Saturday, June 22, 2024

စစ်ဘေးသင့် ပြည်သူများနှင့် ရိုဟင်ဂျာဒုက္ခသည်များအတွက် ယူရို ၁၅ သန်း EU ထပ်တိုး ထောက်ပံ့

Khit Thit Media
ရန်ကုန်၊ ဇွန် ၂၁

ဥရောပသမဂ္ဂ EU သည် စစ်ဘေးသင့် ပြည်သူများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် စစ်ဘေးသင့် ရိုဟင်ဂျာ ဒုက္ခသည်များအတွက် ယူရို ၁၅ သန်း ထပ်တိုးကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဇွန်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါ ထပ်တိုးကူညီမည့် ယူရို ၁၅ သန်းသည် စစ်ရှောင်ပြည်သူများနှင့် စစ်ရေးအခြေအနေ ပြင်းထန်နေသည့် ရခိုင်ပြည်နယ်ရှိ တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရသည့် ရိုဟင်ဂျာဒုက္ခ သည်များအတွက်ပါ အရေးတကြီး လိုအပ်နေသည့် စားနပ်ရိက္ခာ၊ သန့်ရှင်းသည့် သောက်ရေ၊ အရေးပေါ် ကျန်းမာရေး အထောက်အပံ့များ ထောက်ပံ့ရန်၊ မြေမြှုပ်မိုင်း ခြိမ်းခြောက်မှုများကို တုံ့ပြန် ရှင်းလင်း ရန်အတွက် အဓိက ရည်ရွယ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်တွင် လူသားချင်းစာနာမှုအကူအညီလိုအပ်နေသည့် ဒုက္ခ သည်အရေအတွက်သည် ယခင်က ၁ သန်း ခန့် ရှိရာမှ ၁၄ ဒသမ ၄ သန်းအထိ သိသိသာသာ တိုးလာကြောင်း EU ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံရေး အကျပ်အတည်း များကြောင့် ပြည်သူ ၁၈ ဒသမ ၆ သန်းသည် အကူအညီများ လိုအပ်နေပြီး တိုက်ပွဲများ ပိုမို ပြင်းထန် လာ မှုကြောင့် စစ်ရှောင် ပြည်သူအရေအတွက် ၃ သန်း ကျော်လာပြီဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂသည် ၂၀၂၁ ခုနှစ်စကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးခဲ့ကာ ယခုနှစ်တွင် ယူရို ၃၆ သန်း ပေးခဲ့ပြီးဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံတွင်းရှိ ဒုက္ခသည်များအပါအဝင် ရိုဟင်ဂျာဒုက္ခသည်များအတွက် စုစုပေါင်း ယူရို ၆၈ သန်း ကူညီထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */