Sunday, November 17, 2024

ထိုင်းတောင်ပိုင်း ရောက်လာတဲ့ မွတ်ဆလင် ၇၀ ကို ထိုင်းဖမ်းဆီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၁၆ နိုဝင်ဘာ၊ ၂၀၂၄ 

တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာများကို ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းစဉ် (ပုံဟောင်း)

မြန်မာနိုင်ငံကလို့ ယူဆရတဲ့ ရိုဟင်ဂျာ ၇၀ ကို နိုင်ငံတောင်ပိုင်းက ကျွန်းတခုပေါ်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ပြောပါတယ်။ ထိန်းသိမ်းခံရသူတွေထဲ ကလေးငယ် ၃၀ လည်း ပါဝင်တယ်လို့ ပြောပါတယ်။
ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ သူတို့ဟာ မြန်မာနိုင်ငံကလာတဲ့ မွတ်ဆလင်တွေဖြစ်ပြီး မလေးရှား၊ ဒါမှမဟုတ် အင်ဒိုနီးရှားကို သွားဖို့ဖြစ်တယ်လို့ သိရှိရကြောင်း (Phang Nga) ဖန်ငခရိုင် ရဲမှုးကြီး Somkane Phothisri က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ သူတို့ဟာ ရိုဟင်ဂျာတွေလား၊ ဒါမှမဟုတ် မြန်မာနိုင်ငံကနေ တရားမဝင် ခိုးဝင်လာကြသူတွေလားဆို သူတို့အနေနဲ့ ကွဲကွဲပြားပြား မသိရသေးကြောင်း၊ အဲဒီအတွက် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေကြောင်းလည်း (Phang Nga) ဖန်ငခရိုင် အုပ်ချုပ်ရေးမှူး Supoj Rodrung na Nongkhai ကပြောပါတယ်။

ကလေးငယ်တွေကို လူမှုဖူလုံရေးဌာနက စောင့်ရှောက်ပေးထားမှာဖြစ်တယ်လို့လည်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရိုဟင်ဂျာတွေဟာ အခုလို ရာသီဥတုကောင်းမွန်ပြီး လှိုင်းငြိမ်တဲ့ အောက်တိုဘာလကနေ ဧပြီလတွေအတွင်း အိမ်နီးချင်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေကို ခနော်နီခနော်နဲ့ လှေကလေးတွေနဲ့ သွားဖို့ကြိုးစားကြလေ့ ရှိပါတယ်။ မွတ်ဆလင် အများစုနေထိုင်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီကို ရေလမ်းကနေသွားဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။

အောက်တိုဘာလတုန်းကလည်း အင်ဒိုနီးရှားနိုင်ငံ ကမ်းခြေတွေကို လှေစီးပြေးရိုဟင်ဂျာ ရာနဲ့ချီရောက် လာခဲ့ပါတယ်။ လူကုန်ကူးတွေက သူတို့ကို ကမ်းခြေနားမှာ စွန့်ထားခဲ့တာလို့ အဲဒီ ရိုဟင်ဂျာတွေက ပြောပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */