Friday, May 3, 2024

မောင်တောမြို့နားသို့ တိုက်ပွဲဖြစ်ပွားမှု နီးကပ်လာ

နိရဉ္စရာ
ရက်စွဲ: ၀၃ မေ ၂၀၂၄
နောင်မင်းသူ၊ နိရဉ္စရာ၊ မေလ ၃ /၂၀၂၄

(စစ်ကောင်စီက ရေကြောင်းမှအင်အားအကြီးအကျယ်ဖြည့်တင်းနေပြီး စစ်တွေသို့ စစ်ဇက်ရေယာဉ်ဖြင့် စစ်တပ်မိသားစုများနှင့်၀န်ထမ်းများကို ထပ်မံပြောင်းရွှေ့)

ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့အနီးသို့ တိုက်ပွဲများနီးကပ်လာသဖြင့် စစ်ကောင်စီက ရေကြောင်းကနေ အင်အားအကြီးအကျယ်ဖြည့်တင်းနေပြီး တစ်ခြားတစ်ဖက်တွင်လည်း ရေတပ် ဇက်ရေယာဉ်များဖြင့် စစ်တပ်မိသားစုများနှင့် ၀န်ထမ်းများကို ထပ်မံပြောင်းရွှေ့ နေသည်ဟု သတင်းရရှိသည်။

မောင်တော ကညင်ချောင်စီးပွါးရေးဇုန် ဆိပ်ကမ်းအား အသုံးပြုပြီးစစ်ကောင်စီမှ မောင်တောဒေသသို့ စစ်လက် နက်၊ စားနပ်ရိက္ခာ၊ လောင်စာဆီနှင့် စစ်သည်အင်အင်းအားဖြည့်တင်းနေကြောင်း၊ ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ မှ မေလ ၁ ရက်နေ့အထိ ၄ ကြိမ်​ တိုင်တိုင် ဇက်ရေယာဥ် ၃ စီးဖြင့် အင်အားဖြည့်တင်းခဲ့ကြောင်း၊ အပြန်တွင် ထိုဇက်ရေယာဥ်များဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများ၊ ဝန်ထမ်းများနှင့် ဒေသခံတချို့အား စစ်တွေသို့ တင် ဆောင်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

ဒေသခံ တစ်ဦးက "တိုက်ပွဲက မြို့အနီးကပ်လာပြီ။ အခု စစ်တပ်က စစ်အင်အား ထပ်ဖြည့်တင်း တာတော့တွေ့တယ်။ တိုက်ပွဲ မြို့နဲ့ နီးလာတော့ ဝန်ထမ်းတွေသာမက မြို့ခံတချို့ပါ ထွက်ပြေး တိမ်ရှောင်သွားကြတယ်။အစိုးရ ရုံးတွေက အရေးကြီးတဲ့ စာရွက်စာတန်းတွေကို ပါ ရွှေ့ပြောင်း ယူဆောင်နေကြတယ်။ မေလ ၁ ရက်နေ့ ညနေက ကညင်ချောင်းစီးပွါးရေးဇုန်က စစ်ဇက်ရေယာဥ်နဲ့ စစ်တပ်မိသားစု၊ ဝန်ထမ်းတွေနဲ့ မိသားစု ၂၅၀ လောက်လိုက်ပါသွားတယ် တယ်လို့ သိရတယ်"ဟု ပြောကြားသည်။

အာရက္ခတပ်တော် (AA) မှ မောင်တောခရိုင်တစ်ခုလုံးအား သိမ်းပိုက်နိုင်ရန် ထိုးစစ်အရှိန်မြင့်တင်နေပြီး စစ်ကောင်စီကလည်း နယ်စပ်ကုန်သွယ်မှုအချက်အချာကျသည့် မောင်တောမြို့အား လက်လွှတ် မဆုံးရှုံးစေရန် ရေကြောင်းကိုအသုံးပြုပြီး စစ်အင်အား အလုံးအရင်း ဖြည့်တင်းကာ ခံစစ်အခိုင်အမာ ပြုလုပ်လျှက် ရှိနေသည်။

လူအင်အား၊ စစ်လက်နက်ပစ္စည်း၊ ရိက္ခာများကို ဇက်ရေယာဉ်များဖြင့် ကညင်ချောင်း ဆိပ်ကမ်းမှ တဆင့် ဖြည့်တင်းနေပြီး အပြန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများ၊ ဝန်ထမ်းများနှင့် ဒေသခံ တချို့အား စစ်တွေသို့ တင် ဆောင်သွားကြောင်း သိရသည်။

" စစ်တပ် ဇက်ရေယာဉ်နဲ့ စစ်တွေကို လိုက်မယ်ဆိုယင် ခရိုင်ထွေအုပ်မှာ စာရင်းသွားပေးရတယ်။ မှတ်ပုံတင်၊ အိမ်ထောင်စု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာတွေလိုတယ်။ ဝန်ထမ်းဆိုယင် ကျပ် ၃ သိန်းပေးရတယ်။ ဒေသခံအရပ်သား ဆိုယင် ကျပ် ၅ သိန်း။ တပ်ရင်းတပ်ဖွဲမိသားစုတွေ ပေးစရာ မလိုပါဘူး"ဟု မောင်တော ဒေ သခံတစ်ဦးကပြောဆိုသည်။

မောင်တောမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့ များအားလုံးကို အာရက္ခတပ်တော်(AA)မှ ထိုးစစ်အရှိန်အဟုန်မြင့်ကာ တိုက်ခိုက်နေပြီး စစ်ကောင်စီ တပ်ဖွဲများအားလုံး ဝိုင်းရံပိတ်ဆို့ ခံနေရသည်ဟု​ သိရသည်။

တိုက်ပွဲများမှာလည်း နေ့စဥ် ပြင်းထန်စွာ ဖြစ်ပွာနေပြီး လက်ရှိ မောင်တောမြိုနှင့် လွန်စွာနီးကပ် လာလျှက်ရှိနေသည်ဟု ဒေသခံများက ပြောကြားသည်။

မောင်တောမြို့ပေါ် အပါအဝင် ထွက်ပြေးတိမ်းရှောင်နေကြသူများအနေဖြင့်လည်း စားဝတ်နေရေး အခက်အခဲအမျိုးမျိုး​နှင့် ရင်ဆိုင်ပြီး နေထိုင်လျှက်ရှိနေကြသည်ဟု ဆိုသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */