Monday, May 20, 2024

လေကြောင်းတိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာ ၂၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်

mizzima
May 20,2024

ဘူးသီးတောင်မြို့နယ်မှ ထွက်ပြေးလာသော ရိုဟင်ဂျာများ (photo- AA info)

အာဏာသိမ်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာ ၂၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပြီး ၎င်းတို့ကို ဆေးဝါးစောင့်ရှောက်မှုပေးကာ လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားကြောင်း အာရက္ခတပ်တော် (AA) က မေလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

ယခုထွက်ပြေးလာသူများသည် ဘူးသီးတောင်မြို့ နယ် ကျောက်ဖြူတောင်ကျေးရွာ၊ တပ်မင်းချောင်းကျေးရွာနှင့် င/ကျဥ်တောက် ကျေးရွာများမှဖြစ်ပြီး ထွက်ပြေးလာသူများတွင် အမျိုးသမီးနှင့် ကလေးငယ်များလည်း ပါဝင်သည်ကို AA ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် တွေ့ရသည်။

၎င်းတို့သည် မေလ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထွက်ပြေးလာကြသူများဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်အခြေချစစ်ဗျူဟာ၊ စကခ (၁၅) ဌာနချုပ်၊ နယ်ခြားစောင့်စခန်း နှစ်ခုအပါအဝင် ဗျူဟာနှင့် တပ်ရင်း ပေါင်း ၁၃ ခုထက်မနည်းရှိနေသည့် ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော် (AA) က လအတန်ကြာ ပိတ်ဆို့တိုက်ခိုက်ပြီးနောက် မေလ ၁၈ ရက်နေ့မှ စတင်ကာ အပြီးသတ်သိမ်းပိုက် ထိန်းချုပ်လိုက်သည်။


သို့သော်လည်း တိုက်ပွဲအတွင်း ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တပ်တော်တို့အကြား ဘူးသီးတောင်မြို့နယ်တဝိုက်တွင် တိုက်ပွဲအချို့ဆက်လက် ဖြစ်ပွားနေကြောင်း AA က ထုတ်ပြန်ထားသည်။

တဖက်မှာလည်း ရခိုင်နှင့် ရိုဟင်ဂျာများအကြား လူမျိုးရေး၊ ဘာသာရေးသဖွယ် အစပြုနေသည့် ဖြစ်ရပ်များကို သတိထား ကိုယ်တွယ်သင့်ကြောင်း သတိပေးနေချိန်မှာပင် ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာကျေးရွာများကို AA က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြောဆိုချက်များ ထွက်ပေါ်လာပြီး ယင်းအပေါ် AA ဘက်က ငြင်းဆိုထားသည်။

ရခိုင်တွင် မည်သည့်ဘာသာ၊ လူမျိုးစု ဖြစ်ပါစေ ခွဲခြားမှု မရှိဘဲ အားလုံးကို ကာကွယ်စောင့်ရှောက်သွားမည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ X လူမှုကွန်ရက်တွင် မေလ ၁၈ ရက်နေ့ညပိုင်းက ရေးသားခဲ့သည်။

လက်ရှိမှာ အာရက္ခတပ်တော် (AA) သည် ရခိုင်မှ ပုဏ္ဏာကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲနှင့် ချင်းပြည်နယ်၊ ပလက်ဝဒေသတို့ကို သိမ်းပိုက် ထိန်းချုပ်ထားသည်။

မြို့ ၁၀ မြို့ကို သိမ်းပိုက်ထားသော AA သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့ကို ပိတ်ဆို့တိုက်ခိုက်နေပြီး သံတွဲမြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်နှင့် AA အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင် 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */