" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, March 12, 2024

ဒုက္ခသည် စခန်းက ရိုဟင်ဂျာလူငယ်တွေ စစ်ကောင်စီ သင်တန်းပေး

VOB
ဗွီအိုအေ မြန်မာပိုင်း
အင်ကြင်းနိုင်

၁၂ မတ်၊ ၂၀၂၄ 

The Myanmar junta is forcibly recruiting Rohingya individuals, utilizing them as human shields, as evidenced by video footage of recruits.

ရခိုင် စစ်တွေမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို စစ်ကောင်စီက နည်းမျိုးစုံသုံးပြီး တပ်သားသစ်တွေအဖြစ် စတင် စစ်သင်တန်းတွေပေးနေကြောင်း ဒေသခံရိုဟင်ဂျာတွေက ဗွီအိုအေကို အတည်ပြုပြောကြားပါတယ်။ 


ရခိုင်ပြည်နယ်တွင်း IDP ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းများစွာဖိနှိပ်၊ ပိတ်လှောင်ခံထားရတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက လိုသလို အသုံးချနေတဲ့ အခြေအနေဟာ နှစ်ဖက်အသိုင်းအဝိုင်းကြား အန္တ ရာယ်ကြီးမားကြောင်း NUG လူ့အခွင့်အရေး ဒုဝန်ကြီးက တုံ့ပြန်ပြောကြားလိုက်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တဲ့ စစ်ကောင်စီဟာ ရခိုင်မှာ ရှိတဲ့ မွတ်စလင်တွေကို စတင် စစ်မှုထမ်းခိုင်းဖို့ ဖမ်းဆီးတာတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ မဟုတ်မမှန် ဖြန့်ဝေတာဖြစ်တယ်ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း စစ်ကောင်စီက တုံ့ပြန်ပြောဆိုထားတာပါ။ ဒါပေမယ့် မတ်လ (၆)ရက်နေ့က ထွက်လာတဲ့ ဗွီဒီယိုထဲမှာ စစ်တွေ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာလူငယ် အရေအတွက် ခန့်မှန်းခြေ ၃၀၀ ကျော်ကို စစ်ဝတ်စုံဝတ်ခိုင်းထားပြီး ဂိုဒေါင်ကြီးတခုထဲမှာ ထိုင်းခိုင်းထားတာကို တွေ့ကြရပါတယ်။ ဒါအပြင် ဗွီအိုအေက လက်ခံရရှိတဲ့ ဗွီဒီယိုထဲမှာ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ လာရောက်ကြည့်ရှု ကြီးကြပ်နေတာလည်း တွေ့ရပါတယ်။

ရိုဟင်ဂျာတွေကို စစ်သင်တန်းတွေပေးတာ၊ လက်နက်ပစ္စည်းတွေ တပ်ဆင်ပေးတာတွေရှိနေတယ်ဆိုတာ ဒေသခံ ရိုဟင်ဂျာတွေက ဗွီအိုအေကို အတည်ပြုပေမယ့် ရက္ခိုင့်တပ်တော် (AA)နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့နေရာတွေကို ရိုဟင်ဂျာတွေကို ပို့ဆောင်တာရှိမရှိ အတည်ပြုလို့မရသေးပါဘူး။ ဗွီအိုအေက လက်ခံရရှိခဲ့တဲ့ စစ်ယူနီဖောင်းတွေပေးဝတ်ထားတဲ့ ရိုဟင်ဂျာတွေကို လာရောက်ကြည့်ရှုတဲ့ ရခိုင်နယ်လုံဝန်ကြီး ဗွီဒီယိုနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရကို မေးမြန်းထားပေမယ့် ဒီသတင်းကြေညာချိန်ထိ တုံ့ပြန်ချက်မရသေးပါဘူး။


ရက္ခိုင့်တပ်တော်နဲ့ တိုက်ပွဲတွေမှာ အကြီးအကျယ်ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဘက်က သူတို့ တပ်အင်အားတွေဖြည့်တင်းရေး လိုအပ်ချက်အပေါ် ရခိုင်မှာ ပြေးစရာမြေမရှိဖြစ်နေတဲ့ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို အသုံးချနေတာဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ဒုတိယ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်ကျော်မိုးက ဗွီအိုအေကိုပြောပါတယ်။

" အစတုန်းကတော့ အတည်အလင်း စစ်ကောင်စီရဲ့ သတင်းစာမှာ ကြေညာထားတာက ရိုဟင်ဂျာတွေက နိုင်ငံသားတေါ မဟုတ်လို့ စစ်သင်တန်းပေးစရာအကြောင်း သူတို့မှာ မရှိဘူး၊ မဟုတ်မမှန်ကန်တဲ့ သတင်းတွေ ဖြန့်ချိနေတယ်ဆိုပြီး စစ်ကောင်စီက ပြောဆိုထားတာရှိပါတယ်။ အခုတော့ စစ်ခေါင်းဆောင်တွေက လိမ်နေတယ်ဆိုတာ ကျနော်တို့ရရှိတဲ့ ဗွီဒီယိုတွေမှာ ရိုဟင်ဂျာတွေကို စစ်ဝတ်စုံတွေဝတ်ပေးပြီး စစ်သင်တန်းပေးနေတာတွေ သက်သေပြနေတာပါ။ ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေက အခြားမြန်မာပြည်မှာရှိနေတဲ့ လူမျိုးစုတွေရဲ့ အနေအထားနဲ့ မတူဘူး။ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို သူတို့က ဆယ်စုနှစ်တနှစ်ကျော် ပိတ်လှောင်ထားတဲ့ အခါကျတော့ ဒီစစ်မှုထမ်းဥပဒေကို ရှောင်ဖို့ သူတို့မှာ ထွက်ပြေးစရာနေရာမရှိဖြစ်နေပါတယ်။ ဒါကြောင့် အတင်းအကြပ်စစ်သင်တန်းပေးခံရတဲ့ အခြေအနေရှိပါတယ်။"

မေး။ ။ အဲဒီတော့ အကျိုးဆက်တွေက ဘာတွေဖြစ်လာမလဲ။

ဦးအောင်ကျော်မိုး ။ ။ ကျနော်ပြောခဲ့သလိုပဲ ခြောက်နှစ်အရွယ်ကတည်းက ဒုက္ခသည်စခန်းထဲမှာ ပိတ်လှောင်ခံထားရတဲ့ ရိုဟင်ဂျာ ကလေးတယောက် ဟာ အခုဆိုရင် ၁၈ နှစ်အရွယ်ရှိနေပြီ။ ဒီကလေးဟာ ပြင်ပကမ္ဘာမှာ ဘာဖြစ်နေသလဲဆိုတာ မသိဘူး။ အဲတော့ သိန်းနဲ့ချီရှိနေတဲ့ ဒုက္ခသည်စခန်းမှာ နှစ်ပေါင်းများစွာပိတ်လှောင်ခံထားရသူတွေက အပြင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ မသိကြဘူး။ အဲဒီလိုနေရာမျိုးကို စစ်ကောင်စီကသွားပြီး စစ်သားစုဆောင်းရေးလုပ်တယ်ဆိုတဲ့နေရာမှာ သေချာတာက ရိုဟင်ဂျာလူငယ်တွေရဲ့ ဆန္ဒနဲ့အညီလုံးဝမဟုတ်ဘူး။ နောက်ပြီး အဲဒီစခန်းတွေကနေ ထွက်ပြေးဖို့ နည်းလမ်းတွေလည်း မရှိဘူး။ ဒါကိုလည်း စစ်ကောင်စီက သိပြီး အသုံးချနေတာ။ တဖက်မှာလည်း ရိုဟင်ဂျာတွေထဲမှာရော အခြားလူမျိုးစုတွေထဲမှာရှိတာက စစ်ကောင်စီနဲ့ အနီးကပ် စီးပွားရေးလုပ်ပြီး အပေးအယူလုပ်တဲ့ ခေါင်းဆောင်ဆိုသူတွေက စစ်ကောင်စီအလိုကျ ရိုဟင်ဂျာတွေကို လိုက်ပြီး စည်းရုံးတာမျိုးလည်းရှိတယ်။

တဖက်မှာ NUG နဲ့ ရက္ခိုင့်တပ်တော်ကြား ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာတွေရဲ့အခြေအနေနဲ့ပတ်သက်လို့ ဆွေးနွေးတိုင်ပင်မှုတွေရှိကြောင်းလည်း ဦးအောင်ကျော်မိုးက အခုလို ပြောပြပါတယ်။

" ရက္ခိုင့်တပ်တော်အနေနဲ့လည်းပဲ ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စစ်သားစုဆောင်းနေတဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ကန့်ကွက်တဲ့ ကြေညာချက်ထုတ်ပြန်ထားတာရှိပါတယ်။ ရခိုင်ပြည်မှာက ရိုဟင်ဂျာတွေအပါအဝင် အခြားသောလူမျိုးစုအသီးသီးနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြတဲ့ သမိုင်းအစဉ်အလာရှိပါတယ်။လူမျိုးစု တစုနဲ့ တစုကြားမှာ အမုန်းတရားတွေဖြစ်ပွားအောင် လုပ်နေတာဟာ စစ်ကောင်စီဖြစ်တယ်ဆိုတာ အားလုံးသိပါတယ်။ အခုဆိုရင် ရက္ခိုင့်တပ်တော် (အေအေ)ရဲ့ ကြိုးပမ်းမှု၊ ရိုဟင်ဂျာတွေရဲ့ ပါဝင်မှုကြောင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု အခြေအနေ နလန်ထူကာစမှာ စစ်ကောင်စီက အခုလို ရိုဟင်ဂျာလူငယ်တွေကို အသုံးချမှုဟာ အန္တရာယ်ကြီးမားပါတယ်။ အဖက်ဖက်မှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ဒီလို မသမာတဲ့ နည်းလမ်းတွေနဲ့ ထိခိုက်နစ်နာမှုအရှိဆုံးလူတွေကို လူ သားဒိုင်းသဖွယ်အသုံးပြုတာဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်သလို ICJ ကမ္ဘာ့တရားရုံးကနေ ထုတ်ထားတဲ့ ကြားကာလ အစီအမံအမိန့်ကိုလည်း ပေါ်ပေါ်လွင်လွင်ချိုးဖောက်ရာရောက်ပါတယ်။ စစ်ကောင်စီအနေနဲ့ တာဝန်ခံရမှာဖြစ်ပါတယ်။"

မတ်လ (၂) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ရက္ခိုင့်တပ်တော်ရဲ့ ကြေညာချက်မှာတော့ ရခိုင်ဒေသမှာရှိတဲ့ မူဆလင် အသိုင်းအဝိုင်းကို နည်းလမ်းပေါင်းစုံသုံးပြီး စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေတဲ့ လုပ်ရပ်ဟာ စစ်ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့ စစ်ရေး၊ နိုင်ငံရေး အကြပ်အတည်းကြုံတွေ့ တိုင်း ရခိုင်ပြည်မှာရှိတဲ့ ရခိုင်နဲ့ မူဆလင်အသိုင်းအဝိုင်းကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် ကြိုးပမ်းချက်ဖြစ်တယ်လို့ သတိပေး ဖေါ်ပြထားပါတယ်။ အခုလို စစ်ကောင်စီ ရန်တိုက်ပေးလေ့ရှိတဲ့လုပ်ရပ်ဟာ သမိုင်းအစဉ်အလာအရ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်တဲ့ အသိုင်းအဝိုင်းတွေကြားမှာ အန္တရာယ်အလွန်ကြီးမားကြောင်းလည်း ရေးသားထားပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */