" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, April 14, 2024

ရိုဟင်ဂျာတွေ လွတ်လပ်စွာ အီးဒ်ပွဲတော် မကျင်းပနိုင်တဲ့အပေါ် NUG ကြေညာချက်ထုတ်

RFA
RFA Burmese
2024.04.10

ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအား စစ်ယူနီဖောင်းဝတ်ဆင်ပေးပြီး စစ်သင်တန်းပေးနေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေနဲ့ ပြည်တွင်းမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေ ရမဒွါန်လမှာ လွတ်လပ်စွာ ဥပုသ်သီလ မဆောက်တည်နိုင်တဲ့အပေါ် စိတ်မကောင်းဖြစ်ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဘာသာရေးအရ အရေးကြီးချိန်မှာ အတင်းအကျပ် စစ်သားစုဆောင်းခံနေရတဲ့ ရိုဟင်ဂျာတွေအတွက် ကိုယ်ချင်းစာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က RFA ကို ပြောပါတယ်။

"ပြည်တွင်းမှာရှိတဲ့ ရိုဟင်ဂျာတွေဆိုရင် ရခိုင်ပြည်နယ်ထဲမှာ အတင်းအဓမ္မ စစ်သားစုဆောင်းခံရပြီးတော့ ရှေ့ တန်း မှာ လူသားဒိုင်းအနေနဲ့ အသုံးပြုတာခံရတယ်၊ ဘာသာရေးအရ အရေးကြီးတဲ့အချိန်မှာ တမင်ရွေးပြီးတော့လုပ်တယ်လို့ ကျွန်တော်တို့က သုံးသပ်တယ်၊ ဒါကြောင့်လည်း ရိုဟင်ဂျာပြည်သူတွေ အပါအဝင် အစ္စလာမ်ဘာ သာဝင်တွေ အဲလိုကြုံတွေ့ရတာကို လွတ်လပ်မှုမရှိတဲ့အချိန်မှာ ဒုက္ခခံရတာကို ကိုယ်ချင်းစာတယ်၊ ဝမ်းနည်းတယ်"

ဧပြီ ၁၀ ရက်နေ့မှာကျရောက်တဲ့ အီးဒ်ပွဲတော်နေ့ကို NUG က သဝဏ်လွှာ ပေးပို့ခဲ့တာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြတ်ပြတ်တဲ့အထိ သက်ဆိုင်ရာ အင် အားစုအသီးသီးနဲ့ ပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။

အဲဒီလိုပူးပေါင်းဆောင်ရွက်ရာမှာ ရိုဟင်ဂျာတွေအပါအဝင် အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းသွားမယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။

ဘူးသီးတောင်တွင် AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိဆိုပြီး ရိုဟင်ဂျာများ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်။ (ဓာတ်ပုံ : ဟန်ငြိမ်းဦး)
 

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ရက္ခိုင့်တပ်တော် (AA) အလိုမရှိကြောင်းနဲ့ တိုက်ပွဲတွေ အလိုမရှိကြောင်း ရိုဟင်ဂျာတွေက မတ်လ ၂၅ ရက်နေ့မှာ ဆန္ဒပြခဲ့ပြီး အဲဒီဆန္ဒပြပွဲကို စစ်ကောင်စီက အတင်းအဓမ္မစေခိုင်းတာလို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ AA က ထုတ်ပြန်ထားပါတယ်။

ဒါဟာ လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် စစ်ကောင်စီက ဖန်တီးတာလို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဝေဖန်ပါတယ်။

"တော်လှန်ရေးအင်အားစုတွေ အင်အားချိနဲ့ပြီး တော်လှန်ရေးအရှိန်အဟုန်လျော့အောင် စစ်ကောင်စီက လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခပုံစံ ပုံဖော်ဖို့ ကြိုးစားနေတယ်၊ ရိုဟင်ဂျာတွေအပါအဝင် ပြည်သူလူထု တစ်ရပ်လုံးက သူတို့ရဲ့ အကွက်တွေကို မြင်ပြီးသားဖြစ်ပါလိမ့်မယ်၊ အထူးသဖြင့် တော်လှန်ရေးအရှိန်မြင့်နေတဲ့အချိန်မှာ သွေးခွဲတဲ့စကား၊ မုန်းတီးရေးစကားတွေကို သတိပြုဖို့လိုပါတယ်"

အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကြိုးပမ်းရာမှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ခွင့်တူညီမျှမှုနဲ့ ခွဲခြားဆက်ဆံမှု ကင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်ထွန်းလာဖို့ ဆောင်ရွက်သွားမယ်လို့လည်း NUG က ပြောထားပါတယ်။

အီးဒ်ပွဲတော်နေ့နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသလို NUG ပေးပို့တဲ့ သဝဏ်လွှာအပေါ် သဘောထားသိရဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ဆက်နွယ်သောသတင်းများ

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */