" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 4, 2024

စစ်ကောင်စီနဲ့ ဆွေးနွေးမှုမှာ ရခိုင်ပြည်နယ်အရေး ပါဝင်မှုမရှိကြောင်း AA အဖွဲ့တုံ့ပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၄ မတ်၊ ၂၀၂၄

စခန်းသိမ်း တိုက်ပွဲတွေအပြီး AA က သတင်းထုတ်ပြန်သည့်ဓာတ်ပုံများ (ဇန်နဝါရီ ၂၄၊ ၂၀၂၄)

ရက္ခိုင့်တပ်တော် AA အပါအဝင် ညီနောင်မဟာမိတ်၃ဖွဲ့နဲ့ စစ်ကောင်စီကြား တရုတ်အကူအညီနဲ့ ဆွေးနွေးမှုတွေမှာ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်အရေး ပါဝင်မှုမရှိဘူးလို့ ဆွေးနွေးပွဲမှာပါဝင်တဲ့ AA ဒုတိယစစ်ဦးစီးချုပ်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ ဆွေးနွေးပွဲမှာ ရှမ်းပြည်မြောက်ပိုင်းက အပစ်အခတ်ရပ်စဲရေး၊ နယ်စပ်ကုန်သွယ်ရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်း ကိစ္စတွေကို အဓိက ဆွေးနွေးတာလို့လည်း ပြောပါတယ်။ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကြား ဆွေးနွေးမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြပေးပါမယ်။                                                                         
စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ရဲ့ အခုနောက်ဆုံး တရုတ်နိုင်ငံက ဆွေးနွေးမှုတွေမှာ အပစ်အခတ် ရပ် စဲထားတဲ့ ရှမ်းပြည်မြောက်ပိုင်းက အခြေအနေတွေကို အဓိက ဆွေးနွေးတာဖြစ်ကြောင်း ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် AA ဒု-စစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

“ ကျနော်တို့ အခုအစည်းအဝေးတိုင်းက ဟိုင်ဂင်ရဲ့ အရင်သဘောတူညီချက်တွေကို ဆက်လို့ ဆွေးနွေးနေပါတယ်၊ ပြီးတော့ အပစ်အခတ်ရပ်စဲထားတာပိုခိုင်မာဖို့အတွက် ဆက်လက် လုပ်နေပါတယ်။ နောက်တခုက အဲဒီအရင် သဘောတူညီချက်ထဲမှာ ပါခဲ့သလိုပဲ အထူးသဖြင့် တရုတ်မြန်မာနယ်စပ်နဲ့ ဆက်စပ်တဲ့ ကျားဖြန့်လုပ်ငန်းကိစ္စတွေ ကျားဖြန့် လုပ်ငန်းဆက်လို့မရှိဖို့ ပြီးတော့ နောက်ထပ် နယ်စပ်ဒေသထွက်ပေါက်တွေ ဘယ်လိုပုံစံမျိုး နဲ့ဖွင့်မလဲ အဲဒါတွေ ပါပါတယ်။”

AA အဖွဲ့နဲ့အတူ MNDAA ကိုးကန့်တပ်ဖွဲ့၊ TNLA တအာင်း တပ်ဖွဲ့တို့ စစ်ကောင်စီကြား ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာပဲ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြတာပါ။ အခုနောက်ဆုံး တွေ့ဆုံမှုမှာ လတ်တလော AA အဖွဲ့နဲ့ စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ပတ် သက်လို့ ဆွေးနွေးတာ မရှိဘူးလို့လည်း ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။

“ အခုကျနော်တို့ ဟိုင်ဂင်ကိစ္စကိုပဲ ဆွေးနွေးတယ်ဆိုတော့ ဟိုင်ဂင်ထဲမှာက ရှမ်းမြောက်မှာ ရှိတဲ့ AAနဲ့ပဲသက်ဆိုင်ပါတယ်၊ ရခိုင်ပြည်ဘက်မှာ ရှိတဲ့ AAကမပါသေးဘူး။လက်ရှိမြင်တဲ့ အတိုင်းပါပဲ တွေ့နေမြင်နေတဲ့ အတိုင်းပါပဲ။”

စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့တရုတ်နိုင်ငံ ကူမင်းမြို့က ဆွေးနွေးမှုတွေနဲ့ ပတ် သက်လို့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောခွင့်မရှိကြောင်း ဒီကနေ့ပဲ သတင်းထောက်တွေကို Viber ကတဆင့် ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလယ်ကစ တိုက်ပွဲတွေ စတင်ခဲ့တဲ့ရခိုင်ပြည်နယ်မှာတော့ ဒီကနေ့ အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်စခန်း အများအပြားနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်၅ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့ နယ်ကိုလည်း ထိန်းချုပ်ထားကြောင်းလည်း AAက ကြေညာထားပါတယ်။

တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာလာနေတာနဲ့အမျှ တရုတ်အစိုးရက ကြားဝင်လာနိုင်ခြေရှိတယ်လို့ ခန့်မှန်းမှုတွေ ရှိနေပေမဲ့ ရက္ခိုင့်တပ်တော်ပြောခွင့်ရ ခိုင်သုခကတော့ ဒီကနေ့ သ တင်းစာရှင်းလင်းပွဲမှာ အခုလို့ တုံ့ပြန်ခဲ့တာပါ။

“ ရခိုင်ပြည်နယ်ဟာ တရုတ်ပြည်နဲ့ အရမ်းဝေးပါတယ်၊ ဆိုတော့ မြန်မာနိုင်ငံရေး ကိစ္စတွေ မှာ တချို့နိုင်ငံတွေက ဝင်ရောက် ကူညီဆောင်ရွက်ပေးတာတွေကို ကျနော်တို့ လေးစားစွာနဲ့ အသိအမှတ်ပြုပါတယ်၊ ကျေးဇူးလည်းတင်ပါတယ်၊ သို့ပေမယ့် ကျနော်တို့ အာရက္ခပြည်ရဲ့ အတွင်းရေး ကိစ္စတွေနဲ့ လုပ်စရာရှိတာကိုတော့ ဆက်လက်ပြီး လုပ်ဆောင် သွားရမှာ ဖြစ်ပါ တယ်။”

လက်ရှိအထိအချိန် ရခိုင်မြောက်ပိုင်းက ဘူးသီးတောင် မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ရမ်းဗြဲမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AAကြားတိုက်ပွဲတွေ ပြင်းထန်နေဆဲပါ။ တဆက်တည်းမှာ အခုလို တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ရခိုင်ဒေသခံတွေ၊ ရိုဟင်ဂျာမွတ်ဆလင်တွေလည်း စစ်ဒဏ်ခံနေကြရပါတယ်။

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက အတင်းအကျပ် စစ်မှုထမ်းခိုင်းတာ၊ သင်တန်းပေးတာတွေ ရှိနေသလို၊ AA အဖွဲ့ကလည်း တပ်သားအဖြစ် စုဆောင်းတာတွေ ရှိတယ်လို့ သတင်းတွေ ထွက်နေတာပါ။ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခ ကတော့ အတင်းအကျပ် တပ်သားစုဆောင်းတဲ့ မူဝါဒမရှိကြောင်းနဲ့ တွေ့ရှိရင်လည်း တိုင်ကြားကြဖို့ တိုက်တွန်းခဲ့တာပါ။

“သေချာပေါက် ပြောနိုင်တာကတော့ အဲလို ကိစ္စတွေ ဘယ်လို ဖမ်းဆီးသွားတယ်။ ဘယ်လို ခေါ်သွားတယ်ဆိုတဲ့ ကိစ္စမျိုးတွေ ကို ကျနော်တို့ဘက်က လုံးဝ လုံးဝကို မလုပ်ဘူးဆိုတာကို အခိုင်အမာပြောလို့ရပါတယ်၊ အဲလိုလုပ်ဖို့ကိုလည်း ကျနော်တို့ လုံးဝခွင့်မပြုဘူး၊ တကယ်လို့ အချက်အလက်တွေနဲ့ သေချတင်ပြတာကို စိစစ်လို့ တ ယောက်ယောက်က ကျူးလွန်ရင် စည်းမျဉ်းစည်းကမ်းဖောက်ဖျက်တယ်ဆိုရင် ကျနော်တို့ တိတိကျကျအရေးယူ ဆောင်ရွက် သွားမှာပါ။”

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစ တိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်လာတဲ့ ရခိုင်ပြည်နယ်မှာ ရေလမ်း၊ ကုန်းလမ်း သွားလာမှုတွေ ကန့်သတ်ထားတာကြောင့် စားနပ်ရိက္ခာနဲ့ အခြေခံပစ္စည်းတွေ ရှားပါးလာနေတယ်လို့လည်း ကုလ သမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ဒီတပတ်ထဲမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။ အခြေ အနေတွေ ပိုဆိုးလာနေတဲ့ ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံအနှံ့မှာ နေရပ်စွန့်ခွာရသူ အရေအတွက်ဟာလည်း အခုဆိုရင် ၂ သန်း ၇ သိန်းကျော် ရှိနေပြီလို့ ခန့်မှန်းထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */