Friday, May 31, 2024

ရိုဟင်ဂျာဒုက္ခသည်တွေဘဝတိုးတက်ရေး စီမံကိန်းနှစ်ခု ဘင်္ဂလားဒေ့ရှ်စီစဉ်

RFA
RFA Burmese
2024.05.31 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့မှာနေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ လူနေမှုဘဝတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၇၀၀ တန် စီမံကိန်းနှစ်ခုကို ဘင်္ဂလားဒေ့ရှ်အစိုးရက အတည်ပြုလိုက်ပါတယ်။

ဒီစီမံကိန်းတွေအတွက် ကမ္ဘာ့ဘဏ်က ချေးငွေတွေနဲ့ ထောက်ပံ့ကြေးတွေအပြင် ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ထည့်ဝင်ငွေလည်း ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် Sheikh Hasina ဦးဆောင်တဲ့ အမျိုးသားစီးပွားရေးကောင်စီရဲ့ အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ဒီစီမံကိန်းနှစ်ခုကို အတည်ပြုခဲ့တာဖြစ်ကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲရေးနဲ့ ကယ် ဆယ်ရေးဝန်ကြီးဌာနက Md. Hasan Sarwar က RFA ရဲ့ ညီနောင်သတင်းဌာန Benar News ကို ပြောကြားပါတယ်။ ဒါဟာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ကမ္ဘာ့ဘဏ်ကနေ ပထမဆုံးအကြိမ် ငွေချေးယူခဲ့တာလို့လည်း ဆိုပါတယ်။

စီမံကိန်းတချို့ကို ချေးငွေနဲ့ အကောင်အထည်ဖော်မှာဖြစ်ပြီး တချို့ကိုတော့ ထောက်ပံ့ငွေနဲ့ ဆောင် ရွက်သွားမယ်လို့ ပြည်နယ်စီမံကိန်းဝန်ကြီး Shahiduzzaman Sarker က ပြောကြားပါတယ်။

ရိုဟင်ဂျာတွေရဲ့ လူနေမှုဘဝတိုးတက်ရေးစီမံကိန်းအတွက် ထောက်ပံ့ငွေတွေကိုအသုံးပြုမှာဖြစ်ပြီး ဒေ သခံတွေအတွက် ချေးငွေတွေကို အသုံးပြုမယ်လို့ ဆိုပါတယ်။ဒီစီမံကိန်းနှစ်ခုကို အခုနှစ် ဇွန်လကနေ ၂၀၂၈ ခုနှစ် ဇွန်လအထိ လေးနှစ်အတွင်း အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Benar သတင်းက ရရှိတဲ့ စီမံကိန်းစာရွက်စာတမ်းတွေအရ အခြေခံအဆောက်အဦ တည်ဆောက်ရေးနဲ့ပတ်သက်တဲ့ ပထမ စီမံကိန်းအတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်း ၃၅၀ ဝန်းကျင်ဖြစ်ပြီး ချေးငွေဒေါ်လာ သန်း ၂၀၀ နဲ့ ထောက်ပံ့ငွေ ဒေါ်လာ ၁၂၆ သန်း ပါဝင်ပါတယ်။ အစိုးရက ဒေါ်လာ ၂၃ သန်းခွဲ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

အဲဒီစီမံကိန်းထဲမှာ လမ်းဖောက်လုပ်ခြင်း၊ ရှစ်မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တပ်ဆင်ခြင်း၊ ရေပေးဝေရေးနဲ့ မိလ္လာစနစ် တိုးမြှင့်ခြင်း၊ ရာသီဥတုဒဏ်ခံနိုင်တဲ့ အခြေခံအဆောက် အအုံတွေ ဆောက်လုပ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနဲ့ ပျက်စီးဆုံးရှုံးမှု ဆန်းစစ်ခြင်းတို့ ပါဝင်ပါတယ်။

ဒုတိယစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်က ချေးငွေဒေါ်လာ ၁၈၂ သန်းနဲ့ ထောက်ပံ့ငွေ ဒေါ်လာ သန်း ၁၅၀ အပါအဝင် စုစုပေါင်း ဒေါ်လာ ၃၇၄ သန်းကျော် ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။

စီမံကိန်းစာတမ်းထဲမှာ စစ်တကောင်း၊ ဘန်ဒါဘန်၊ ရန်ဂါမာတီ၊ နိုခါလီနဲ့ ကော့ဘဇားခရိုင်တွေဟာ တ ခြားဒေသတွေထက် ကျန်းမာရေးနဲ့ အာဟာရ အပါအဝင် ဖွံ့ဖြိုးမှုများစွာနောက်ကျနေပြီး အခြားတစ်ဖက်မှာလည်း ရိုဟင်ဂျာတွေ ဝင်ရောက်လာမှုနောက်ပိုင်း ဒေသခံတွေကြားမှာ လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုတွေ၊ လူကုန်ကူးမှုတွေ၊ ကလေးသူငယ် လက်ထပ်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေလိုမျိုး ရာဇ၀တ်မှုတွေ ပိုများလာခဲ့ကြောင်း၊ ဒေသခံတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကြား စိုးရိမ်စရာအခြေ အနေကို ဖန်တီးနိုင်ခြေရှိနေကြောင်း ဖော်ပြထားပါတယ်။

ဒီစီမံကိန်းတွေကို အကောင်အထည်ဖော်ခြင်းအားဖြင့် ဒီစိုးရိမ်ဖွယ်ရာ အခြေအနေကို ရှောင်ရှားနိုင်မှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် Enterprise Institute ရဲ့ ဥက္ကဋ္ဌ Humayun Kabir က BenarNews ကို ပြောပါတယ်။

Arakan Rohingya Society for Peace and Human Rights (ARSPH) ဥက္ကဋ္ဌ Muhammed Jubair ကလည်း ကမ္ဘာ့ဘဏ်ရဲ့ ဒီအထောက်ပံ့တွေဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို အတိုင်းအတာတစ်ခုအထိ သက်သာရာရစေမှာဖြစ်ကြောင်း ပြောပါတယ်။

ဆက်နွယ်သောသတင်းများ  
 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */