" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, April 18, 2024

တိုက်ပွဲမဖြစ်ဘဲ ဘူးသီးတောင် မြို့လုံးကျွတ်နီးပါး မီးရှို့ခံရ

ဧရာဝတီ
၂၀၁၇ ခုနှစ်က ဘူးသီးတောင်မြို့တွင် တွေ့ရသည့် စစ်သားများ
 
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ဘူးသီးတောင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဧပြီလ ၁၂ ရက်မှစ၍ မြို့လုံးကျွတ်နီးပါး မီးရှို့ခံနေရပြီး ဒေသခံထောင်နှင့်ချီ ဖမ်းဆီးခံထားရကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ဘူးသီးတောင်မြို့၌ စစ်ကောင်စီတပ်ရင်း ၁၂ ခု နှင့် ရဲတပ်ရင်း ၁၀ ခုကျော်ရှိပြီး တပ်မ ဗျူဟာ အထိုင်ချထားသ လို လက်ရှိ အချိန်ထိ အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း မြို့ခံအများစုမှာ ယခုနှစ်ဇန်နဝါရီလခန့် ကတည်းက စစ်တွေ၊ ရန်ကုန်နှင့် အနီးရှိ ရွာများတွင် စစ်ရှောင်ကာ နေထိုင်ကြပြီး မြို့ပေါ်တွင် ရခိုင်လူမျိုးအနည်းငယ်နှင့် မွတ်စလင်များသာကျန်ကြောင်း သိရသည်။

ထိုသို့သော အခြေအနေတွင် ဧပြီ ၁၂ရက်က အိမ်များ စတင်မီးရှို့ခံရပြီး ဒေသတွင်း ဆင်းရဲနွမ်းပါး သူများနှင့် စစ်ရှောင်များ ကို အခမဲ့ဆေးကုပေးနေသည့် ဘူးသီးတောင် အခြေစိုက် နယ်စည်းမခြားဆရာဝန်များ အသင်း (MSF) ရုံးနှင့် ဆေးခန်း လည်း ဧပြီလ ၁၅ ရက်နေ့က မီးရှို့ခံခဲ့ရကြောင်း၊ ရုံးသုံးပစ္စည်းများနှင့် ဆေးဝါးများ ပျက်စီးဆုံးရှုံးခဲ့ပြီး ပဋိဇီဝဆေးများ၊ နမိုးနီးယားကဲ့သို့ ရောဂါကုသည့် ကိရိယာများ၊ ကာကွယ်ဆေးများ ပါသွားခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်လာသည်။

ဘူးသီးတောင်မြို့ခံ ဒေါ်အေးခင်က “အခု မီးရှို့ခံရတာ တမြို့လုံးကုန်ပြီ။ ဧပြီ ၁၂ ရက်ကတည်းက စစ်တပ်နဲ့ မွတ်စလင်တွေ ပေါင်းရှို့ကြတာ။ ကျမတို့က ၁ လ၊ ၂ လပဲ စစ်ရှောင်မယ်ဆိုပြီး အရေးကြီး စာရွက်စာတမ်းနဲ့ ငွေကြေးတွေပဲ ယူလာတာ။ အိမ်မှာရှိတဲ့ ပစ္စည်းတွေ ဖောက်ချင်ဖောက်ပေါ့။ အိမ်လေးပဲ ကျန်ရင် ရပါပြီဆိုပြီး ပစ္စည်းတွေ အကုန်ထားခဲ့တာ။ အခု အကုန်မီးရှို့ခံရတော့ နေစရာမရှိတော့ဘူး။ ပြန်လာရင်တောင် မြေတောင် ရှိပါ့မလားမသိတော့ဘူး” ဟု ဧရာဝတီကို ပြောသည်။

ဘူးသီးတောင်မြို့တွင် ရပ်ကွက် ၇ ခုရှိပြီး အိမ်ခြေ ၁,၄၈၀ ကျော်ရှိကြောင်း၊ လက်ရှိတွင် အိမ်ခြေ ၁ ထောင်ကျော် မီးလောင်သွားပြီဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က “ ဘူးသီးတောင်မြို့ပေါ်မှာ မီးရှို့တာတွေ လုပ်ခဲ့တာမှန်ပါတယ်။ စစ်တပ်က ဒီလူငယ်တွေကို ခေါ်သွားတာလည်း မှန်ပါတယ်။ သူတို့ကို စစ်တပ်ထဲ အတင်းအဓမ္မထည့်ထားတဲ့အတွက် ခေါ်ရင်လိုက်သွားရပါတယ်။ ခိုင်းသမျှလည်း လုပ်ရပါတယ်။ စစ်တပ်က ခိုင်းသမျှကို လုပ်ရတဲ့အနေအထားပါ” ဟု ဧရာဝတီသို့ ပြောသည်။

MSF ရုံးခန်း မီးရှို့ခံရသည့် မြင်ကွင်း/MSF

ယနေ့တွင်လည်း မီးရှို့မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး မီးမလောင်သည့် အိမ်များကို မြေကော်ကားများဖြင့် ဖြိုချဖျက်ဆီးနေကြောင်း သိရသည်။

ဒေသခံတဦးက “တိုက်ပွဲဖြစ်ပွားလို့ လက်နက်ကြီးကျလို့ အိမ်ပျက်တယ်ဆိုရင် ကိုယ့်ကံပဲ ဆိုပြီး ဖြေသာပါသေးတယ်။ အခု က သက်သက်ကြီး မီးရှို့တာ။ ဒီနေ့ထိ ဆက်ရှို့နေတုန်းပဲ။ အနီးရွာတွေကို ရှောင်တဲ့ စစ်ရှောင်တွေက ကိုယ့်အိမ်ကိုယ် ပြန် ကြည့် ပစ္စည်းယူတဲ့သူတွေလည်း ဖမ်းဆီးခံရတာ သတ်ဖြတ်ခံရတာတွေရှိတယ်။ အလောင်းတွေဆို လမ်းတွေမှာ ဒီတိုင်းပဲ ထားထားတာ” ဟု ပြောသည်။

အိန္ဒိယ သတင်းဌာနတခုဖြစ်သည့် The New Indian Express ၏ ဧပြီ ၁၅ရက်နေ့ သတင်းတွင်လည်း အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်( ARSA)က ဘူးသီးတောင်မြို့ရှိ အပြစ်မဲ့ အရပ်သားများကို ဖမ်းဆီးကာ နေအိမ် များကို မီးရှို့ဖျက်ဆီး နေကြောင်း၊ ARSA နှင့်အတူ အာရကန် ရိုဟင်ဂျာတပ် (ARA)လည်းပါဝင်ပြီး မြို့ပေါ်ရှိ အရပ် သား ပြည်သူ ၁,၇၂၀ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားကာ နေအိမ် ၂၀၀ ကျော်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီသည် AA အား တိုက်ခိုက်ရန် ARSA နှင့် ARA ကို စစ်သင်တန်းပေးနေပြီး ဒေသတွင်းမတည် မငြိမ် ဖြစ်စေရန် ဖော်ဆောင်နေကြောင်း၊ ဧပြီလ ၁၅ ရက်အထိစာရင်းအရ ဘူးသီးတောင်တွင်ရှိသော ဟိန္ဒူဘာ သာဝင် ၁,၆၀၀ ကျော်နှင့် ဗုဒ္ဓဘာသာဝင် ၁၂၀ ဦးကို ARSA နှင့် ARA တို့က ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း အဆိုပါ သတင်းက ဆိုသည်။

ပြီးခဲ့သည့် မတ်လ နောက်ဆုံးအပတ်ကစ၍လည်း ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့တို့တွင် စစ်ကောင်စီ၏ ကြိုးကိုင် မှုကြောင့် မွတ်စလင်ကလေးငယ်များ ဦးဆောင်ကာ AA အား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့မှုအ ပေါ် စစ်ကောင်စီသည် ရခိုင်စစ်မျက်နှာတွင် စစ်မနိုင်၍ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ် ချက်ရှိရှိ ဖန်တီးပုံဖော်နေသည်ဟု AA က တုန့်ပြန်ထားသည်။

မွတ်စလင်အများစုနေထိုင်သော ဘူးသီးတောင်မြို့ပေါ်တွင် ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ် လူဦးရေ ၁၈,၀၉၃ ရှိသော်လည်း လူမျိုးဘာသာနှင့်ပတ်သက်၍ ရာခိုင်နှုန်း အတိအကျ ဖော်ပြထားခြင်း မရှိပေ။

ဘူးသီးတောင်နှင့် ၁၆ မိုင် ကွာဝေးသော မောင်တောမြို့တွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်၏ ကြိမ်ချောင်းဗျူဟာစခန်းကို ဧပြီ ၁၂ ရက်တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဘူးသီးတောင်မြို့နယ်အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် တောင်ကုတ်မြို့နယ်အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တို့ကို အမြန်ဆုံး လက်နက်ချအညံ့ခံရန်နှင့် လက်နက်မချလျှင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း AA က သတိပေးထားသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြိုနယ် အမှတ် ၅ ရပ်ကွက်အတွင်း ဧပြီလ ၁၇ ရက်၊ နံနက်(၁၁)နာရီခန့်တွင် ဖြစ် ပွားခဲ့သည့် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အကြမ်းဖက် AA အဖွဲ့က တပ်မတော်မှ လုပ်ဆောင်ခဲ့ကြောင်းနှင့် ဘူးသီးတောင်မြို့နယ်နေ မွတ်ဆလင်များမှ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲချက် ထွက်ပေါ်မှုများ ၊ အိန္ဒိယ မီဒီယာတစ်ခုမှ စွပ်စွဲရေးသားဖော်ပြမှုများ ၊ AA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင်၏ လူမှုကွန်ရက်တွင် မြန် မာနိုင်ငံတွင် ဟိန္ဒူဘာသာဝင် ၁၆၀၀ နှင့် ဗုဒ္ဓဘာသာဝင် ၁၂၀ အား အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားကြောင်း ရေးသားချက် ၊ ဖော်ပြချက်များနှင့် ပတ်သက်၍ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်း ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းရေးသားချက်များသည် အဆိုပါဒေသတွင် လူမျိုးရေးပဋိပက္ခ၊ တပ်မတော်နှင့် လုံခြုံရေးအဖွဲ့များကို အထင်အမြင်လွဲစေရန် ယုတ်မာသော ဖန်တီးရေးသားမှုများဖြစ်ကြောင်း၊ ဖော်ပြသော မီဒီယာအား အပြင်းအထန်ရှုံချ ကန့်ကွက်ကြောင်း ယနေ့ ညပိုင်းတွင် ပြောသည်။

You may also like these stories:


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */