RFA
ဝေမာထွန်း(ဝါရှင်တန်ဒီစီ)
2024.08.06
မောင်တောမြို့နယ် နတ်မြစ်အနီး သေဆုံးသွားသည့် ရုပ်အလောင်းများအနီးတွင် ရိုဟင်ဂျာအမျိုးသမီးအား တွေ့ရစဉ်။ Photo: AFP
အဲဒီပစ်ခတ်မှုကြောင့် စက်လှေတစ်စီး နစ်မြုပ်ခဲ့သလို မြစ်ကမ်းဘေးက လူအုပ်ထဲကိုပါ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စုစုပေါင်း လူနှစ်ရာလောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲက အသက်ရှင်လွတ်မြောက်ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ရိုဟင်ဂျာလူငယ် ဟာဆန်က ဒီပစ်ခတ်တာဟာ စစ်ကောင်စီဘက်က မဟုတ်ဘဲ AA က ပစ်ခတ်ခဲ့တာလို့ RFA ကို ပြောပါတယ်။
“ဒုံးနဲ့စစ်တပ်က တိုက်ခိုက်တာတော့ မရှိဘူး။ AA ကပဲပစ်တာပါ။ ကျွန်တော်တို့အသက်ရှင်ဖို့အ တွက်ပဲ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်လာတာပါ။ စစ်တပ်နဲ့ AA ကြားတိုက်ပွဲဖြစ်တဲ့အခါ AA တွေကလည်း ရိုဟင်ဂျာ ရွာတွေကို ခြေကုတ်ယူကြတယ်။ စစ်တပ်ကလည်း ရိုဟင်ဂျာရွာကို ခြေကုပ်ယူကြတယ်။ သေဆုံးတာတော့ ကျွန်တော်တို့ ရိုဟင်ဂျာတွေပဲ သေဆုံးကြတယ်”
ဒီလိုတိုက်ခိုက်ခံရပြီးနောက် နတ်မြစ်အနီးမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ကူးဖို့စောင့်ဆိုင်းနေတဲ့ ရိုဟင်ဂျာ သောင်းနဲ့ချီ ရှိနေသေးတယ်လို့လည်း ဟာဆန်က ပြောပါတယ်။
သူနဲ့အတူ ရိုဟင်ဂျာ ၁၁၇ ယောက်ကတော့ စက်လှေ သုံးစီးလုံးနဲ့ ဘင်္ဂလားဒေ့ရှ်ဘက် ကမ်းကပ်လို့မရ ခဲ့တာကြောင့် နတ်မြစ်အလယ်မှာပဲ တစ်ညလုံး နေခဲ့ရတယ်လို့လည်း ဆိုပါတယ်။ အဲဒီနောက် ကျန်နေတဲ့ စက်လှေတွေကို မြန်မာဘက်ခြမ်းကနေ AA က လက်နက်ကြီးနဲ့ ထပ်ပစ်လို့ နောက်ထပ် တစ်ယောက် သေဆုံးခဲ့ပြီး တစ်ယောက်ကတော့ ဒဏ်ရာရခဲ့ပါတယ်။ ဟာဆန်အပါအဝင် ကျန်တဲ့ ရိုဟင်ဂျာ ၁၁၆ ယောက်လုံး ဩဂုတ် ၆ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတစ်ခုကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
- ဘူးသီးတောင်မှာ မေ ၁၇ ရက်က ဘာတွေဖြစ်ခဲ့သလဲ
- မောင်တောမှာ ARSA အဖွဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ငါးဦးသေဆုံး
- ရိုဟင်ဂျာတွေကို အဓမ္မစစ်မှုထမ်းခိုင်းတာရပ်တန့်အောင် စစ်ကောင်စီကို ဖိအားပေးဖို့တောင်းဆို
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး ကလည်း ဒေသခံတွေ ပြောပြချက်အရ အာရက္ခတပ်တော် (AA) က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ သိထားကြောင်း ပြောပါတယ်။
“အရပ်သားပြည်သူတွေပြောတာက AA က လက်နက်ကြီးကျတယ်လို့။ ကျွန်တော်လည်း အဲ့လိုပဲကြားတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ဘယ်ကဖြစ်တာလဲ။ ဘယ်သူကဖြစ်တာလဲ။ ဘယ်နေရာမှာ ဖြစ်တာလဲ တာဝန်ယူမှု၊ တာဝန်ခံမှုတော့ရှိဖို့လိုတာပေါ့”
မောင်တောကနေ ဘင်္ဂလားဒေ့ရှ်ကိုသွားဖို့ လူတစ်ဦးကို ငွေကျပ် ရှစ်သိန်းဝန်းကျင်ကုန်ကျပြီး ငွေကြေးမတတ်နိုင်သူတွေကတော့ မောင်တောမြို့ပေါ်မှာ ကျန်နေသေးတယ်လို့ ဟာဆန်ကပြောပါတယ်။
နှစ်ရက်အတွင်း လူတစ်ထောင်လောက် ဘင်္ဂလားဒေ့ရှ်ကို ရောက်လာတယ်လို့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကို ရောက်ရှိနေသူတစ်ဦး က ပြောပါတယ်။
“မနေ့က ၅ ရက်နေ့နဲ့ ဒီနေ့ ၆ ရက်နေ့အတွင်းမှာ လူတစ်ထောင်လောက် ဒီဘက်ကို ရောက်လာတာတွေ့ရတယ်။ ကျွန်တော်တို့ကိုယ်တိုင် ဒီနေ့မနက် ၈ နာရီလောက်မှာ မောင်တောဘက်က ထွက်ပြေးလာတဲ့ မိသားစု သုံးလေးစုနဲ့ တွေ့ခဲ့တယ်။ AA က စစ်ကောင်စီနဲ့ မတိုက်ခိုက်ဘဲ၊ စစ်ကောင်စီကို မပစ်ခတ်ဘဲ အရပ်သား ရိုဟင်ဂျာတွေနေထိုင်တဲ့နေရာ၊ နောက် ဒီဘက်ကို အသက်လု ပြေးလာတဲ့ရိုဟင်ဂျာတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်”

ရိုဟင်ဂျာတွေ ပြောဆိုချက်နဲ့ ပတ်သက်လို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က တယ်လီဂရမ်ကနေ တစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။
ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်ကတော့ AA က ရိုဟင်ဂျာတွေကို ရည်ရွယ်တိုက် ခိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ ဒီကျူးလွန်မှုတွေကို နိုင်ငံတကာအစိုးရတွေဆီ သတင်းပို့ထားတယ်လို့လည်း သူက ဆိုပါတယ်။
“ကျွန်တော်တို့ကတော့ နိုင်ငံတကာမှာရှိသမျှအစိုးရ၊ ကျွန်တော်တို့နဲ့ ချိတ်ဆက်ထားတဲ့အစိုးရတွေ၊ အနောက်နိုင်ငံက အစိုးရတွေ၊ အာဆီယံမှာ ကျွန်တော်တို့နဲ့ ချိတ်ဆက်ထားတဲ့အစိုးရတွေ အကုန်လုံးကို ကျွန်တော်တို့ ဒီအခြေအနေမှန်ကို သတင်းပို့နေတယ်။ သူတို့ဘက်ကလည်း ဆက်သွယ်ပြီး AA ကိုဖျောင်းဖျဖို့ လုပ်နေတဲ့အနေအထား။ အခုအချိန်မှာ Genocide လို့မပြောသေးရင်တောင် လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု Crimes against Humanity နောက် War Crime ရာဇ ဝတ်မှု ကြီးကြီးတွေကို သူတို့ကျူးလွန်နေတာ။ ဒါတွေကို ရပ်တန့်ဖို့ ကျွန်တော်တို့က နီးစပ်ရာ နီး စပ်ရာကို ပြောနေတာ။ ဒါပေမဲ့ အခြေအနေက ဘာမှထူးခြားတာမရှိဘူး။ တစ်ရက်ထက်တစ်ရက်ပိုဆိုးလာတယ်”
လတ်တလော မောင်တောမြို့နယ်မှာတော့ တိုက်ပွဲပြင်းထန်နေတဲ့ မောင်နီ၊ ရွှေဇား စတဲ့ကျေးရွာတွေက ဒေသခံတွေဟာ မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာတစ်သန်းနီးပါး ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိနေကြပါတယ်။ အဲဒီရိုဟင်ဂျာတွေ နေရပ်မပြန်နိုင်ခင်မှာပဲ မောင်တောမြို့သိမ်းပိုက်နိုင်ဖို့ AA က အပြင်းအထန် တိုက်ခိုက်နေချိန်ဖြစ်တဲ့အတွက် ဒေသခံ ရိုဟင်ဂျာတွေဟာ အလုံးအရင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကို ထပ်မံထွက်ပြေးဖို့ ကြိုးစားနေကြတာလို့ သိရပါတယ်။
ဆက်နွယ်သောသတင်းများ
- ဘူးသီးတောင်မှာ မေ ၁၇ ရက်က ဘာတွေဖြစ်ခဲ့သလဲ
- ရိုဟင်ဂျာအရေးအတွက် အထူးကိုယ်စားလှယ်ခန့်အပ်ဖို့ အမေရိကန်လွှတ်တော်ကြိုးပမ်း
- မောင်တောတိုက်ပွဲကြောင့် ရိုဟင်ဂျာထောင်ချီ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး
- မောင်တောတိုက်ပွဲ လက်နက်ကြီးကြောင့် ရိုဟင်ဂျာ နှစ်ဆယ်ခန့် သေဆုံး
- ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ ရေကြီးရေလျှံဒဏ် ခံစားနေရ
No comments:
Post a Comment