" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 22, 2024

စစ်သင်တန်းတက်ဖို့ ခေါ်ယူခံရတဲ့ ရိုဟင်ဂျာခုနစ်ဦးအလောင်း စစ်ကောင်စီပြန်ပို့

RFA
RFA Burmese
2024.03.22 

ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအား စစ်ယူနီဖောင်းဝတ်ဆင်ပေးပြီး စစ်သင်တန်းပေးနေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist 
 
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းမှာ စစ်သင်တန်းတက်ဖို့ အတင်းအဓမ္မ ခေါ်ဆောင်ခံရတဲ့ ရိုဟင်ဂျာတွေထဲက အလောင်းခုနစ်လောင်းကို မတ်လ ၁၂ ရက်နေ့က စစ်ကောင်စီတပ်က မိသားစုတွေထံ လာရောက်ပို့ဆောင် ခဲ့တယ်လို့ ရွာသားတွေက RFA ကို ဒီကနေ့ ပြောပါတယ်။

သဲချောင်းလက်သမားရွာက ငါးဦး၊ သက်ကယ်ပြင်ရွာက တစ်ဦးနဲ့ သဲချောင်းရွာက တစ်ဦး၊ စုစုပေါင်း ရိုဟင်ဂျာ ခုနစ်ဦးရဲ့ ရုပ်အလောင်းတွေကို ရဲကားနဲ့ လာပို့သွားတာလို့ ဆိုပါတယ်။ သူတို့ဟာ စစ်သင်တန်း တက်နေရင်း ထွက်ပြေးရာကနေ မိုင်းနင်းမိပြီး သေဆုံးသွားတာဖြစ်ကြောင်း လာပို့တဲ့ စစ်ကောင်စီတပ်သားတွေက ပြောဆိုခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“အလောင်း ခုနစ်လောင်းကို ရဲကားနဲ့လာပို့ပါတယ်။ သူတို့က စစ်သင်တန်းတက်ဖို့ စစ်ကောင်စီတပ်က ခေါ်သွားတဲ့သူတွေပါ။ လာပို့တဲ့သူတွေကို မိသားစုဝင်တွေက မေးကြည့်တော့ သင်တန်းတက်တုန်းမှာ ထွက်ပြေးရင်း မိုင်းနင်းပြီးသေသွားတာလို့ ပြောပါတယ်။ အလောင်းတွေကတော့ ခြေပြတ်၊ လက်ပြတ်တွေ မြင်လိုက်ရပါတယ်။ ကျည်ဒဏ်ရာတွေပါလား၊ မပါလားတော့ မသိပါဘူး”

စစ်တွေမြို့နယ်က ရိုဟင်ဂျာတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ စစ်သင်တန်းတက်ဖို့အတွက် ရွာကြီးရင် လူသုံးဆယ်၊ ရွာငယ်ရင် လူနှစ်ဆယ်ပေးဖို့ ကျေးရွာတာဝန်ခံတွေကတစ်ဆင့် အတင်းအဓမ္မ လူစုခိုင်းတာဖြစ်ပြီး ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေအများစုကိုလည်း စစ်သင်တန်းတက်ဖို့ ခေါ်ဆောင်သွားတာ ရှိတယ်လို့ လည်း ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီရိုဟင်ဂျာတွေကို စစ်ကောင်စီတပ်ရဲ့ စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ထဲမှာ စစ်သင်တန်းတွေပေးနေတာလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

တခြားကျေးရွာတွေက ရိုဟင်ဂျာ အလောင်းတချို့ကိုလည်း အခုလိုပဲ စစ်ကောင်စီတပ်က လာပို့တာရှိတယ်လို့ သတင်းတွေထွက်ပေါ် နေပေမယ့် RFA အနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အခုလို စစ်သင်တန်းတက်နေတဲ့ ရိုဟင်ဂျာအလောင်းခုနစ်လောင်းကို စစ်ကောင်စီတပ်က လာပို့တယ်ဆိုတာနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ် ဥပဒေချုပ်ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ရခိုင်ပြည် နယ်က မွတ်စလင်တွေကို ပြည်သူ့စစ်မှုထမ်းဥပဒေအရ စုဆောင်းနေတယ်ဆိုတဲ့သတင်းတွေဟာ မှန်ကန်မှုမရှိဘူးလို့ ငြင်းဆိုဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရဲ့ မတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ချက်တစ်ခုမှာ စစ်ကောင်စီတပ်က လတ်တလော စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေကို တိုက်ပွဲပြင်းထန်တဲ့နေရာတွေကို ပို့ဆောင်တာရှိပြီး ရသေ့တောင် အခြေ စိုက် စစ်ကောင်စီတပ်ရင်းတွေကို မတ်လ ၁၇ ရက်နေ့က AA က သိမ်းပိုက်ခဲ့ရာမှာ ရိုဟင်ဂျာအလောင်းတွေ တွေ့ရကြောင်း ဓာတ်ပုံမှတ်တမ်းအချို့နဲ့ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေအရေး တက်ကြွလှုပ်ရှားသူတွေကတော့ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ကျောက်ဖြူမြို့ နယ်တွေက ရိုဟင်ဂျာ တစ်ထောင်ကျော်လောက်ကို စစ်ကောင်စီတပ်က အတင်းအဓမ္မ စစ်သင်တန်းတက်ဖို့ ခေါ်ဆောင်ထားတာရှိတယ်လို့ RFA ကို ပြောပါတယ်။

ဆက်နွယ်သောသတင်းများ

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */