" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, June 8, 2024

စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့ မဖြစ်နိုင်ကြောင်း AA ပြော

RFA
RFA Burmese
2024.06.08 

ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ AA Info Desk

အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲဖို့ မဖြစ်နိုင်ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ဇွန် ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့တို့ အပစ်အခတ်ရပ်စဲခဲ့ကြတာနဲ့ဆက်စပ်ပြီး ရက္ခိုင့်တပ်တော် (AA) အနေနဲ့ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲနိုင်ခြေရှိလားဆိုတဲ့ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်ကို ဦးခိုင်သုခက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“စစ်ကောင်စီနဲ့ ကျွန်တော်တို့က ဟိုင်ဂင်နောက်ဆက်တွဲ အစည်းအဝေးတွေမှာ နှစ်ဖွဲ့ချင်း တွေ့ဆုံတာ ရှိပါတယ်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဘက်ကတော့ ပြေပြေလည်လည်နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေး နွေး‌ပြီး အဖြေရှာဖို့ လိုလားနေပါတယ်။ ဘာဖြစ်လာနိုင်လဲဆိုတာက လက်ရှိ စစ်ကောင်စီလုပ်ရပ်ပေါ်မှာ အများကြီး မူတည်နေပါတယ်။ နောက်ဆုံးတွေ့ဆုံပွဲမှာ ကျွန်တော်တို့ ပြောခဲ့တာရှိတယ်၊ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး မတိုက်ခိုက်ဖို့ ကျွန်တော်တို့ စစ်ကောင်စီကို ပြောထားတယ်။ ဒီနေ့အချိန်အထိ ဆက်ပြီးဖြစ်နေပါတယ်။ ရခိုင်တစ်ခုတည်းမှာတော့မဟုတ်ပါဘူး AA နဲ့ ဆက်စပ်နေတဲ့ တခြားစစ်မြေပြင်တွေမှာလည်း ဆက်ဖြစ်နေပါတယ်။ ဒါကြောင့် ဒီအပစ်အခတ်ရပ်စဲဖို့ကိစ္စက အများကြီး အခက်အခဲရှိနိုင်ပါတယ်။”

ရခိုင်ပြည်နယ် မောင်တော၊ စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင်၊ ကျောက်ဖြူ မြို့တို့ကို AA က ဆက်လက်သိမ်းပိုက်ဖို့ ကျန်နေသေးကြောင်းနဲ့ ရခိုင်ပြည်က မြို့တိုင်း ရွာတိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ထုတ်သွားမယ်လို့လည်း ဦးခိုင်သုခက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း ဘူးသီးတောင်မြို့တိုက်ပွဲကနေ လက်နက်တွေနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သား ရာနဲ့ချီရှိနေတာကြောင့် အရပ်သားတွေအတွက် အန္တရာယ်ရှိနေပြီး သူတို့ကို ဖမ်း ဆီးရမိဖို့ နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ ဆိုပါတယ်။ ဘူးသီးတောင်မြို့တိုက်ပွဲအတွင်း အိမ်ခြေ သုံးထောင်နီးပါး မီးလောင်ပျက်စီးခဲ့ပြီး အဲဒီထဲမှာ ရခိုင်လူမျိုးတွေရဲ့ နေအိမ်တွေက အများဆုံးဖြစ်တယ် လို့လည်း ဦးခိုင်သုခက ပြောခဲ့ပါတယ်။ ဘူးသီးတောင်မြို့ပေါ်မှာ ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေ ဦးတည်တိုက်ခိုက်ခံနေရတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မှားယွင်းနေတယ်လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ထွက်ပြေးနေရတဲ့အခြေအနေနဲ့ပတ်သက်လို့ နိုင်ငံတကာသတင်းဌာနတွေအပြင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ပြောဆိုချက်တွေဟာ မြေပြင်အခြေအနေတွေနဲ့ ကွဲလွဲနေပြီး ရခိုင်တွေရဲ့ ပြောဆိုချက်တွေနဲ့ ပြဿနာဇစ်မြစ်ကို သိအောင်လုပ်ဖို့လည်း ဦးခိုင်သုခက ပြောပါတယ်။ ဒီလိုစွပ်စွဲပြောဆိုချက်တွေဟာ ပြဿနာ ဖြေရှင်းရာမှာ အထောက်အကူမဖြစ်ဘဲ ဒေသတွင်း ပဋိပက္ခကို ပိုဆိုးစေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံးကတော့ ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့ နယ်က တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာ လေးသောင်းခွဲလောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ပြီးခဲ့တဲ့ မေလကုန်လောက်က ပြောထားပါတယ်။

ဒါ့အပြင် ဘူးသီးတောင်မြို့ကနေ မြန်မာစစ်တပ်ဆုတ်ခွာသွားတဲ့နောက် နှစ်ရက်အကြာ မေလ ၁၇ရက်နေ့မှာ မီးလောင်ကျွမ်းမှုတွေ စတင်ခဲ့တာဖြစ်သလို ရက္ခိုင့်တပ်တော် (AA) က မြို့ကို အပြည့်အဝ ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိအခြေအနေတွေအတွက် ဘယ်သူတာဝန်ရှိတယ် ဆိုတာကို အတည်ပြုနိုင်ဖို့ ကုလသမဂ္ဂက ကြိုးစားနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ မြန်မာနိုင်ငံဆိုင် ရာ ဌာနခွဲ အကြီးအကဲ ဂျိမ်းစ် ရိုဒ်ဟေဗာက ပြောထားပါတယ်။


ဆက်နွယ်သောသတင်းများ

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */