DVB
July 4, 2017
စစ်အေးတိုက်ပွဲကာလက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြဿနာ ဒုတိယကမ္ဘာစစ်ပွဲအပြီး ဆိုဗီယက်ယူနီယံ၏ သြဇာဖြန့်ကြက်ရေးဝါဒကြောင့် ကမ္ဘာပေါ်ရှိ ကိုလိုနီစနစ်ဖျက်သိမ်းရေး လှုပ်ရှားမှုမှာ ထင်ရှားပေါ်လွင်လာခဲ့သည်။ တူဗား၊ အရှေ့ဥရောပနိုင်ငံများ၊ ဘောလတစ်နှင့် အာရှအလယ်ပိုင်းနိုင်ငံများမှာ ဒုတိယကမ္ဘာစစ်ပွဲအတွင်း ဆိုဗီယက်ယူနီယံ၏ ကျူးကျော်သိမ်းပိုက်ခြင်း ခံရသည်။ ဆိုဗီယက်သည် အရှေ့ဥရောပရှိနိုင်ငံများ၊ အရှေ့ဂျာမနီတို့ကို သူ၏ အခြွေအရံနိုင်ငံများအဖြစ် တည်ထောင်လိုက်သလို တရုတ်နှင့် ကိုရီးယားရှိ တော်လှန်ရေးလှုပ်ရှားမှုများကိုလည်း ထောက်ခံအားပေးသည်။
အခြွေအရံနိုင်ငံများသည် လွတ်လပ်ပြီး အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုရှိသော်လည်း ၁၉၅၆ ခုနှစ် ဟန်ဂေရီတော်လှန်ရေးလှုပ်ရှားမှု၊၁၉၆၈ ခုနှစ် ချက်ကိုဆလိုဗက်ကီးယား၏ပရာ့ဂ် နွေဦး ပြုပြင်ပြောင်း လဲရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာသောအခါ ဆိုဗီယက်ယူနီယံသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခြေခံမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက် နှိပ်ကွပ်ခဲ့တော့သည်။ အာဖဂန်နစ္စတန်တွင်လည်း ကွန်မြူနစ်အစိုးရကို တိုင်းရင်းသား လူမျိုးကွဲအုပ်စုများက တိုက်ခိုက်သည့်အခါ အစိုးရဘက်မှထောက် ခံအားပေးရန် ဝင်ရောက်ကျူးကျော်ခဲ့လေသည်။ မည်သို့ပင်ဆိုစေကာမူ မာ့က်စ်-လီနင်ဝါဒနှင့် သ ဘောတရားများသည် ကိုလိုနီအရှင်သခင်များနှင့် ၎င်းတို့၏ ရုပ်သေးအစိုးရများကို တော်လှန်တိုက် ခိုက်သည့် တတိယကမ္ဘာရှိ အမျိုးသားရေးလှုပ်ရှားမှုများအပေါ် ကြီးမားသော သြဇာသက်ရောက်မှု ရှိခဲ့သည်မှာကား အမှန်ပင်ဖြစ်သည်။ ကွန်မြူနစ်ဝါဒသည် တတိယကမ္ဘာနိုင်ငံ အများအပြားရှိ နယ်ချဲ့ကိုလိုနီဝါဒ ဆန့်ကျင်ရေးအုပ်စုများကို ညီညွတ်စေသည့် ရှေ့ဆောင်သဘောတရားတရပ် ဖြစ်လာခဲ့သည်။ ဆိုဗီယက်ယူနီယံ၏ လှုပ်ရှားမှုများကို သူ၏ အကျိုးစီးပွားအတွက် ခြိမ်းခြောက်မှုတခုဟု ရှုမြင်ခဲ့သော အမေရိကန်ပြည်ထောင်စုက အဆိုပါလှုပ်ရှားမှုများကို ထိန်းချုပ်ခဲ့သည်။
စစ်အေးတိုက်ပွဲကာလတလျှောက်လုံး အမေရိကန်ပြည်ထောင်စုသည် သူတို့၏ စီးပွားရေးနှင့် နိုင်ငံရေး အကျိုးစီးပွားများကို ကာကွယ်ပေးသည့် စစ်အုပ်စုများကို မွေးမြူကာ ထောက်ခံအားပေးခဲ့သည်။ ချီလီမှ သြဂတ်စတို ပီနိုချေး၊ အင်ဒိုနီးရှားမှ ဆူဟာတို စသည့် ကွန်မြူနစ်ဆန့်ကျင်ရေး စစ်အုပ်စုများမှာ ထင်ရှားသည်။ ထိုရည်ရွယ်ချက် အောင်မြင်စေရန်အတွက် အာဏာသိမ်းပွဲများ ပြုလုပ်ခြင်း၊ ကွန်မြူနစ်ဆန့် ကျင်ရေး အစိုးရများကို ထောက်ပံ့ကူညီခြင်းနှင့် စစ်ရေးအရ ကျူးကျော်စွက်ဖက်ခြင်းများ အပါ အဝင် နည်းပေါင်းစုံကို အသုံးပြုခဲ့ကြသည်။ အကျိုးဆက်အားဖြင့် ကွန်မြူနစ်ဆန့်ကျင်ရေး အစိုးရများ၏ ဖိနှိပ်မှုများကို တုံ့ပြန်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လှုပ်ရှားမှု အများအပြားမှာ ဆိုဗီယက်၏ လှုံ့ဆော်ချုပ်ကိုင်မှုများအဖြစ် စွပ်စွဲပုံဖျက်ခြင်းကို ခံခဲ့ရလေသည်။ အာရှတိုက် အာရှတိုက်တွင် ဆိုဗီယက်ယူနီယံသည် မွန်ဂိုးလီးယားကို အခြွေအရံနိုင်ငံအဖြစ် သိမ်းသွင်း ပုံဖော်လိုက်သည်။
သို့သော်လည်း ဒုတိယ အရှေ့တာကက်စတန်သမ္မတနိုင်ငံ ထူထောင်ရေးကို စွန့်လွှတ်လိုက်ပြီး မန်ချုးရီးယားကိုလည်း တရုတ်သို့ လွှဲပြောင်းပေးအပ်လိုက်သည်။ တရုတ်ပြည်တွင်းစစ်ပွဲမှ ကွန်မြူနစ်တို့ အောင်ပွဲအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါ်ထွက်လာသည်။ အာရှတိုက်ရှိ ကိုလိုနီစနစ်ဆန့်ကျင်ရေး တိုက်ပွဲကို အခွင့်ကောင်းယူပြီး မဟာအင်အားကြီးနိုင်ငံများက သူတို့၏ သြဇာအာဏာ ဖြန့်ကျက်ရာနေရာအဖြစ် အသုံးချကြ သည်။ သို့ဖြစ်၍ ကိုရီးယားစစ်ပွဲက စစ်အေးတိုက်ပွဲ ဗဟိုဆုံချက်ကို ဥရောပဆီမှ အာရှတိုက်ဆီသို့ ရွှေ့ပြောင်းလာစေခဲ့၏။ ၁၉၄၇ ခုနှစ်တွင် အိန္ဒိယသည် ဗြိတိသျှအင်ပါယာမှ လွတ်လပ်ရေးရရှိခဲ့သည်။ ဗြိတိသျှအင်ပါယာသည် တဖြည်းဖြည်း သြဇာလျော့ကျလာနေသော်လည်း ဗြိတိသျှ ဓနသဟာယ ဖွဲ့စည်းခြင်းဖြင့် အခြေအနေကို ထိန်းသိမ်းခဲ့သည်။
ဗြိတိသျှ ဓနသဟာယအဖွဲ့ကြီးမှာ ၁၉၄၉ ခုနှစ်ကတည်းက နိုင်ငံများ၏ လွတ်လပ်သောဆန္ဒအရ တန်းတူရေးမူဖြင့် စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်လေသည်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရသောအခါ နိုင်ငံဖွဲ့စည်းရေးကိစ္စနှင့်ပတ်သက်၍ လူမျိုးပေါင်းစုံ ပဋိပက္ခများ ပေါ်ထွက်လာခဲ့သည်။ သို့ဖြစ်၍ အစ္စလာမ်မစ် ပါကစ္စတန်နှင့် ဘာသာရေးစွက်ဖက်မှု ကင်းသော အိန္ဒိယတို့အဖြစ် ကွဲထွက်သွားသည်။ အင်္ဂလိပ်တို့ မရောက်မီက အိန္ဒိယပြည်မကြီးရှိ မည်သည့်အင်ပါယာရှင်များကမှ ထိန်းချုပ်ခြင်း မရှိခဲ့သည့် အရှေ့မြောက်ဒေသသည် အိန္ဒိယအရှေ့မြောက်ဒေသ သူပုန်ထမှု၏ အကြောင်းရင်း တရပ်အဖြစ် ထွက်ပေါ်လာသည်။
၁၉၇၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်သည် ပါကစ္စတန်ပြည်မှ ခွဲထွက်ကာ လွတ်လပ် ရေး ကြေညာခဲ့သည်။ မြန်မာပြည်သည် ဗြိတိသျှတို့ထံမှ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သော်လည်း ဗြိတိသျှဓနသဟာယအဖွဲ့တွင် မပါဝင်ခဲ့ပေ။ မြန်မာပြည် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခသည် အစိုးရအဆက်ဆက်အတွက် ဖြေရှင်းရခက်ခဲသော စိန်ခေါ်မှုတရပ် ဖြစ်ခဲ့သည်။ အင်ဒိုနီးရှားသည် ဒတ်ချ်(နယ်သာလန်)ထံမှ ၁၉၄၉ ခုနှစ်တွင် လွတ်လပ်ရေး ရခဲ့သည်။ နယ်သာလန်သည် ဒတ်ချ်နယူးဂီနီကို ဆက်လက်ထိန်းသိမ်းထားသော်လည်း အင်ဒိုနီးရှားက ကျူးကျော်သိမ်းပိုက်ရန် ခြိမ်းခြောက်ခဲ့သည်။ ကုလသမဂ္ဂ၏ ဦးဆောင်မှုဖြင့် ကျင်းပသော လွတ်လပ်စွာ ဆုံးဖြတ်ပွဲသည် ပြဿနာများရှိသော်လည်း အနောက်နယူးဂီနီသားများက အင်ဒိုနီးရှားနှင့် ပူးပေါင်းမည်ဟု သူတို့ကံကြမ္မာကို သူတို့ ဆုံးဖြတ်လိုက်ကြသည်။
၁၉၇၅ ခုနှစ်တွင် ပေါ်တူဂီက အရှေ့တီမောအပေါ် ထိန်းချုပ်မှုကို စွန့်လွှတ်လိုက်ပြီး အင်ဒိုနီးရှားက ချက်ချင်းလိုလိုပင် ကျူးကျော်သိမ်းပိုက်လိုက်သည်။ စစ်အေးတိုက်ပွဲ ပြီးဆုံးပြီးနောက် ဆိုဗီယက်ယူနီယံတွင် ၁၉၈၅ ခုနှစ် မတ်လ၌ မီခေးလ်ဂိုဘာချော့ဗ် အာဏာ ရရှိလာပြီးနောက်ပိုင်း ကမ္ဘာ့စစ်အေးတိုက်ပွဲအရှိန် လျော့ကျလာသည်။ ဂိုဘာချော့ဗ်က စီးပွားရေးမူဝါဒ တင်းကျပ်မှုများကို ဖြေလျှော့လာသကဲ့သို့ ဆိုဗီယက် လက်နက်ကိုင် အင်အားနှင့် ဥရောပရှိ နျူကလီးယားလက်နက် အရေအတွက်ကို လျှော့ချလိုက်သည်။
၁၉၈၉-၉၀ တွင် ဆိုဗီယက်အုပ်စုဝင်နိုင်ငံများ ဖြစ်ကြသော ပိုလန်၊ ဟန်ဂေရီ၊ ချက်ကိုဆလိုဗက်ကီးယား၊ အရှေ့ဂျာမနီ၊ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယားနှင့် မွန်ဂိုလီးယားတို့ရှိ ကွန်မြူနစ်အစိုးရများ ပြိုကျသွားလေသည်။ အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီ ပူးပေါင်းသွားပြီး ချက်ကိုဆလိုဗက်ကီးယားသည် ချက်နှင့် ဆလိုဗက်ကီးယား သမ္မတနိုင်ငံနှစ်ခုအဖြစ် ကွဲသွားသည်။ ၁၉၉၀ ပြည့်နှစ်တွင် ယူဂိုဆလပ်ဗီးယားသည် မူလပါဝင်သည့် ရီပတ်ဗလစ်ယူနစ် ၆ ခုအတိုင်း နိုင်ငံ ၆ နိုင်ငံအဖြစ် ပြင်းထန်သော လက်နက် ကိုင်ပဋိပက္ခများ ဖြစ်ပွားပြီး ပြိုကွဲသွားသည်။
မူလက ဆားဗီးယားရီပတ်ဗလစ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ယူနစ်တခုဖြစ်ခဲ့သော ကိုဆိုဗိုသည် ၂၀၀၈ ခုနှစ်တွင် လွတ်လပ်ရေး ကြေညာခဲ့သော်လည်း နိုင်ငံတကာအသိအမှတ်ပြုခံရမှု နည်းပါးခဲ့သည်။
၁၉၉၁ ခုနှစ်တွင် ဂိုဘာချော့ဗ်သည် ဆိုဗီယက်ပြည်ထောင်စု၏ သမ္မတအဖြစ်မှ နုတ်ထွက်ပြီး ဆိုဗီယက်ပြည်ထောင်စုသည်လည်း အချုပ်အခြာအာဏာပိုင်သော နိုင်ငံ ၁၅ နိုင်ငံအဖြစ် နှိုင်းယှဉ်ချက်အရ ငြိမ်း ချမ်းစွာ ကွဲထွက်သွားကြသည်။ အဆိုပါနိုင်ငံသစ်များမှာ ကွန်မြူနစ်ဝါဒကို ငြင်းပယ်ခဲ့ကြပြီး အများစုက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကို လက်ခံကျင့်သုံးကြလေသည်။
အဆိုပါ သမ္မတနိုင်ငံသစ်များအတွင်း အက်ခါးဇီးယား၊ တောင်သြဆက်ရှား၊ ထရန်နစ္စတြီးယားနှင့် နာဂေါ်နိုကရာဘာ့ရှ် ဒေသလေးခုသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်ရေးကို ကြေညာခဲ့ကြသော်လည်း နိုင်ငံတကာက အသိအမှတ်ပြုမှုကို မခံရပေ။ ပြည်တွင်းစစ် ဆယ်စုနှစ်များစွာ ဖြစ်ပွားပြီးနောက် ၂၀၀၂ ခုနှစ်တွင် အရှေ့တီမော၏ လွတ်လပ်ရေးကို အင်ဒိုနီးရှားက အသိအမှတ်ပြုရလေသည်။
၁၉၄၉ ခုနှစ်တွင် ကွန်မြူနစ်တို့က ပြည်တွင်းစစ်ပွဲကို အနိုင်တိုက်ခိုက်ပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်လိုက်ကြသည်။ ကူမင်တန်ပါတီ ခေါင်းဆောင်သည့် တရုတ်သမ္မတနိုင်ငံအစိုးရသည် ထိုက်ပေမြို့သို့ ဆုတ်ခွာထွက်ပြေးရကာ ထိုက်ဝမ်ကျွန်းနှင့် အနီးအနား ကျွန်းများတဝိုက်တွင်သာ အာဏာသက်ရောက်မှု ရှိတော့သည်။ ထိုအချိန်မှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်သမ္မတနိုင်ငံအကြား ထိုက်ဝမ်ကျွန်း၏ အချုပ်အခြာအာဏာပိုင်စိုးမှုနှင့် နိုင်ငံရေး အဆင့်နေရာနှင့်ပတ်သက်၍ အငြင်းပွားကြရလေတော့သည်။
တချို့သော ကမ္ဘာ့နေရာဒေသများတွင် ပြင်းထန်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လှုပ်ရှားမှုများ ဆက်လက် တည်ရှိနေသည်။ ထိုင်ဝမ်၊ မြောက်ပိုင်းဆိုက်ပရပ်စ်၊ ကိုဆိုဗိုနှင့် တောင်သြဆက်ရှားတို့တွင်ကဲ့သို့ လက်တွေ့တွင် လွတ်လပ်ရေးရနေသော ဒေသများ ရှိကြသည်။ သို့သော်လည်း ၎င်းတို့၏လွတ်လပ်ရေးကိစ္စမှာ အဓိကနိုင်ငံကြီးတနိုင်ငံ သို့မဟုတ် နိုင်ငံအများနှင့် အငြင်းပွားနေရခြင်းမျိုး ရှိတတ်သည်။ ကာဒစ္စတန်၊ ဘလိုချီစတန်၊ ချေချင်ညာနှင့် ပါလက်စတိုင်းနိုင်ငံများကဲ့သို့ လက်တွေ့တွင် အချုပ်အခြာ အာဏာပိုင်ဆိုင်မှု မရှိသောဘဝဖြင့် ဆက်လက်နေထိုင်ကြရသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လှုပ်ရှားမှုများလည်း ရှိနေကြသေးသည်။
မျက်မှောက်ပြဿနာများ ၁၉၉၀ ခုနှစ် အစောပိုင်းနှစ်များကတည်းက အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခြေခံမူ တရားဝင်ဖြစ်ရေးပြဿနာက နိုင်ငံများအတွင်း ပဋိပက္ခဖြစ်မှုများကို တိုးပွားစေသည်။ အုပ်စုခွဲများက ပိုမိုကြီးမားသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးကြိုးပမ်းမှုများ ရှိသလို၊ လုံးဝခွဲထွက်ရေး ကြိုးပမ်းသည်များလည်း ရှိသည်။ အချို့မှာ အုပ်စုအတွင်း (သို့မဟုတ်) အခြားအုပ်စုများနှင့် ခေါင်းဆောင်မှုနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ခြင်းပွားပြီး လက်နက်ကိုင် ဖြေရှင်းကြသည်အထိ ပြင်းပြင်းထန်ထန် ဖြစ်ကြသည်။ ဤလှုပ်ရှားမှုသစ်များအတွက် နိုင်ငံတကာ၏ တုံ့ပြန်မှုမှာ တသမတ်တည်းမရှိဘဲ မကြာခဏ ဆိုသလို အခြေခံမူအပေါ်ထက် နိုင်ငံရေးအရ ချဉ်းကပ်တုံ့ပြန်တတ်လေ့ရှိသည်။
သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် ကုလသမဂ္ဂ ထုတ်ပြန်ကြေညာချက်က “ကိုလိုနီအုပ်ချုပ်ရေးနှင့် နိုင်ငံခြား ကျူးကျော်သိမ်းပိုက်မှုအောက်တွင် ဆက်လက်ရှိနေသော ပြည်သူလူထု၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ဟုသာ ဖော်ပြခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းပေးခြင်း အချုပ်အခြာအာဏာပိုင် နိုင်ငံအတော်များများမှာ ၎င်းတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ခွဲထွက်ရေးဖြင့် တွဲလျက် အသိအမှတ်မပြုကြချေ။ အခြေခံဥပဒေတော်တော်များများမှာ အဆိုပါ ခွဲထွက်ခွင့်ကို အသေအချာ တားမြစ်ထားကြသည်။ သို့သော်လည်း တချို့နိုင်ငံများတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပိုမိုကြီးမားသော ကိုယ်ပိုင်အုပ်ချုပ်ရေး ပုံစံဖြင့် ခွင့်ပြုထားခြင်းများ ရှိသလို ခွဲထွက်ခြင်းကို ခြွင်းချက်တမျိုးမျိုးဖြင့် ခွင့်ပြုထားသော ပုံစံများလည်း ရှိသေးသည်။ အမေရိကန်ပြည်ထောင်စုတွင် အဗရာဟင်လင်ကွန်းက ခွဲထွက်ခြင်းကို အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေကို ပြင်ဆင်ခြင်းဖြင့် ဖြစ်နိုင်သည်ဟု အသိအမှတ်ပြုခဲ့သည်။
၁၈၆၉ ခုနှစ်က ဗဟိုတရားရုံးချုပ်၏ “တက္ကဆက်နှင့် ဝှိုက်” ဆုံးဖြတ်ချက်တွင် ခွဲထွက်ခွင့်သည် “တော်လှန်ရေးနည်းဖြင့် လည်းကောင်း၊ ပြည်နယ်များ၏ သဘောတူညီမှုဖြင့် လည်းကောင်း” ဖြစ်နိုင်သည်ဟု ဖော်ပြထားသည်။ ၁၉၃၃ ခုနှစ်က ကျင်းပသော ဗြိတိသျှပါလီမန်က သြစတြေးလျ အနောက်ပိုင်းခွဲထွက်ခွင့်ကို သြစတြေးလျ တနိုင်ငံလုံး၏ အများစုမဲဖြင့်သာ ခွဲထွက်နိုင်သည်ဟု ဆုံးဖြတ်ခဲ့ပြီး၊ မူလ သတ် မှတ်ထားသည့် အနောက်ပိုင်း သြစတြေးလျနေ ပြည်သူတို့၏ ဆန္ဒခံယူပွဲ ၃ ပုံ ၂ ပုံ ထောက်ခံမဲ သည် မလုံလောက်ဟုဆိုကာ ပယ်ချခဲ့သည်။ တရုတ်ကွန်မြူနစ်များ အာဏာမရမီ ၁၉၃၁ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဆိုဗီယက်ယူနီယံ ပုံစံအတိုင်း ခွဲထွက်ခွင့် ပါဝင်ခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ မတည်ထောင်မီနှင့် တည်ထောင်ပြီး နောက်ပိုင်းနှစ်များတွင် ပါတီက ခွဲထွက်ခွင့်ကို ပယ်ဖျက်ပစ်လိုက်ပြီး ခွဲထွက်မှုကို ဆန့်ကျင်သည့် စာပိုဒ်များကို ထည့်သွင်းခဲ့သည်။ ထို့အ တူ ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း လုပ်ထုံးလုပ်နည်း အ ခြေအနေအချို့အောက်တွင် ခွဲထွက်ခွင့်ကို ပြဋ္ဌာန်းပေးခဲ့သည်။ ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ခွဲထွက်ခွင့်ကို ပယ်ဖျက်လိုက်သည်။ ၁၉၉၆ ခုနှစ်တွင် သြစတြီးယား၊ အီသီယိုပီးယား၊ ပြင်သစ်၊ စိန့်ကစ်နှင့်နီးဗစ် နိုင်ငံတို့၏ အခြေခံဥပဒေများတွင် ခွဲထွက်ခွင့် ပါဝင်သည်။ ဆွစ်ဇာလန်နိုင်ငံတွင် လက်ရှိအနေအထားမှ ခွဲထွက်ခွင့်ကိုရော၊ ကန်တုံအသစ်(ယူနစ်အသစ်) ဖွဲ့စည်းမှုကိုပါ ခွင့်ပြုထားသည်။
ကနေဒါမှ ကွိဘက်ပြည်နယ် ခွဲထွက်ရေးအဆိုပြုမှုနှင့်ပတ်သက်၍ ကနေဒါ ဗဟိုတရားရုံးချုပ်၏ ၁၉၉၈ ခုနှစ်က ဆုံးဖြတ်ချက်မှာ- ပြည်နယ်တွင်းရှိ ပြည်သူများ၏ ရှင်းလင်းသော အများစုထောက်ခံမဲနှင့် အခြေခံဥပဒေပြင်ဆင်ချက်ကို ကနေဒါ ဖက်ဒရေးရှင်းတွင် ပါဝင်သည့် ယူနစ်အားလုံး၏ အတည် ပြုချက်တို့ ရရှိမှသာလျှင် ခွဲထွက်နိုင်သည်ဟု ဆိုလေသည်။
လူနည်းစု အခွင့်အရေးများ တိုးမြှင့်ပေးခြင်း နည်းလမ်း နိဂုံးချုပ်အနေဖြင့်ဆိုရသော် ကမ္ဘာ့နိုင်ငံများ အများစုကြီးပါဝင်သော ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုသည်မှာ နိုင်ငံခြား ကျူးကျော်သိမ်းပိုက်မှု ခံနေရသော ကိုလိုနီနိုင်ငံ ပြည်သူများ၏ နယ်ချဲ့ဆန့်ကျင်ရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး လွတ်လပ်ရေးတိုက်ပွဲအတွက် ရှေ့ဆောင်သဘောတရား တရပ်အဖြစ် ခံယူပြီး၊ အမေရိကန်၊ အိန္ဒိယ၊ ရုရှားဖက်ဒရေးရှင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပါအဝင် နိုင်ငံအများစုမှာ ခွဲထွက်ခြင်းကို ခွင့်မပြုကြကြောင်း တွေ့ရှိရသည်။
တိုင်းရင်းသား လူနည်းစု အခွင့်အရေးများကို ဖြည့်ဆည်းပေးရေးနှင့် ခွဲထွက်မှု သို့မဟုတ် နိုင်ငံသစ် ထူထောင်မှုများကို ရှောင်ရှားနိုင်ရေးအတွက် ဖက်ဒရယ်ယူနစ်များ (သို့မဟုတ်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများဆီသို့ ဗဟိုချုပ်ကိုင်မှု ဖြေလျော့ပေးခြင်း သို့မဟုတ် ဆုံးဖြတ်လုပ်ပိုင်ခွင့်အာဏာ ပိုမိုတိုးမြှင့်ပေးခြင်းများကိုသာ ပြုလုပ်လေ့ရှိကြပါကြောင်း တင်ပြလိုက်ရပေသည်။
ရဲထွန်း (သီပေါ) ကိုးကား ; Wikipedia အွန်လိုင်းအဘိဓါန်
Link : Here
No comments:
Post a Comment