" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 20, 2024

ဘူးသီးတောင် ခမရ- ၅၅၂ တပ်ရင်းမှ စစ်ကောင်စီတပ်သားများ စခန်းမှ စတင်ဆုတ်ခွာထွက်ပြေး

AYEYARWADDY TIMES
March 19, 2024 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ-၅၅၂တပ်ရင်းကို ရက္ခိုင့် တပ်တော်(AA)က ထိုးစစ် ဆင်တိုက်ခိုက်လျက်ရှိသည့်အတွက် စစ်ကောင်စီတပ်သားများ စခန်းကို စတင်စွန့်ခွာထွက်ပြေးနေကြောင်း သိရ သည်။

 

စစ်ကောင်စီ၏ ခမရ-၅၅၂ တပ်ရင်းမှ စစ်ကောင်စီတပ်သားများသည် ယမန်နေ့ မတ် ၁၈ရက်နေ့မှစ၍ စခန်းစွန့်ခွာကာ တောင်ဘဇာဘက်မှနေ၍ ဘူးသီးတောင်ရှိ အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ- ၁၅) အတွင်းသို့ သွားရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။

AA သည် ဘူးသီးတောင် ရှိ ခမရ-၅၅၂ တပ်ရင်းကို ပြီးခဲ့သည့် မတ် ၁၅ရက်နေ့မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် စခန်းရှိ စစ်ကောင်စီတပ်သားများ ယမန်နေ့မှ စတင်၍ စခန်းစွန့်ခွာထွက်ပြေးကြခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“AAက စတိုက်ကတည်းက ဒရုန်းတွေနဲ့ တောက်လျှောက်ချတာ။ မြေပြင်ထိုးစစ်လည်း အင်တိုက် အားတိုက် တက်တယ်။ ဘယ်လိုမှတောင့်မခံနိုင်ဘူး။ ဆုတ်ခွာခွင့်တောင်းပြီး စကခ ၁၅ထဲ သွားပူးပေါင်းနေတယ်လို့ သိထားတယ်။ ဘူးသီးတောင်မှာက တပ်ရင်းသာ များတာ၊ အင်အားက မပြည့်ဘူးလေ။ ခံစစ်နဲ့က မလွယ်ပါဘူး၊ ကျမယ့်ရက်ကို စောင့်နေ ရတာ” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီကို ထောက်ခံသူများကပင် ခမရ-၅၅၂ သည် ယဲ့ယဲ့သာကျန်ရှိတော့၍ လေကြောင်းပစ်ကူပေးရန် လူမှုကွန်ရက်တွင်ဖြန့်ဝေခဲ့ကြပြီး အသေမခံဘဲ ထွက်ပြေး ကြရန်လည်း တိုက်တွန်းရေးသားထားကြသည်။

လက်ရှိတွင်ဘူးသီးတောင်၌ ခြေမြန်တပ်ရင်းများအဖြစ် ခမရ-၃၄၅ ၊ ခမရ-၃၅၁၊ ခမရ-၃၅၃ ၊ ခမရ -၅၃၅၊ ခမရ-၅၅၁၊ ခမရ-၅၅၂၊ ခမရ-၅၆၄၊ ခမရ-၅၆၅တို့ရှိပြီး AA ၏တိုက်ခိုက်မှုကိုခံနေရသည့် ခမရ -၅၅၂မှ တပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ပြေးကြခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ဘူးသီးတောင်အမြှောက်တပ် အမတ-၃၆၈ကလည်း လက်နက်ကြီး များဖြင့် စစ်ကူပေးနေသော်လည်း AA ၏ ထိုးစစ်ကို တောင့်မခံနိုင်၍ အစုလိုက် စခန်းစွန့်ခွာနေကြကြောင်း သိရသည်။

ပုံစာ-AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#ဘူးသီးတောင် #စစ်ကောင်စီ #ခမရ၅၅၂ #စခန်းစွန့်ခွာပြေး #Ayeyarwaddy_Times


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */