Saturday, June 29, 2024

မောင်တောတိုက်ပွဲ လက်နက်ကြီးကြောင့် ရိုဟင်ဂျာ နှစ်ဆယ်ခန့် သေဆုံး

RFA
RFA Burmese
2024.06.28 

 ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ မွတ်စလင်များအား ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များမှ ဘေးလွတ်ရာသို့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က ကူညီပို့ဆောင်ပေးခဲ့စဉ်။ Facebook/ Arakan Princess Media 

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က မောင်တောမြို့ကို သိမ်းပိုက်ဖို့အတွက် ရက္ခိုင့်တပ်တော် (AA) အခုရက်ပိုင်းတွေအတွင်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံက အင်အားတွေနဲ့ ခုခံကာကွယ်နေတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ရွှေဇား၊ ဇင်တူလာ၊ ဟော်ရိုက်တာလာ၊ ဇူလနဲ့ အမှတ် (၅) ရပ်ကွက်တွေအပြင် မြို့နဲ့ ကပ်ရပ်မှာရှိတဲ့ ကျေးရွာတွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရမှုကြောင့် အခုသီတင်းပတ်အတွင်း သေဆုံးတဲ့ ရိုဟင်ဂျာ နှစ်ဆယ်ခန့်ရှိနေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိနေတယ်လို့ ဒေသခံ ရိုဟင်ဂျာတွေက ပြောပါတယ်။ အရပ်သားထိခိုက်မှု အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ဇွန်လ ၂၇ ရက်မနေ့ နေ့လယ် ၁၂ နာရီခွဲလောက်မှာ ရွှေဇားကျေးရွာအုပ်စုက လူနေအိမ်တစ်လုံးကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မိသားစုငါးဦးရှိတဲ့အထဲက နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလက်နက်ကြီးကျည်ဟာ ဇင်တူလာကျေးရွာဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တာလို့ ဆိုပါတယ်။

"ငါတို့ကြောက်လို့ ရွာကိုစွန့်ပြီး ထွက်ပြေးလာကြတာပါ။ ဘာသာပေါင်းစုံ ဒုက္ခရောက်နေကြတာ ဟိန္ဒူ၊ မွတ်စလင်၊ ရခိုင် အားလုံး ဒုက္ခဖြစ်နေကြတယ်

မောင်တောမြို့မှာ လက်နက်ကြီးကြောင့် သေဆုံးရသူဟာ နေ့စဉ်ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မောင်တောမြို့ပေါ်က ရိုဟင်ဂျာတစ်ဦးက RFA ကိုပြောပါတယ်။

"သူတို့က AA ရှိတယ်ဆိုပြီး သေနတ်ပစ်တယ်။ သေနတ်ပစ်တော့ အဲဒီမှာ AA မရှိဘူး။ လက်နက်ကြီးနဲ့ ပစ်တာအားလုံး မွတ်စလင်တွေ နေအိမ်ကို။ မွတ်စလင်တွေ သေကြတယ်၊ လက်နက်ကြီးကျလို့။ ဟိုတစ်နေ့က မိန်းမနှစ်ယောက် သေတယ်။ နောက်တစ်နေ့ ၁၂ နှစ်အရွယ် ကလေးတစ်ယောက် သေတယ်။ အဲဒီလို နေ့တိုင်း တစ်ယောက်၊ နှစ်ယောက် သေကြတာရှိတယ်။ ရှေ့ကယူသွားကြတယ်။ ငါတို့ကြောက်လို့ ရွာကိုစွန့်ပြီး ထွက်ပြေးလာကြတာပါ။ ဘာသာပေါင်းစုံ ဒုက္ခရောက်နေကြတာ ဟိန္ဒူ၊ မွတ်စလင်၊ ရခိုင် အားလုံး ဒုက္ခဖြစ်နေကြတယ်"

ဇွန်လ ၂၆ ရက်နေ့ကလည်း မြို့သူကြီးရပ်ကွက်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ အမှတ်(၅) နယ်ခြားစောင့် ရဲတပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် မြို့မ ကညင်တန်းရပ်ကွက်က နေအိမ်တစ်လုံးကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရိုဟင်ဂျာ အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ် အမျိုးသမီးတစ်ဦးနဲ့ ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေဟာ တစ်နေရာတည်းမှာနေလို့မရဘဲ မြို့တွင်းက လုံခြုံမဲ့နေရာတွေကို ရွှေ့ပြောင်းခိုလှုံနေကြရတယ်လို့ မောင်တောမြို့က သက်ကြီးပိုင်း ရိုဟင်ဂျာအမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

"AA နဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ကြတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်တယ်။ သေနတ်တွေပစ်တယ်။ အဲဒီမှာ လမ်းပေါ်ကို ထွက်လို့လည်းမရဘူး။ လူတွေ ဒုက္ခရောက်ကြတယ်။ နေစရာနေရာလည်း မရှိ။ သူများဆီမှာ နေနေရတယ်။ ငါတို့ရွာမှာ လူနှစ်ယောက် သေသွားတယ်။ ဒီနေ့လည်း နှစ်ယောက် သေတယ်။ လက်နက်ကြီးနဲ့ပစ်ရင် ဟိုပြေးဒီပြေး ပြေးနေကြရတယ်။ သွားလို့လာလို့လည်း မရောက်နိုင်။ အသက် ၉၀ ရှိပြီ"

မောင်တောမြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့အတွက် မြို့တွင်းနေ ပြည်သူတွေကို ဇွန်လ ၁၆ ရက်နေ့ ည ၉ နာရီ နောက်ဆုံးထားပြီး ရှောင်ပေးကြဖို့ ရက္ခိုင့်တပ်တော် (AA) က အသိပေး ပြောဆိုထားပါတယ်။ ဒါပေမဲ့ မြို့ခံတွေဟာ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့မှုတွေကြောင့် အပြင်ကိုထွက်မရတော့ဘဲ မြို့တွင်းမှာ ပိတ်မိနေကြတာလို့ ဆိုပါတယ်။

မြို့အနီးမှာရှိတဲ့ ရွှေဇားကျေးရွာအုပ်စုက ရိုဟင်ဂျာ လေးထောင်ကျော်ကိုတော့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၂၆ ရက်နေ့က လွတ်မြောက်နယ်မြေတွေဆီကို ကယ်ထုတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ မွတ်စလင်များအား ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များမှ ဘေးလွတ်ရာသို့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က ကူညီပို့ဆောင်ပေးခဲ့စဉ်။ (Photo: Facebook/ Arakan Princess Media)

အဲဒီကျေးရွာအုပ်စုက နောက်ထပ် ရိုဟင်ဂျာ နှစ်ထောင်ကျော်ကတော့ မြို့အတွင်းပိုင်းကို ထွက်ပြေးခိုလှုံနေကြရတယ်လို့ မောင်တောမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။

"မြို့ပေါ်ကို ရှောင်လာတာကတော့ ရက္ခိုင့်တပ်တော်က နေပြီးတော့ ကျွန်တော်တို့ကို လွတ်မြောက်တဲ့ နယ်မြေမှာ ရှောင်ခိုင်းပါတယ်၊ ခဏသွားပေါ့နော်။ ဒီတပ်မတော် (စစ်ကောင်စီ) ကနေပြီးတော့ ကျွန် တော်တို့ကို လွတ်မြောက်နယ်မြေကို မရွှေ့ခိုင်းဘူး။ သူတို့ကနေပြီးတော့ ကျွန်တော်တို့က သွားတဲ့လမ်းကနေပြီးတော့ အကုန်လုံး ပိတ်ထားပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ မြို့ပေါ်မှာဘဲ အပိတ်ခံနေရတာပါ။ ကျွန်တော်တို့ ဖြစ်ချင်တာကတော့ နိုင်ငံရေးအရ သူတို့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ပြည်သူတွေကနေပြီးတော့ ဗုံးတွေကျတာတွေ၊ လူသေတာတွေ များပါတယ်။ ဒဏ်ရာရတာတွေ ဒီမှာဆရာ ဝန်လည်းမရှိဘူး။ ပြီးတော့ စားဝတ်နေရေးကအစ ဘက်ပေါင်းစုံက ကျွန်တော်တို့ အခက်အခဲ ကြုံနေရပါတယ်"

မြို့နဲ့ အနီးဝန်းကျင် ကျေးရွာတွေကနေ မြို့တွင်းပိုင်းကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ရိုဟင်ဂျာတွေဟာ နီးစပ်ရာအိမ်တွေနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရတာပါ။ သူတို့အတွက် စားနပ်ရိက္ခာနဲ့ဆေး ဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ရိုဟင်ဂျာတွေက ပြောပါတယ်။

မြို့အနီးအနား ကျေးရွာတွေကပါ မြို့ပေါ်ကို တိမ်းရှောင်တာတွေရှိတဲ့အတွက် လက်ရှိ မောင်တောမြို့ပေါ်မှာ လူပေါင်း သုံးသောင်းခန့် ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့က အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရော ရက္ခိုင့်တပ်တော် (AA) ကပါ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

ဆက်နွယ်သောသတင်းများ 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */