" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, March 16, 2024

စစ်တွေမှာ သေနတ်သမားတွေကြောင့် ရိုဟင်ဂျာတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

RFA
RFA Burmese
2024.03.15
 

ရခိုင်ပြည်နယ် စစ်တွေမြို့ ဘုမေ မွတ်စလင်ရွာစျေးကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က တွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ ဘုမေကျေးရွာမှာ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၀ ကျော်အရွယ် ရိုဟင်ဂျာတစ်ဦးသေဆုံးပြီး နောက်ထပ် နှစ်ဦးဒဏ်ရာရ သွားခဲ့တယ်လို့ ရိုဟင်ဂျာကျေးရွာသားတွေက RFA ကို ပြောပါတယ်။

သေနတ်သမားနှစ်ဦးနဲ့ နောက်လိုက်ရိုဟင်ဂျာသုံးဦးတို့ က သူတို့ ပြန်ပေးဆွဲခဲ့တဲ့ သုံးနှစ်အရွယ် ရိုဟင်ဂျာမိန်းကလေးငယ်ရဲ့ ရုပ်အလောင်းကို ဘုမေကျေးရွာကို လာပို့ချိန် ရွာသားတွေနဲ့ အချင်းများရာကနေ အဲဒီသေနတ်သမားတွေက ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။

“ALP တပ်ဖွဲ့ဝင်နှစ်ယောက်ပါတယ်။ ပြီးရင် မွတ်စလင် သုံးယောက်ပါတယ်။ အဲဒီ သုံးယောက်ထဲမှာ ကျွန်တော်တို့ ဘုမေရွာက ALP မှာ ခြံစောင့်လုပ်နေတဲ့သူ တစ်ယောက်ပါတယ်။ သူတို့က ပြန်ပေးဆွဲခံထားရတဲ့ မိန်းကလေး အလောင်းကို အိပ်နဲ့ထုတ်ပြီးလာပို့တာ။ ပြီးရင် လက်ဖက်ရည်ဆိုင်ဝင်သွားတယ်။ အဲဒါကို ရွာသားတွေက မြင်လိုက်တယ်။ ဒါကြောင့် ရွာသားတွေစုပြီး ဘာကြောင့် ဒီလိုလုပ်တာလဲမေးတယ်။ အဲဒီမှာ စကားတွေများနေရင်း ALP တပ်ဖွဲ့နှစ်ယောက်က သေနတ်လေးချက်ပစ်တယ်။ ကျွန်တော်တို့ ရွာက တစ်ယောက်သေသွားတယ်။ နှစ်ယောက်က ဗိုက်မှာဒဏ်ရာရသွားတယ်”

ဘုမေကျေးရွာမှာနေထိုင်တဲ့ ရိုဟင်ဂျာတစ်ဦးဖြစ်သူ ဦးမောင်ကျော်ရဲ့ အသက် သုံးနှစ်အရွယ်သမီး မဥ မ္မာဟာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ပြန်ပေးဆွဲခံခဲ့ရပြီး ပြန်ပေးဆွဲသူတွေက ဖုန်းကနေတစ်ဆင့် ငွေကျပ် သိန်း ၁၀၀ တစ်ကြိမ်၊ သိန်း ၅၀ တစ်ကြိမ် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ကလေးငယ်ကိုပြန်ရဖို့ ဦးမောင်ကျော်က KBZ Pay ကနေတစ်ဆင့် ငွေကျပ် သိန်း ၁၅၀ လွှဲပေးခဲ့ပေမဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ကလေးရဲ့ ရုပ်အလောင်းကိုသာ မနေ့က လာပို့ခဲ့တာလို့လည်း မျက်မြင်ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။

ကလေးကို ပြန်ပေးဆွဲသူနဲ့ မနေ့က သေနတ်သမားတွေဟာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင် တွေဖြစ်တယ်လို့လည်း ဒေသခံရိုဟင်ဂျာတွေကပြောပါတယ်။ ဒီပြောဆိုချက်နဲ့ပတ်သက်လို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) အတွင်းရေးမှူးရုံးကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒါက နိုင်ငံရေးလုပ်ကြံမှု သာဖြစ်တယ်လို့ ဆက်သွယ်ရေး တာဝန်ကျသူက ပြောပါတယ်။

“ဒါနိုင်ငံရေးလုပ်ကြံမှုသီးသန့်သာဖြစ်တယ်။ ကျွန်တော်တို့နဲ့ မူဆလင်လူမျိုးတွေနဲ့ ဘာသာရေးအသွင်၊ ဘာသာရေးကနေပြီးတော့ နိုင်ငံရေးအသွင်ကိုပြောင်းဖို့အတွက် လုပ်တဲ့လုပ်ရပ်ပဲလို့ပြောချင်တယ်”

ပြန်ပေးဆွဲသူတွေက ALP အဖွဲ့နာမည်ကို သုံးနေတာသာဖြစ်တယ်လို့လည်း သူက တုံ့ပြန်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ကိုနေဆန်းလွင်ကတော့ စစ်ကောင်စီတပ်နဲ့ သင့်မြတ်နေတဲ့ ALP တပ်ဖွဲ့ ဝင်တွေဟာ စစ်ကောင်စီတပ်သားတွေနည်းတူပဲ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကြိမ်ကြိမ် ကျူးလွန်တာတွေရှိနေတယ်လို့ RFA ကိုပြောပါတယ်။

ဆက်နွယ်သောသတင်းများ
 
 

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */