" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 6, 2024

ရခိုင်ပြည် မြို့နယ်အတော်များများမှာ တိုက်ပွဲပြင်းထန်နေ

VOA
ဗွီအိုအေ (မြန်မာဌာန)

၀၆ မတ်၊ ၂၀၂၄ 

ရမ်းဗြဲမြို့အနီးတိုက်ပွဲမှာ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများကို ရခိုင့်တပ်တော် AA ကထုတ်ပြန် (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄) 

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AAကြား တိုက်ပွဲကာလ ၃လကျော်အတွင်း မြို့နယ် ၇ ခုနဲ့ စစ်ကောင်စီတပ်စခန်း ၂ဝဝကျော်ကို သိမ်းပိုက်ထားတယ်လို့ AA ပြောခွင့်ရက ပြောပါတယ်။ ဒီကနေ့မှာလည်း ရခိုင် ပြည်နယ်က တောင်ကုတ်၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တပ်စခန်းတွေ၊ မြို့နယ်တွေ တခုပြီးတခု ဆုံးရှုံးနေတဲ့ စစ်ကောင်စီအနေနဲ့ မြို့ပေါ်ဒေ သခံတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှာ စတင်ခဲ့တဲ့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA ကြားက တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ်အနှံ့မှာ ဒီကနေ့အထိ ပြင်းထန်နေဆဲဖြစ်ပြီး ရခိုင်မြောက်ပိုင်းက မြို့နယ် ၆ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့ကို AA က အပြီးအပိုင် သိမ်းပိုက်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်စခန်း ၂ဝဝကျော်ကိုလည်း သိမ်းပိုက်ထားပြီး ထောင်နဲ့ချီတဲ့ စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးထားတယ်လို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခ က မတ်လ ၄ ရက်၊ တနင်္လာနေ့က စာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် ထိုးစစ်ဆင် တိုက်ခိုက်တဲ့နေ့ကစလို့ လက်ရှိအထိ မြို့နယ် ပေါင်း ၆မြို့နယ်နဲ့ ရန်သူ့တပ်စခန်းပေါင်း ၂၁၅ခုကို အလုံးစုံ တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်သလို၊ နောက်ထပ် မြို့နယ် အများစုမှာလည်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်။”

AA အနေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက် သွားမယ်လို့ပြောဆိုထားပြီး မြို့ နယ်တော်တော်များများကို ထိုးစစ်ဆင် တိုက်ခိုက် နေတာပါ။ ဒီကနေ့မှာလည်း ရခိုင်တောင်ပိုင်းက တောင်ကုတ်မြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို ရသေ့တောင်မြို့နယ်က စေတီပြင် ကျေးရွာကိုလည်း စစ်ကောင်စီက ဗုံးကြဲနေတာရှိတယ်လို့ ရခိုင်အရေး တက်ကြွလှုပ်ရှားသူ ဦးထွန်းကြည်က ပြောပါတယ်။

“ မနေ့ကတော့ ပုဏ္ဏားကျွန်းမြို့က ၅၅ဝ တပ်ရင်းကို သိမ်းပိုက်တယ်လို့ AA ဘက်က ထုတ်ပြန်ထားတယ်။ လက် ရှိအချိန်ကတော့ ဒီနေ့ဆိုရင်လည်း ရသေေ့တာင်မြို့နယ် စေတီပြင် ရွာကို စစ်ကောင်စီက ဗုံးကြဲနေတာရှိတယ်။ တဘက်မှာလည်း တောင်ကုတ်မြို့နဲ့ သံတွဲမြို့ကြားမှာ တို်က်ပွဲက ပြင်းထန်နေတုန်းပဲ။ ဆိုတော့ ရခိုင်ပြည်နယ် မြောက်ဘက်အဆုံးနဲ့ တောင်ဘက် အဆုံးမှာ တိုက်ပွဲတွေ တောက်လျောက် ပြင်းထန်နေတယ်လို့ ပြောလို့ရတယ်။”

ရခိုင်ပြည်နယ်မှာ ရာနဲ့ချီတဲ့ တပ်စခန်းတွေအပြင် မြို့နယ်တချို့ကို လက်လွတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီအနေနဲ့ ကျန်ရှိနေသေးတဲ့ မြို့နယ်တွေကို ကာကွယ်နိုင်ဖို့အတွက် မြို့ဝင်မြို့ထွက် လမ်းတံတားတွေကို ဖျက်စီးတာတွေ ရှိနေသလို မြို့တွင်း အဝင်အထွက်တွေကို ကန့်သတ်ပြီး ဒေသခံတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့လည်း ကိုထွန်းကြည်က ဆက်ပြောပါတယ်။

“ လက်ရှိ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ ရှိနေသေးတဲ့ မြို့နယ်အကုန်လုံးမှာ ထွက်ခွင့်ဝင်ခွင့် လုံးဝမရှိဘူး၊ အမ်းဆိုရင်လည်း ရန်ကုန် စစ်တွေ ကားလမ်းကို အကုန်လုံးကို ဘက်ဖိုးနဲ့တူးပြီးတော့ ဖျက်လိုက်တယ်။ စစ်တွေဆိုရင်လည်း အမြင့်ကျွန်းတံတားကို အရင်ကတည်းက ချိုးပြီ အခုလည်း ထပ်ပြီးတော့ ဒီဘက်မှာ တံတားတွေကို ထပ်ချိုးတာတွေ လုပ်နေတယ်ဆိုတော့ ဒေသခံပြည်သူတွေကိုလည်း အပြင်ထွက်ခွင့် လုံးဝ ပေးမထားဘူး။ ဒါက မြို့နယ်တိုင်းပါပဲ။ ကျောက်ဖြူလည်းဒီအတိုင်းပဲ။ အမ်းလည်းဖြစ်တယ်၊ တခြား ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ ပေါ့လေ၊ မြို့နယ်တိုင်းပါပဲ။ စစ်ကောင်စီရှိတဲ့ မြို့မှာ လူသားဒိုင်းကာအဖြစ် ဓားစာခံအဖြစ်ထားတာကို တွေ့နေရတယ်။”

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစ တိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်လာတဲ့ ရခိုင်ပြည်နယ်မှာ ရေလမ်း၊ ကုန်းလမ်း သွားလာမှုတွေ ကန့်သတ်ထားတာကြောင့် စားနပ်ရိက္ခာနဲ့ အခြေခံပစ္စည်းတွေ ရှားပါးလာနေတယ်လို့လည်း ကုလ သမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ဒီတပတ်ထဲမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

အခြေအနေတွေ ပိုဆိုးလာနေတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၃သိန်းကျော်အထိ ရှိလာနေပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် နေရပ်စွန့်ခွာသူ အရေအတွက်ဟာလည်း အခုဆိုရင် ၂ သန်း ၇ သိန်းကျော် ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ခန့်မှန်းထားပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */