RFA
RFA Burmese
2024.08.27
မောင်တောမြို့နယ်မှ ရိုဟင်ဂျာများကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် ကယ်ထုတ်ပေးနေစဉ်။ Screenshot from Arakan Bay News's Video
ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်က
ရိုဟင်ဂျာတွေဟာ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ကတည်းက စစ်တပ်ရဲ့
နယ်မြေရှင်းလင်းရေးကြောင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို
ထွက် ပြေးခဲ့ရပြီး အခု ခုနစ်နှစ်အကြာမှာလည်း တိုက်ပွဲတွေကြောင့်
ဘေးလွတ်ရာထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။
အခုနှစ်၊
သြဂုတ်လ ၄ ရက်နေ့ကစပြီး မောင်တောမြို့ကို အာရက္ခတပ်တော် (AA) က
ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ရိုဟင်ဂျာတွေဟာ အစုလိုက်၊ အပြုံလိုက်
ထပ်မံထွက်ပြေးကြရတာပါ။
ရိုဟင်ဂျာ
သုံးထောင်ကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးနေရပြီး မြို့ထဲမှာ
ပိတ်မိနေသူတွေလည်း ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးဖို့ နတ်မြစ်ကမ်းမှာ
စောင့်နေကြတယ်လို့ အဲဒီမှာရှိတဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။
"ခုနစ်နှစ်တောင်ရှိသွားပြီ။ ကျွန်တော်တို့ အခုအထိ တရားမျှတမှုမရဘူး"
အဲဒီအထဲက ရိုဟင်ဂျာနှစ်သောင်းခန့်ကိုတော့ လှဖိုးခေါင်ကယ်ဆယ်ရေးစခန်းနဲ့ နီးစပ်ရာကျေးရွာတွေမှာ AA က နေရာချပေးထားတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာအနေနဲ့ ခုနစ်နှစ်ကြာတဲ့အထိ စစ်ကောင်စီတပ်ကို ထိထိရောက်ရောက် အရေးမယူနိုင်တာကြောင့် အခုလို ရိုဟင်ဂျာတွေ ဆိုးဆိုးဝါးဝါး ဒုက္ခကြုံနေရတာလို့ မိုဟာမက် ဟူစိန်လို့ အမည်လွှဲထားတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာနေထိုင်သူ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကောင်စီတပ်က
လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်လာတာ အခုဆိုရင် ခုနစ်နှစ်ကျော်ကျော်တောင်
ရှိလာပြီ။ ပြီးတော့ သူတို့က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတော့
မြန်မာတစ်နိုင်ငံလုံးမှာလည်း လူ သတ်မှုတွေ၊ နေအိမ်တွေကို မီးရှို့မှုတွေ
ဒါတွေကို ကျူးလွန်လာပြီ။ အလားတူ ရခိုင် ပြည် နယ်မှာလည်း ဒီလိုမျိုးလုပ်လာတယ်။
ဒါက ဘာကြောင့် ဒီလိုဖြစ်လာလဲဆိုရင် နှစ်ပေါင်း ခုနစ်နှစ်တောင်ရှိသွားပြီ
ကျွန် တော်တို့ အခုအထိ တရားမျှတမှုမရဘူး။ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီတပ်ကို
နိုင်ငံတရာခုံရုံးမှာ မြန်မြန်ဆန်ဆန် အရေးယူမှုတွေလုပ်မယ်ဆိုရင်
မြန်မာနိုင်ငံရဲ့အခြေ အ နေက ဒီလိုဆိုးဆိုးဝါးဝါးဖြစ်လာမှာ မဟုတ်ပါဘူး။
ဒါကြောင့် နိုင်ငံတကာရဲ့ အားနည်းချက်တွေ အများကြီးရှိတယ်လို့ မြင်ပါတယ်”
ရိုဟင်ဂျာတွေဟာ
၂၀၁၇ ခုနှစ်ကလည်း စစ်တပ်ရဲ့ရက်စက်မှုတွေကို ဆိုးရွားစွာခံခဲ့ရပြီး အခု
တိုက်ပွဲကြားမှာလည်း စစ်ဘေးဒဏ်ကို ကြုံတွေ့နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
မောင်တောမြို့မှာ ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။

မြို့ဧရိယာအားလုံးနီးပါးကို AA ကထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ရိုဟင်ဂျာတွေကတော့ မြို့မှာ တစ်ခုတည်းသာကျန်ရှိတော့တဲ့ အမှတ် (၅) နယ် ခြားစောင့်ရဲစခန်းမှာ နေရာယူထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း AA ကယ်ထုတ်ထားတဲ့ ရိုဟင်ဂျာနှစ်သောင်းခန့်ကတော့ AA ထိန်းချုပ်ရာ လှဖိုးခေါင် ဒုက္ခသည်စခန်းနဲ့ ရိုဟင်ဂျာရွာတွေမှာ ရှိနေတယ်လို့ မောင်တောမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
သြဂုတ်လ ၂၆ ရက်နေ့က မောင်တောမြို့ပေါ်မှာ စစ်ကောင်စီတပ်အပြင် စစ်ကောင်စီတပ်ကသင်တန်း ပေးထားတဲ့ ရိုဟင်ဂျာတွေ၊ ARSA၊ RSO၊ ARA စတဲ့ မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ (AA) က မနေ့မှပဲ ထုတ်ပြန်ထားပါတယ်။
ဆက်နွှယ်သောသတင်းများ
- ရခိုင်တိုက်ပွဲကြားမှာ မြေစာပင်ဖြစ်နေတဲ့ ရိုဟင်ဂျာများ
- ရိုဟင်ဂျာတွေ သေဆုံးမှု AA ကနဦး စစ်ဆေးဆန်းစစ်ချက် ထုတ်ပြန်
- ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ BHRN တောင်းဆို
မောင်တောမြို့ရဲ့ လက်ရှိတိုက်ပွဲခြေအနေနဲ့ ရိုဟင်ဂျာတွေကိုကယ်ထားတယ်ဆိုတဲ့အပေါ် တိတိကျကျသိရဖို့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းပြန်ဖြေဆိုခြင်း မရှိသေးပါဘူး။
AA ရဲ့ ထုတ်ပြန်ချက်အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့လည်း လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တန်ခါလီဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ရိုဟင်ဂျာလူငယ်များအစည်းအရုံး ညွှန်ကြားရေးမှူး ကိုခင်မောင်ကတော့ ရိုဟင်ဂျာတွေဟာ တိုက်ပွဲကြားမှာ မြေစာပင်လို ဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။
“ရိုဟင်ဂျာတွေကတော့ နှစ်ဖက်တိုက်ပွဲတွေကြားမှာ မြေစာပင်ဖြစ်နေတာလေ။ အခု ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ ရိုဟင်ဂျာတွေကတော့ စားရေး၊ သောက်ရေး လုံးဝအဆင်မပြေဘူး။ နိုင်ငံတကာအနေနဲ့ အဲဒီမှာရှိနေတဲ့သူတွေကို စားရေးသောက်ရေး အဆင်မပြေအောင် လုံလုံလောက်လောက်ထောက်ပံ့ဖို့ရယ်၊ စစ်ကောင်စီရော၊ AA ရော နောက်ထပ် လူသတ်မှုတွေ၊ ကျူးလွန်မှုတွေ မလုပ်ဖို့အတွက် ကျွန် တော်တို့ မေတ္တာရပ်ခံလိုပါတယ်”
မောင်တောတိုက်ပွဲအတွင်း မြို့ပေါ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးချိန် လက်နက်ကြီးကြောင့် ရိုဟင်ဂျာရာနဲ့ချီ သေဆုံးခဲ့တယ်လို့ ရိုဟင်ဂျာတွေက ပြောပါတယ်။
သြဂုတ်လ ၅ ရက်နဲ့ ၆ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးတဲ့ ရိုဟင်ဂျာတွေကို (AA) က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် နတ်မြစ်ထဲမှာ စက်လှေတိမ်းမှောက်ပြီး ရိုဟင်ဂျာငါးဆယ်ခန့် သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

နတ်မြစ်အနီး ရေနစ်သေဆုံးသွားသည့် ရိုဟင်ဂျာဒုက္ခသည် ရုပ်အလောင်းများအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)
AA ကတော့ ဒီပစ်ခတ်မှုကို သူတို့လုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အမေရိကန်အထူးသံအမတ်ကြီးကတော့ ၂၀၁၇ ခုနှစ်က လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်ခံရတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရဖို့ နောက်ကွယ်ကနေ ကြိုးပမ်းအားထုတ်နေတယ်လို့ သြဂုတ်လ ၂၁ ရက်နေ့မှာ RFA ကို ပြောထားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲ ကိုးလကျော်အတွင်း ရခိုင်ပြည်နယ်ထဲက ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြေပုံနဲ့ ရမ်းဗြဲမြို့အပြင် ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်တွေကို AA က သိမ်းပိုက်ထားပါတယ်။
ဆက်နွယ်သောသတင်းများ
- ရခိုင်တိုက်ပွဲကြားမှာ မြေစာပင်ဖြစ်နေတဲ့ ရိုဟင်ဂျာများ
- မောင်တောမှာ ရိုဟင်ဂျာ ရာနဲ့ချီ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သေဆုံးမှုရှိနေ
- မောင်တော တိုက်ပွဲရှောင်ထွက်ပြေးရင်း ရိုဟင်ဂျာသုံးဆယ်ကျော် လှေမှောက်သေဆုံး
- ရိုဟင်ဂျာတွေကို ထပ်မံလက်မခံတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရပြော
- ရိုဟင်ဂျာ တစ်သောင်းကျော် ခေါ်ထုတ်ပြီးနောက် မောင်တောရပ်ကွက်အချို့ AA ထိန်းချုပ်
No comments:
Post a Comment