Tuesday, July 16, 2024

မြန်မာ့လူသားချင်းစာနာရေးပြဿနာ ဥရောပနိုင်ငံတွေစိုးရိမ်

RFA
RFA Burmese
2024.07.15

၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့တွင် ဥရောပသမဂ္ဂဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပူးတွဲ ကြေညာချက်ထုတ်ပြန်နေစဉ်။ European Union

မြန်မာနိုင်ငံတစ်ဝန်းက ပိုကြီးမားလာတဲ့ လူသားချင်းစာနာရေး ပြဿနာကို အထူးစိုးရိမ်မကင်းဖြစ်ရကြောင်း ဥရောပနိုင်ငံတွေက ကိုယ်စားလှယ်တွေကိုယ်စား ဥရောပသမဂ္ဂဆိုင်ရာ ကုလသမဂ္ဂကိုယ် စားလှယ်အဖွဲ့က ကြေညာချက် တစ်စောင် ဇူလိုင် ၁၅ ရက်က ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေ အရှိန်မြင့်လာပြီး နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့ နိုင်ငံတကာ လူသားချင်းစာနာရေး ဥပဒေကို နိုင်ငံတစ်ဝန်း ချိုးဖောက်နေတယ်ဆိုတဲ့ ယုံကြည်စိတ်ချရတဲ့သတင်း တွေကြောင့် အထူးစိုးရိမ်ရတယ်လို့ ဖော်ပြပါတယ်။

ရိုဟင်ဂျာတွေအများအပြားပါဝင်တဲ့ IDP ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူတွေကို ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း လူသားဒိုင်းအဖြစ် အသုံးချနေတာကို မကြာခင်က ရရှိတဲ့ သတင်းတွေအရ သိရှိရတယ်လို့လည်း ဖော်ပြပါတယ်။

IDP စခန်းတွေကို စစ်စခန်းတွေအဖြစ် အသုံးပြုနေပုံရပြီး ဒီစခန်းတွေပတ်ဝန်းကျင်မှာ စစ်ကောင်စီက မြေမြှုပ်မိုင်းတွေချတယ်ဆိုတဲ့ သတင်းတွေကို အထူးသဖြင့်စိုးရိမ်ရတယ်လို့လည်း ရေးထားပါတယ်။

မြန်မာစစ်ကောင်စီနဲ့ တခြားအဖွဲ့တွေဟာ ကလေးတွေအပါအဝင် လူနည်းစုတိုင်းရင်းသားတွေကို စစ်သားသစ်အနေနဲ့ အဓမ္မစုဆောင်းနေတဲ့ သတင်းတွေရရှိတယ်လို့လည်း ဆိုပါတယ်။ ဒါဟာ လူမျိုးရေးတင်းမာမှုတွေ ပိုမိုဖြစ်ပွားစေပြီး လူသားချင်းစာနာမှု အခြေအနေပိုဆိုးဝါးစေတယ်လို့ ပြောပါတယ်။

အထူးသဖြင့် စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်တဲ့ သတင်းတွေကိုလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် အကြမ်းဖက်မှု အရှိန်လျှော့ချဖို့၊ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေနဲ့ လူ့အခွင့်အရေး ဥပဒေကို လေးစားဖို့နဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့လည်း မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး၊ အထူးသဖြင့် စစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

ဆက်နွယ်သောသတင်းများ 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */