Tuesday, June 11, 2024

ARSA တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာ သုံးဦးသေ၊ ခုနစ်ဦးဒဏ်ရာရ

RFA
RFA Burmese
2024.06.11

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ AFP

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတစ်ခုကို ဇွန်လ ၁၀ ရက် မနေ့က အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ ဝင်ရောက်တိုက်ခိုက်တာကြောင့် ရိုဟင်ဂျာ သုံးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ် ရာရခဲ့ပါတယ်။

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ARSA အဖွဲ့ဝင် ၁၀၀ နီးပါးဟာ ကော့ဘဇားခရိုင်က စခန်း တစ်ခုမှာ လုံခြုံရေးကင်းလှည့်နေတဲ့ ဒုက္ခသည်တွေကို ဇွန်လ ၁၀ ရက်နေ့ မနေ့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုတဲ့အကြောင်း AFP သတင်းက ဒီနေ့ ဖော်ပြပါတယ်။

စခန်းမှာ လုံခြုံရေးတာဝန်ယူထားတဲ့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ကွပ်ကဲရေးမှူး Mohammad Iqbal က“ စခန်းပတ်ဝန်းကျင်က သံဆူးကြိုးတွေကို ဖြတ်ပြီး စခန်းကို အကာအကွယ်ပေးနေတဲ့ ရိုဟင်ဂျာတွေကို တိုက်ခိုက်ခဲ့တယ်” လို့ ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စခန်းအတွင်းက ရိုဟင်ဂျာ ခေါင်းဆောင်တစ်ယောက်ကတော့ အ သတ်ခံရတဲ့ ရိုဟင်ဂျာ သုံးဦးဟာ ရိုဟင်ဂျာ ညီညွတ်ရေးအဖွဲ့ RSO အဖွဲ့ဝင်တွေလို့ ပြောပါတယ်။

စခန်းအတွင်းမှာ လူသတ်မှုတွေ၊ သေနတ်ပစ်ခတ်တာတွေ နေ့တိုင်းဖြစ်နေတယ်။ မနေ့က ARSA ကြောင့် RSO သုံးယောက် သေတယ်။ ဘယ်သူမှာ ဒီမှာ မလုံခြုံဘူး။ ဒီလက်နက်ကိုင် နှစ်ဖွဲ့လုံးက ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် စခန်းကို ငရဲနဲ့တူအောင် လုပ်နေတာ”

မြန်မာပြည်တွင်းက တိုက်ပွဲတွေမှာ အသုံးပြုဖို့ ဆယ်ကျော်သက်တွေ အပါအဝင် ရိုဟင်ဂျာ လူငယ်တွေကို ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေက မြန်မာစစ်တပ်အတွက် အတင်းအဓမ္မ လူစုဆောင်းနေတာကြောင့် ပြီးခဲ့တဲ့ ဧပြီလကစပြီး လုံခြုံရေးအခြေအနေတွေ ပိုဆိုးဝါးနေတာဖြစ်ပါတယ်။

စစ်ရေးပဋိပက္ခတွေမှာ ပါဝင်တိုက်ခိုက်ဖို့အတွက် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ ၁,၅ဝဝ ခန့်လောက် အတင်းအကျပ် စုဆောင်းခံထားရတယ်ဆိုတဲ့ အစီရင်ခံစာတစ်စောင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေကြား ပျံ့နှံ့ခဲ့တယ်လို့လည်း AFP က ဆိုပါတယ်။

ဒုက္ခသည် တစ်သန်းလောက်နေထိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေကို ရိုဟင်ဂျာလက် နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်နိုင်ဖို့ အပြန်အလှန်ကြိုးစားကြရင်း ထိပ်တိုက်တွေ့ဆုံတာတွေ မကြာခဏဖြစ်လေ့ရှိပါတယ်။ ဒီနှစ်အတွင်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေကြား ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာ အနည်းဆုံး အယောက် ၂ဝ ခန့် သေဆုံးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */