" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, April 19, 2024

ဘူးသီးတောင်မှာ လက်နက်ကြီးကြောင့် အရပ်သားလေးဦး သေဆုံး

RFA
RFA Burmese
2024.04.19 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ကို တွေ့ရစဥ်။Photo: RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အမှတ် (၂) ရပ်ကွက်ကို ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးသုံးဦး သေဆုံးပြီး ၁၂ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ရှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဧပြီလ ၁၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြပါတယ်။

အဲဒီလက်နက်ကြီးကျည်တွေဟာ ရက္ခိုင့်တပ်တော် (AA) က ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA ကဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာလည်း ဘူးသီးတောင်မြို့ အမှတ် (၅) ရပ်ကွက်က ကားပစ္စည်းဆိုင်တစ်ခုကနေ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ပြီး စုစုပေါင်း နေအိမ် ငါးဆယ်ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ကြေးမုံသတင်း စာမှာ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေနဲ့ပတ်သက်လို့ ဆက်သွယ်ရေးအခက်အခဲကြောင့် RFA အနေနဲ့ သီးခြားလွတ် လပ်တဲ့ အတည်ပြုချက် မရသေးပါဘူး။

ဘူးသီးတောင် ဒေသခံတွေကတော့ ဘူးသီးတောင်မြို့မှာ ဧပြီလ ၁၃ ရက်နေ့ကစလို့ အမှတ် ၁၊ ၂၊ ၄ နဲ့ ၅ ရပ် ကွက်တွေက နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဘူးသီးတောင်မြို့မှာရှိနေတဲ့ နယ်စည်းမခြား ဆရာဝန်များအသင်း (MSF) ရဲ့ ရုံးနဲ့ဆေးခန်းလည်း ဧပြီလ ၁၅ ရက်နေ့မှာ မီးရှို့ခံလိုက်ရပြီး ဝန်ထမ်းတွေ ဘေးကင်းခဲ့ပေမယ့် ရုံးသုံးပစ္စည်းတွေနဲ့ ဆေးတွေအားလုံး မီးလောင်ပျက်စီး ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘယ်သူတွေက မီးရှို့ဖျက်ဆီးသွားတယ်ဆိုတာကိုတော့ MSF က ဖော်ပြထားတာမရှိပါဘူး။

ဘူးသီးတောင်မြို့နယ်ဟာ ဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး မြို့ပေါ်နေ ဒေသခံအများစုဟာလည်း မတ်လကုန်ပိုင်းကစလို့ မြို့နယ်တောင်ပိုင်းနဲ့ တခြားနီးစပ်ရာဆွေမျိုးတွေရှိရာကို ယာယီ တိမ်းရှောင်နေကြပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရဲ့ ဧပြီလ ၃ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုမှာ တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ၂၀၂၄ မတ်လ ၂၂ ရက်အတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပ လက်ဝမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၇၉ ဦး သေဆုံးခဲ့ရပြီး ၄၆၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဆက်နွယ်သောသတင်းများ 


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */