" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 1, 2024

စစ်တွေစျေးပစ်ခတ်ခံရမှုတွင် သေဆုံးသူ ၂၂ ဦး ရှိလာ

Myanmar Now
ရောင်နီ အောင်ဇေ
March 1, 2024


ရခိုင်ပြည်နယ်မြို့တော်တွင် စျေးတစ်ခု ပစ်ခတ်ခံရသဖြင့် ထိခိုက်သေဆုံးသူ များပြားခဲ့ပြီး သေဆုံးသူအရေအတွက် တိုးလာနေသည်။

ရခိုင်ပြည်နယ် မြို့တော်စစ်တွေရှိ စျေးတစ်ခုကို ယမန်နေ့(ဖေဖော်ဝါရီ ၂၉ ) က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၂ ဦး ရှိလာသည်။

မြို့အရှေ့ခြမ်း၊ မိဇံရပ်ကွက်၊ မြို့မဈေးနှင့်ကပ်လျက် ကိုရီးယားဆိပ်ကမ်းရှိ ဈေးကို တိုက်ခိုက်မှုတွင် ပွဲချင်းပြီး သေဆုံးသူ ရှိသလို ဒဏ်ရာရပြီးမှ သေဆုံးသူလည်း ရှိသည်ဟု Myanmar Now ၏ သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။

“သေတာက ရခိုင်သား ၁၇ လောင်းတဲ့။ ကုလား (ရိုဟင်ဂျာ) အလောင်းက ၄ လောင်း။ လူနာထဲက ထပ်လို့ တစ်ယောက် သေတယ်။ သွေးမလောက်၊ ဟိုမလောက်… ဒီမလောက် ဖြစ်ကြမယ်ထင်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“ဆေးရုံမှာ ဆရာဝန်တွေလည်း မရှိဘူး။ ဆရာဝန်လည်း ဒေါက်တာမောင်မောင်သန်းတစ်ယောက် ရှိတယ်။ ဆရာဝန်၊ သူနာပြုတွေ ထွက်လို့ပြေးနေကြတယ် ထင်တယ်။ တိုက်ပွဲဖြစ်မှာကို ကြောက်လို့လေ”
ဒဏ်ရာရသူ ၄၀ ထက်မနည်း ရှိသည်၊ စစ်ကောင်စီက ဒဏ်ရာပြင်းထန်သူတချို့ကို ရန်ကုန်မြို့သို့ လေကြောင်းဖြင့် နေ့တွင်းချင်း ပို့ဆောင်ထားသည်ဟု ၎င်းက ဆက်ပြောသည်။

လတ်တလောတွင် သေဆုံး၊ ဒဏ်ရာရရှိသူများ၏ အသေးစိတ်အချက်အလက်ကို မသိရသေးပေ။

အခြားဒေသခံတစ်ဦးကလည်း စစ်တွေဆေးရုံရှိ ဆရာဝန်၊ သူနာပြုတချို့မှာ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ပြောသည်။

ယမန်နေ့ နံနက်အစောတွင် အနောက်စံပြရပ်ကွက်ရှိ စစ်ကောင်စီတပ်ရေတပ်စခန်းက လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့သည်၊ ပထမဆုံးပစ်ခတ်မှုမှာ စျေးထဲ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု စစ်တွေမြို့ခံများက ဆိုကြသည်။

ပစ်ခတ်ခံရသည့်နေရာကို ဓာတ်ပုံရိုက်သည့် ဒေသခံတချို့၊ စျေးသို့လာသည့် အမျိုးသားတချို့ကိုလည်း စစ်တပ်က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

ဖမ်းဆီးသည့် အကြောင်းရင်း၊ ဖမ်းဆီးခံရသူ အရေအတွက်တို့ကို မသိရသေးပေ။

လက်ရှိတွင် စစ်တွေမြို့မစျေးနှင့် ယမန်နေ့က ပစ်ခတ်ခံရသည့်စျေးလည်း ပိတ်ထားရသည်။

မြို့တွင်း သွားလာလှုပ်ရှားသူ မရှိသလောက်နည်းပါးနေကာ အသက်အန္တရာယ်စိုးရိမ်နေရသည်ဟု မြို့ခံများက ပြောကြသည်။

“လူတွေ တော်တော်လေး လန့်သွားကြတယ်။ တစ်ခါမှ ဒီလိုမကြုံဖူးဘူး။ ပြီးတော့ စျေးထဲမှာ ဖြစ်သွားတော့ ပိုဆိုးတာပေါ့” ဟု အထက်ပါ အခြားဒေသခံက ပြောသည်။

“သူတို့ (စစ်တပ်) ကတော့ လုံးဝ ပြည်သူကို မငဲ့ညှာဘဲ လုပ်တာပဲ။ အမှန်ကတော့ အဲဒါ (လက်နက်ကြီး) ကို အဲဒီနားမှာလည်း မထားသင့်ဘူး။ ဘာလို့လဲဆိုတော့ မြို့ကို ကျော်ပြီး ပစ်ရတာလေ။ အချိန်မရွေးပျက်နိုင်တယ်”

နံနက်ခင်း လူစည်ကားချိန်တွင် ဖြစ်ပွားခဲ့သော ထိုပစ်ခတ်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၈၀ ဦးရှိခဲ့သည့်အနက် ပြင်းထန်ဒဏ်ရာသူ ၃၁ ဦးပါဝင်သည်ဟု ရက္ခိုင့်တပ်တော် (AA) က နေ့တွင်းချင်း သတင်းထုတ်ပြန်ထားသည်။

Myanmar Now ကလည်း ၁၂ ဦး သေဆုံးသည်ဟု ကနဦးသတင်းဖော်ပြခဲ့သည်။

စစ်ကောင်စီကမူ ထိုပစ်ခတ်မှုမှာ AA ၏ လက်ချက်ဖြစ်သည်ဟု ယမန်နေ့ညက သတင်းထုတ်ပြန်သည်။

ဘေးလွတ်ရာ တိမ်းရှောင်ခွင့်

ရခိုင်ပြည်နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားသည့်နေ့မှစတင်ကာ စစ်တွေမြို့အပါအဝင် တခြားမြို့များကို တစ်မြို့နှင့်တစ်မြို့ ကုန်းလမ်း၊ ရေလမ်း ခရီးသွားလာခွင့် ပိတ်ပင်ထားသည်။

အသက်အန္တရာယ်နှင့် ရင်ဆိုင်နေကြရသော စစ်တွေဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးရန် ခက်ခဲနေကြသည်။

ယခင်က စစ်ကောင်စီတပ်၏အလစ်ကို စောင့်ကြည့်ပြီး ပိုမိုလုံခြုံမည့် ကျေးလက်ဒေသဘက်သို့ ထွက်ပြေးသူများ ရှိခဲ့သည်၊ လက်ရှိတွင် စစ်ကောင်စီ လက်နက်ကိုင်တို့က ဆိပ်ကမ်းများတွင် အချိန်ပြည့် နေရာယူထားသဖြင့် စစ်တွေမှ ထွက်ခွာနိုင်ရန်ခက်ခဲသည်ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

“ရှောင်တာကတော့ ပုံမှန်ရှောင်နေကြတာပဲ။ သွားလို့ရရင်တော့ သွားကြတယ်။ မနေ့ကတော့ မြစ်ကို ကူးပြီးတော့ မသွားကြလားမသိ။ ဒီတစ်ရက်နှစ်ရက်မှာ ပိတ်ထားတယ် ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်တွေမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်။ စစ်တပ်ပိုင် Mytel ကို သုံးနိုင်သေးသော်လည်း ကောင်းစွာ အလုပ်လုပ်ခြင်း မရှိကြောင်း၊ အခြားအင်တာနက်လိုင်း၊ ဖုန်းလိုင်း ဖြတ်တောက်ခံထားရသည်မှာလည်း တစ်လကျော်ခန့်ရှိနေပြီဖြစ်ကြောင်း ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

“ဘာကြောင့်မီးပြတ်တာလဲဆိုတာကို စစ်ကောင်စီက အကြောင်းပြချက်မပေးဘူး။ ဘာတွေဖြစ်နေလဲဆိုတာ လုံးဝ ထုတ်ပြန်ချက်မရှိပါ။ အင်တာနက်ဖြတ်ထားတော့ သတင်းတွေလည်း မရနိုင်၊ မကြားနိုင်ဘူး။ ဖုန်းလိုင်းတွေလည်း အဆင်မပြေဘူး။ လုံးဝလုံးဝ အမှောင်ချထားတာပါပဲ” ဟု ၎င်းက ဆိုသည်။

စစ်တွေမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း ရခိုင်ပြည်နယ်ရှိ တပ်စခန်းတိုင်းကို သိမ်းမည်ဟု AA က ကြေညာထားရာ မြို့တွင်းတိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်သဖြင့် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေကြ ပြီဖြစ်သည်။

ယခုအခါ AA က စစ်တွေမြို့အနီး ပုဏ္ဏားကျွန်းမြို့ရှိ အမှတ် ၅၅၀ ခြေမြန်တပ်ရင်းစခန်းကို အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ဆင်နေသည်။ စစ်ကောင်စီကလည်း လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် အသည်းအသန် ခုခံကာကွယ်နေသည်။

ပုဏ္ဏားကျွန်းမြို့၌ တစ်ခုတည်း ကျန်ရှိနေသေးသော ထိုစခန်းကို အလုံးစုံသိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဟု AA က ထုတ်ပြန်ထားသည်။

AA သည် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲမြို့ရှိ စစ်တပ်စခန်းများကို ထိုးစစ်ဆင်လျက်ရှိပြီး စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်မြို့နယ်တို့တွင်လည်း စစ်ရိပ်စစ်ငွေ့သန်းနေသည်ဟု သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်မြောက်ပိုင်းရှိ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံတို့ကို သိမ်းပိုက်ထားသည့် AA က ဆက်လက် ထိုးစစ်ဆင်နေသဖြင့် ယခုရက်ပိုင်းအတွင်း မြို့တချို့ကို ထပ်ရဖွယ်ရှိသည်ဟု လေ့လာသူတို့က ခန့်မှန်းကြသည်။ 

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */