BBC
၂၇ သြဂုတ် ၂၀၂၄
ပြီးခဲ့တဲ့နှစ်တွေအတွင်း အသက်ရှင်ရပ်တည်ဖို့ ရေကြည်ရာ မျက်နုရာကို အသက်စွန့်ပြီး ပင်လယ်ပြင်ကို လှေနဲ့ဖြတ်ကြတဲ့ ရိုဟင်ဂျာတွေ ထောင်နဲ့ချီ ရှိတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်
ရခိုင်ပြည်နယ်မှာအခြေစိုက်တဲ့ အာရက္ခတပ်တော်(အေအေ)ရဲ့ ရိုဟင်ဂျာအရပ်သားတွေအပေါ် ကျူး လွန်တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ်သက်လို့ စုံစမ်းဖော်ထုတ်ပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်နေတဲ့ Fortify Rights အဖွဲ့က နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကို ဒီနေ့ သြဂုတ် ၂၇ ရက်စွဲနဲ့ တောင်းဆိုလိုက်ပါတယ်။အခုလအစောပိုင်းတုန်းက အေအေနဲ့ စစ်တပ်တို့ကြားက တိုက်ပွဲကြောင့် မောင်တောက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးကြတဲ့ ရိုဟင်ဂျာအရပ်သားတွေကို အေအေက အင်အားသုံးပြီး တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ Fortify Rights က ပြောပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရော အေအေတပ်ခေါင်းဆောင်တွေအနေနဲ့ ရိုဟင်ဂျာတွေအပေါ် အစုလိုက် အပြုံ လိုက်သတ်ဖြတ်တာမဖြစ်အောင် အစွမ်းကုန်တားဆီးနိုင်ဖို့လိုတဲ့အကြောင်း Fortify Rights ရဲ့ အမှုဆောင် အရာရှိချုပ် Matthew Smith က အခုလိုပြောပါတယ်။
“ICC မှာ ရိုဟင်ဂျာတွေကို ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အတင်းအကြပ်ပြန်ပို့တာတွေကို စုံစမ်းစစ်ဆေးဖို့ အကန့်အသတ်မရှိစီရင်ပိုင်ခွင့်ရှိတဲ့အကြောင်း အသိပေးလိုတယ်” လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၅ ရက် နဲ့ ၆ ရက်တုန်းက မောင်တောမြို့နယ်က ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံပြီး အင်အားအလွန်အကျွံသုံးတိုက်ခိုက်ခဲ့တာကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာတွေကို Fortify Rights က ကနဦး စုံစမ်းဖော်ထုတ်နိုင်ခဲ့တာပါ။
အဲဒီနှစ်ရက်အတွင်း မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ အမျိုးသ မီး၊ ကလေးသူငယ်နဲ့ အမျိုးသားအပါအဝင် အယောက် ၁၀၀ ကျော်ကို အေအေ က ဒရုန်းသုံးတိုက် ခိုက် တာအပြင် ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ တွေ့ရှိထားတာပါ။
ဘီဘီစီရဲ့ တောင်အာရှနဲ့ ပါကစ္စတန်နိုင်ငံဆိုင်ရာ သတင်းထောက် ဖြစ်တဲ့ ယိုဂီတာ လမား ရဲ့ ဘင်္လားဒေ့ရှ် - မြန်မာနယ်စပ်ကနေ ပေးပို့တဲ့သတင်းအရလည်း အေအေက ကျူးလွန်ခဲ့တယ်လို့ ရိုဟင်ဂျာတွေက ထုတ်ဖော်ပြောခဲ့ကြပါတယ်။
No comments:
Post a Comment