Friday, May 31, 2024

AA ကို တိုက်ရန် ရိုဟင်ဂျာလက်နက်ကိုင်များ စစ်သားစုဆောင်း

ဧရာဝတီ
31 May 2024

ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း၊ ကောက်ဘဇားရှိ အူကီယာ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများ / AFP

ရိုဟင်ဂျာမိခင် ဆိုဖူရာ ဘီဂမ်သည် မြန်မာနိုင်ငံမှ ထွက်ပြေးလာပြီးနောက် ညစ်ပတ်စုတ်ပြတ်နေသည့် ဒုက္ခသည်စခန်းတွင် နေထိုင်ရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ ယခုအခါ သူ့ကို ထိုနေရာသို့ ပို့ဆောင်ခဲ့သော စစ်တပ်က စစ်တိုက်ရန် သူ၏ ဆယ်ကျော်သက်အရွယ် သားကို ခေါ်ဆောင်သွားပြီဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်မှ စစ်သွေးကြွ ရိုဟင်ဂျာအုပ်စုများသည် အိမ်နီးချင်း မြန်မာမှ စစ်ကောင်စီကို အောင်ပွဲအများအပြား ရရှိထားသည့် အာရက္ခတပ်တော် (AA) အား တိုက်ခိုက်ရန် ရိုဟင်ဂျာ အမျိုးသားများနှင့် ယောကျ်ားလေးများကို အတင်းအကျပ် စစ်သားစုဆောင်းနေသည်။

ထိုသို့တိုက်ခိုက်ရန် စေလွှတ်ခံရသူများသည် ၂၀၁၇ ခုနှစ်က ဖြိုခွဲမှုတွင် ဖိနှိပ်ခံ မွတ်စလင် ၇ သိန်းခွဲကို နေအိမ်များမှ မောင်းထုတ်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးအောင်လုပ်သည့် စစ်တပ်နှင့်အတူ တိုက်ခိုက် နေရသည်။ ထိုသို့ ဖြိုခွဲသည့်ကိစ္စသည် ကုလသမဂ္ဂ၏ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားရုံးတွင် စစ်ဆေးနေသည့် အမှုဖြစ်သည်။

စစ်သားစုဆောင်းရန် အားထုတ်ရာတွင် စစ်သွေးကြွများက ရိုဟင်ဂျာများသည် ခြိမ်းခြောက်မှုအသစ်ကို ရင်ဆိုင်ရန် ရန်သူဟောင်း မြန်မာစစ်တပ်နှင့် မဟာမိတ်ဖွဲ့ရန် လိုသည်ဟု ပြောသည်။

သို့သော် ၎င်းတို့ ဆွေမျိုးသားချင်းများကို ရွေးချယ်ခွင့် မပေးကြောင်း ထိုသို့ အတင်းအကျပ် စစ်တိုက်ခိုင်းခံရသူများ၏ မိသားစုများက ပြောသည်။

“သူ့ကို လွှဲပြောင်းပေးအပ်ဖို့ သူတို့က ကျမတို့ကိုပြောတယ်” ဟု အသက် ၃၀ အရွယ် ဘီဂမ်က ပြော သည်။ သူ၏သား ၁၅ နှစ်အရွယ် အဗ္ဗဒူကို လက်နက်ကိုင်ဆောင်ထားသူများက ၎င်းတို့နေအိမ်မှ လာရောက် ခေါ်ဆောင်သွားကြောင်း ဘီဂမ်က AFP ကို ပြောသည်။

“သူတို့က ကျမတို့ကို ခြိမ်းခြောက်တယ်။ ဒါဟာ ဘာသာတရား ယုံကြည်မှုစစ်ပွဲလို့ သူတို့က ပြောတယ်။ ကျမသား စစ်တိုက်တာ ကျမ မလိုလားဘူး။ ဒါပေမယ့် ကျမတို့ အန္တရာယ်များတဲ့ အခြေအနေရောက်နေတယ်” ဟု ၎င်းက ပြောသည်။

AFP သတင်းဌာနသည် ဒုက္ခသည်စခန်း သုံးခုတွင် ရှိနေသည့် ရိုဟင်ဂျာ လက်နက်ကိုင် အုပ်စု သုံးခုက အတင်းအကျပ် စစ်သားစုဆောင်းခံရသည့် မိသားစု ခြောက်စုနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

အသက် ၂၀ အရွယ်သားကို အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) က ခေါ်သွားပြီး တိုက်ခိုက်ရန် နယ်စပ်တဖက်သို့ ပို့လိုက်ကြောင်း လက်စားချေခံရမည်ကို ကြောက်သောကြောင့် အမည်မဖော်လိုသူတဦးက ပြောသည်။

“တိုက်ပွဲမှာ သူ ဒဏ်ရာရတယ်လို့ ကျနော် သိရတယ်” ဟု ထိုအမျိုးသားက ပြောသည်။

စစ်တပ်က လူသစ်စုပြီး စစ်သင်တန်းပေးရာတွင် ပါဝင်သော ရိုဟင်ဂျာ မွတ်စလင်များ

“ကျနော့်သားကို အတင်းအကျပ် စစ်သားစုဆောင်းခံရတာ ရှက်စရာကောင်းတယ်။ ကျနော်တို့လူတွေကို နေ့တိုင်းလာခေါ်နေတယ်” ဟု ၎င်းက ဆက်ပြောသည်။

ကျနော်တို့ လူတွေကို သတ်တယ်

၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့သော စစ်ကောင်စီကို တိုက်ခိုက်နေသည့် လက်နက်ကိုင် အဖွဲ့အစည်းများအနက် တခုဖြစ်သော AA ထံသို့ စစ်ကောင်စီသည် ယခုနှစ်အတွင်း နယ်မြေအများအပြား ဆုံးရှုံးနေသည်။

AA က ၎င်းတို့သည် ပြည်နယ်အတွင်းမှ ရခိုင်လူမျိုးစုများ ပိုမိုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေးအတွက် တိုက်ပွဲဝင်နေကြောင်း ပြောသည်။ ထိုပြည်နယ်တွင် ၂၀၁၇ ခုနှစ် ဖြိုခွဲမှုအပြီး ရိုဟင်ဂျာ ၆ သိန်းခန့်လည်း ဆက်လက် နေထိုင်ကြသည်။

ယခုလအတွင်း AA သည် ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ရိုဟင်ဂျာ အများစုနေထိုင်ရာ ဘူးသီးတောင်မြို့ကို သိမ်းပိုက်လိုက်သည်။

တိုက်ခိုက်ရေးသမားများသည် ရိုဟင်ဂျာများကို ထွက်ပြေးစေပြီးနောက် လုယက်ကာ ၎င်းတို့ နေအိမ်များကို မီးရှို့လိုက်ကြောင်း အဝေးရောက် ရိုဟင်ဂျာ အများအပြားက ပြောသော်လည်း ထိုကိစ္စသည် ဝါဒဖြန့်ခြင်းဖြစ်သည်ဟု AA က ပြောသည်။

ဘင်္ဂလားဒေ့ရှ် စခန်းများမှ အခြား လက်နက်ကိုင်အုပ်စုတခုမှာ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) ဖြစ်ပြီး ၎င်းတို့သည် တိုက်ခိုက်ရန်အတွက် ဒုက္ခသည်များကို လူသစ်စုဆောင်းနေကြောင်း ပြောသည်။

“အာရက္ခ တပ်တော်က ကျနော်တို့ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တယ်” ဟု RSO နိုင်ငံရေးခေါင်းဆောင် ကိုကိုလင်းက AFP သတင်းဌာနသို့ ပြောသည်။

“သူတို့ရဲ့ တခုတည်းသော မူဝါဒက ရိုဟင်ဂျာ လူမှုအသိုက်အဝန်းကို သုတ်သင်ဖို့ပဲ။ ဒါကြောင့် ကျနော်တို့က ရိုဟင်ဂျာတွေကို ပုံမှန် လူသစ်စုဆောင်းပြီး စစ်သင်တန်းပေးနေတယ်” ဟု ၎င်းက ပြောသည်။

အခြားအဖွဲ့များက လူသစ်စုဆောင်းခြင်းရှိ၊ မရှိ ကိုကိုလင်းက မပြောပေ။

AA ပြောခွင့်ရသူ ခိုင်သုခက RSO, ARSA နှင့် အာရကန် ရိုဟင်ဂျာ တပ်မတော် (ARA) တို့သည် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများကို စစ်သားစုဆောင်းနေကြောင်း ပြောသည်။

စစ်ကောင်စီတပ်များနှင့်အတူ မတိုက်ခိုက်မီ ထိုအတင်းအကျပ် စစ်သားစုဆောင်းခံရသူများကို မြန်မာစစ်တပ်စခန်းတွင် သင်တန်းပေးနေကြောင်း ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တဝန်းတွင် မိုဘိုင်းဖုန်းနှင့် အင်တာနက်ကွန်ရက် ဖြတ်တောက်ထားသောကြောင့် ရိုဟင်ဂျာနှင့် စစ်တပ်အကြား ပူးပေါင်းဆောင်ရွက်မှုသည် စစ်မြေပြင်တွင် မည်သို့ဖြစ်နေသည်ကို အကဲဖြတ်ရန် ခက်ခဲသည်။

အစကတည်းက ညာနေ

ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည် ရာပေါင်းများစွာကို လူသစ်စုဆောင်းကြောင်း ကုလသမဂ္ဂ အဆင့်မြင့်အရာရှိတဦးနှင့် လူအခွင့်အရေးအဖွဲ့တခုမှ အရာရှိတဦးကပြောသည်။ ထိုကိစ္စသည် အရေးပါသောကြောင့် ၎င်းတို့ နှစ်ဦးလုံး အမည်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နေသော ရိုဟင်ဂျာအုပ်စုများသည် မြန်မာတွင်လည်း အမျိုးသားများနှင့် ယောကျ်ားလေး ရာပေါင်းများစွာကို လူသစ်စုဆောင်းနေသည်။

ရိုဟင်ဂျာများသည် မြန်မာတွင် နေထိုင်သည်မှာ ရာစုနစ်ချီကြာပြီ ဖြစ်သော်လည်း မြန်မာသည် ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူများဟု တရားဝင်သတ်မှတ်သည်။

အစိုးရအဆက်ဆက်သည် ရိုဟင်ဂျာများကို ဖိနှိပ်ပြီး ၂၀၁၅ ခုနှစ်မှ စတင်ကာ ၎င်းတို့ကို နိုင်ငံသားအဖြစ် အသိအမှတ် မပြုပေ။

အသက် ၁၄ နှစ်အထိငယ်သော ကလေးများကို ၎င်းတို့ ဆန္ဒမပါဘဲ စစ်မြေပြင်သို့ အတင်းအကျပ်ပို့ကြောင်း နိုင်ငံတကာ အကျပ်အတည်းလေ့လာရေးအဖွဲ့ (ICG) မှ သောမတ် ကီးန်က ပြောသည်။

မြန်မာစစ်ကောင်စီက လခနှင့် နိုင်ငံသားဖြစ်ခွင့်ပေးမည်ဟု ကတိပြုခံရပြီး ရိုဟင်ဂျာ အနည်းငယ်သည် ဆန္ဒအလျောက် စစ်တပ်သို့ ဝင်ရောက်ပုံရကြောင်းလည်း ၎င်းကပြောသည်။

လွန်ခဲ့သောနှစ်မှစတင်ပြီး တော်လှန်ရေး အင်အားစုများထံ ကြီးမားသော စစ်မြေပြင် ဆုံးရှုံးမှုများ ရင် ဆိုင်ရပြီး စစ်တပ်သည် အင်အားဖြည့်တင်းရန် အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို ဖေဖော်ဝါရီလတွင် အသက်သွင်းသည်။

သူ၏ အကို ကို ARSA က ရိုက်နှက်ဖမ်းဆီးပြီး စစ်တပ်နှင့်အတူ တိုက်ခိုင်းသည်ဟု အမည်မဖော်လိုသည့် ဘူးသီးတောင်မှ ရိုဟင်ဂျာတဦးက AFP သတင်းဌာနသို့ ပြောသည်။

ထိုသို့ အတင်းအကျပ် စစ်သားစုဆောင်းသူများအား ရိုဟင်ဂျာရွာများကို ကာကွယ်ရေးအတွက် ပြည် သူ့စစ်အဖြစ် လေ့ကျင့်ပေးမည်ဟု စစ်ကောင်စီကိုယ်စားလှယ်များက ကနဦးတွင်ပြောကြောင်း ၎င်းကပြောသည်။

“ဒါပေမယ့် နောက်တော့ သူတို့ကို စစ်မြေပြင်မှာ စတင်အသုံးပြုတယ်။ စစ်ကောင်စီက အစကတည်း က ညာနေတာ” ဟုလည်း ၎င်းကပြောသည်။

ကိုးကား ။ ။ AFP သတင်း Rohingya Forced to Fight Alongside Myanmar Army Tormentors

You may also like these stories:



Link : Here



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */