည် မြန်မာအစိုးရ ထိပ်တန်းအရာရှိတစ်ဦးကို ICCက ပထမအကြိမ် ဖမ်းဝရမ်းလျှောက်ထားခြင်း ဖြစ်ပြီး ထပ်မံ လျှောက်ထားမှုများ လာဦးမည် ဖြစ်ကြောင်း သိရသည်။

“ ဖမ်းဝရမ်းထွက်လာရင် မင်းအောင်လှိုင်က နိုင်ငံတကာ တရားခံပြေးဖြစ်လာမယ်။ ရောမစာချုပ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေဆီ သွားမရတော့ဘူး။ လက်မှတ်မထိုးထားတဲ့နိုင်ငံတွေကလည်း ဖမ်းပေးနိုင်တဲ့အနေအထားဖြစ်လာပြီဆိုတော့ မင်းအောင်လှိုင်အတွက် မြန်မာနိုင်ငံက အမိုးပွင့်အကျဉ်း ထောင်တစ်ခုဖြစ်လာမယ်” ဟု ရိုနေဆန်းလွင်က ပြောသည်။

ရောမစာချုပ်သည် ICC က ပြုလုပ်ထားသည့် နိုင်ငံအချင်းချင်း သဘောတူစာချုပ်ဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုနှင့် စစ်အင်အားကို အသုံးပြုပြီး ကျူးလွန်သည့် ပြစ်မှုများအပါအဝင် ရက်စက်သည့် ပြစ်မှုများ ကျူးလွန်သည့်အခါ တရားစွဲဆိုခြင်းဖြစ်သည်။

ယခုအမှုသည် ရိုဟင်ဂျာအမှုဖြစ်သော်လည်း မင်းအောင်လှိုင်သည် အာဏာကိုဆက်လက် ထိန်းသိမ်းရန် ခက်ခဲလာမည်ဖြစ်ပြီး လက်လွှတ်ရန် ဖိအားဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ရိုနေဆန်းလွင်ကဆက်ပြောသည်။

ယနေ့လျှောက်ထားချက်သည် လူသက်သေများစွာ၏ ထွက်ဆိုချက်များ၊ သတင်းမှတ်တမ်းဆိုင်ရာ သက်သေ အထောက်အထားများနှင့် ဓာတ်ပုံနှင့် ဗီဒီယို အချက်အလက်များအပေါ် အခြေခံထားခြင်းဖြစ်ကြောင်း သိရသည်။

မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် လိုအပ်သည့်စံနှုန်းများနှင့် ကိုက်၊မကိုက် ICC တရားသူကြီး များက ဆုံးဖြတ်ကြမည်ဖြစ်သည်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */