" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, March 21, 2024

အမေရိကန်ဘာသာရေးလွတ်လပ်ခွင့် USCIRF အဖွဲ့က ရိုဟင်ဂျာတွေအတွက် အဆိုပြုချက်ထုတ်ပြန်

RFA
RFA Burmese
2024.03.21

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ AFP

ရိုဟင်ဂျာတွေကို လူမျိုးတုံးသုတ်သင်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်က အခုအချိန်မှာ သူတို့ကို စစ်မှုထမ်းပြီးရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုမယ်ဆိုတဲ့အစီအစဉ်တောင်မပါဘဲ စစ်တပ်ထဲထည့်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် USCIRF ကော်မရှင်မင်းကြီး အဲရစ်ဟူးလန်းဒ် က မနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ တပ်မတော်ဟာ တိုင်းပြည်ကို ဖရိဖရဲနဲ့ စည်းလွတ်ဝါးလွတ်အုပ်ချုပ်နေတယ်လို့ သူက ပြောပါတယ်။

Burma Act 2022 လို့ခေါ်တဲ့ အမေရိကန်ရဲ့ မြန်မာပြည်ကိုကူညီရေးဥပဒေအရ ရိုဟင်ဂျာတွေကို ဖိနှိပ်ခဲ့တဲ့ မြန်မာစစ်တပ်တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာအောင် ဆောင်ရွက်မယ့်လုပ်ငန်းစဉ်မှာ အမေရိကန် အစိုးရNUGအမျိုးသား ညီညွတ်ရေးအစိုးရကို အားပေးရမယ်ဆိုပြီး ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေအတွင်း ဘာသာရေးလွတ်လပ်ခွင့်ကို နည်းပညာသုံးပြီး ဩဇာသက်ရောက်အောင် ဘယ်လိုဆောင်ရွက်နေကြလဲဆိုတဲ့ကြားနာပွဲကို USCIRF က ဒီနှစ် ဇန်နဝါရီလက ပြုလုပ်ခဲ့ပါ တယ်။ အဲဒီကြားနာပွဲမှာ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့အတွက် အင်တာနက်လူမှုကွန်ရက်စာမျက်နှာ တွေရော၊ အွန်လိုင်းကနေ စောင့်ကြည့်တဲ့နည်းတွေပါသုံးနေတယ်လို့ မျက်မြင်တွေက ထွက်ဆိုကြတယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် USCIRF ရဲ့ ၂၀၂၃ ခုနှစ်အစီရင်ခံစာမှာ အဆိုပြုထားတဲ့ အချက်လေးချက်ကို ပြန်ပြီး ရည်ညွှန်းထားပါတယ်။ ပထမအဆိုပြုချက်က မြန်မာနိုင်ငံကို စိုးရိမ်စရာကောင်းတဲ့တိုင်းပြည်အဖြစ် ပြန်ပြီးသတ်မှတ်ဖို့ ဖြစ်ပါတယ်။

ဒုတိယအဆိုပြုချက်က ရိုဟင်ဂျာတွေ နေရပ်ပြန်ခွင့်ရပြီး နိုင်ငံသားပြန်ရဖို့အပါအဝင် လွတ်လပ်စွာယုံကြည် ကိုးကွယ်ခွင့်တွေရှိဖို့နဲ့ မြန်မာစစ်တပ်ကို အရေးယူဖို့အတွက် NUG အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် ဒီမိုကရေစီအင်အားစုအဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

တတိယအချက်က ရိုဟင်ဂျာတွေ ကိုယ့်ဆန္ဒနဲ့ကိုယ် ပြန်ပြီးဘဝထူထောင်တဲ့အခါ လိုအပ်တဲ့ပညာရေးနဲ့ သက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ပညာရပ်တွေ သင်နိုင်အောင် ကူညီဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်း ရော ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ပါ လက်တွဲဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

နောက်ဆုံးအချက်ကတော့ တိုးချဲ့အစီအစဉ်အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အမေရိကမှာ အခြေချနေထိုင် ခွင့်ပေးဖို့ဆိုတဲ့အချက် ဖြစ်ပါတယ်။

ဆက်နွယ်သောသတင်းများ

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */