" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 22, 2024

စစ်တွေမြို့က ရာနဲ့ချီတဲ့ရိုဟင်ဂျာတွေ AA အလိုမရှိကြောင်း ဆန္ဒပြ

RFA
RFA Burmese
2024.03.21

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ရိုဟင်ဂျာများမှ AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိဆိုပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်။ MRTV

ရခိုင်ပြည်နယ် စစ်တွေမြို့က ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ရက္ခိုင့်တပ်တော် (AA) အလိုမရှိကြောင်းနဲ့ တိုက်ပွဲအလိုမရှိကြောင်း မတ်လ ၂၁ ရက်နေ့က စစ်တွေမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၊ ကသဲရပ်ကွက်နဲ့ သန်တော်လီရပ်ကွက်တွေက ရိုဟင်ဂျာတွေ ကန့်ကွက်ဆန္ဒပြတာလို့ စစ်ကောင်စီက မတ်လ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဆန္ဒပြသူတွေက စစ်တွေမြို့ကို ကာကွယ်ဖို့နဲ့ ပြည်တွင်းစစ်ကို မလိုလားကြောင်းလည်း ကြွေးကြော်ဆန္ဒပြခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေမှာ ရုပ်သံနဲ့ သတင်းဖော်ပြပါတယ်။

စစ်တွေမြို့ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဒေသခံတွေကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ ဆက်သွယ်လို့ရသူတွေက ဆန္ဒပြပွဲကို မသိကြောင်းပြောပြီး အများစုက ဖုန်းဆက်လို့မရခဲ့ပါဘူး။

မတ်လ ၁၉ ရက်နေ့ကလည်း ဘူးသီးတောင်မြို့က ရိုဟင်ဂျာတွေဟာ ရက္ခိုင့်တပ်တော် (AA) အလိုမရှိကြောင်းနဲ့ တိုက်ပွဲအလိုမရှိကြောင်း ဘူးသီးတောင်မြို့ပေါ်မှာ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။

ဘူးသီးတောင်မြို့ကဆန္ဒပြပွဲဟာ စစ်ကောင်စီက နောက်ကွယ်က ကြိုးကိုင်ဆောင်ရွက်တာလို့ ဒေသခံတွေနဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ဝေဖန်ပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် စစ်ကောင်စီက လုပ်တာလို့လည်း ထောက်ပြကြပါတယ်။

ဒီထောက်ပြမှုနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က မတ် ၂၀ ရက်နေ့က ဆက်သွယ်မေးမြန်းရာမှာ ခရီးသွားနေတယ်ဆိုပြီး ဖြေဆိုဖို့ငြင်းဆိုပါတယ်။

ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး AA အနေနဲ့ သေသေချာချာစောင့်ကြည့်နေပြီး လိုအပ်သင့်တော်သလို တုံ့ပြန်သွားမယ်လို့ RFA ကို မတ်လ ၂၀ ရက်နေ့က ပြောထားပါတယ်။

ဆက်နွယ်သောသတင်းများ

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */