" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 21, 2024

ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးဖို့ ဖမ်းဆီးတာနဲ့ စာရင်းကောက်တာတွေ လုပ်နေ

RFA
လွတ်လပ်တဲ့အာရှအသံ
RFA Burmese
2024.02.21
 

စစ်တွေမြို့နယ်၊ ဘုမေအုပ်စု၊ သဲချောင်းအုန်းတောရွာမှ ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ် မေလ ၂၀ ရက်နေ့က တွေ့ရစဉ်။ RFA

ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ကျောက်ဖြူမြို့နယ်က ရိုဟင်ဂျာတွေကို စစ်ကောင်စီတပ်က ပြည်သူ့စစ်သင်တန်း တက်ခိုင်းဖို့ ဖမ်းဆီးနေသလို သင်တန်းအတွက် စာရင်းပါကောက်နေတယ်လို့ အဲဒီရိုဟင်ဂျာတွေက ပြောပါတယ်။

အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား ရိုဟင်ဂျာတွေ မဖြစ်မနေစစ်သင်တန်းတက်ဖို့ ဖိအားပေးနေပြီး ရိုဟင်ဂျာတွေကတော့ ပြေးစရာနေရာမရှိတာကြောင့် အတော် အကျပ်အတည်းဖြစ်နေတယ်လို့ ဆိုပါတယ်။

"အဓိကဘာလဲဆိုရင် ရိုဟင်ဂျာတွေကို လူသားဒိုင်းအနေနဲ့ သူတို့သုံးဖို့ပဲ”

ဘူးသီးတောင်မြို့က ငကျိုင်ထောက်၊ တပ်ချောင်း၊ ပုဇွန်ချောင်းနဲ့ ကျောက်ဖြူတောင်ရွာက ရိုဟင်ဂျာတစ်ရာခန့်ကို ပြည်သူ့စစ်အဖြစ် စစ်မှုထမ်းရမယ်ဆိုပြီး ဖေဖော်ဝါရီ ၁၉ ရက်နဲ့ ၂၀ ရက်ညမှာ စစ်ကောင်စီတပ်သားတွေ ဖမ်းခေါ်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာမှာ စီးပွားရေးလုပ်စားနေတဲ့သူတွေ ပါသွားတယ်။ ရွာလူကြီးတွေလည်း ပါသွားတယ်။ ဘယ်အိမ်က ဘယ်နှစ်ယောက်ဆိုပြီး တစ်အိမ်တစ်ယောက်ဖြစ်ဖြစ် လူငယ်တွေကိုဖမ်းပြီး တပ်ကိုခေါ်သွားတယ်။ ပါသွားတဲ့ သူတွေရဲ့မိဘတွေကတော့ အတော်လေးကို စိုးရိမ်နေကြတယ်”

ရက္ခိုင့်တပ်တော် (AA) ရိုဟင်ဂျာရွာနားတွေမှာ အခြေချတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ရွာကိုကိုယ် ကာကွယ်ရမယ်ဆိုပြီး စစ်သင်တန်းပေးဖို့ အခုလို ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။

စစ်သင်တန်းတက်ပြီးရင် ရွာကိုပြန်ပို့မှာဖြစ်သလို လက်နက်တွေလည်း တပ်ဆင်ပေးမယ်လို့ စစ်ကောင်စီတပ်က ပြောဆိုခဲ့ကြောင်းလည်း အဲဒီရွာခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံးဒုက္ခသည်စခန်းက ရိုဟင်ဂျာ အယောက် ၁၆၀ ကိုလည်း ဖေဖော်ဝါရီ ၁၉ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ခမရ (၅၄၂) တပ်ရင်းက ဗျူဟာမှူးနဲ့ စစ်ကောင်စီတပ်သားတွေက လာရောက်စာရင်းကောက်ခဲ့တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံး ဒုက္ခသည်စခန်းအား တွေ့ရစဉ်။ (Photo: RFA)

အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားအရွယ်တွေ ပြည်သူ့စစ်သင်တန်း နှစ်ပတ်တက်ရမှာဖြစ်ပြီး အရေးကြုံရင် အဲဒီအထဲကနေ စစ်မှုထမ်းဖို့ရွေးချယ်မယ်လို့ပြောခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။

“သင်တန်းနှစ်ပတ်တက်ရမယ်။ ကိုယ့်ရပ်ကွက် ကိုယ့်ရွာတွေမှာ အဲဒီလူတွေက စောင့်ရှောက်ရမယ် အဲဒီလို ပြောပါတယ်။ ပြီးရင် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းထားတဲ့အတွက် အဲဒီလူတွေထဲက စစ်မှုထမ်းလို့ ရမယ့်သူတွေ၊ စစ်မှုထမ်းရမယ်လို့ အဲဒီလိုပြောပါတယ်”

စစ်တွေနဲ့ မောင်တောမှာရှိတဲ့ ရိုဟင်ဂျာတွေကိုလည်း ရွာကြီးရင် လူတစ်ရာ၊ ရွာငယ်ရင် လူငါးဆယ် စစ်သင်တန်း တက်ဖို့ စာရင်းပေးရမယ်ဆိုပြီး ဖိအားပေးနေတယ်လို့လည်း ဆိုပါတယ်။

 

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ကိုနေဆန်းလွင်ကတော့ ရိုဟင်ဂျာတွေကို စစ်မှုထမ်းခိုင်းဖို့လုပ်နေတာဟာ ရခိုင်နဲ့ ရိုဟင်ဂျာအကြား ပဋိပက္ခဖြစ်အောင် ဖန်တီးနေတာဖြစ်ပြီး ရိုဟင်ဂျာတွေကို လူသားဒိုင်းလုပ်ဖို့ ကြံစည်နေတာလို့ သုံးသပ်ပါတယ်။

“ဒီလို ဘာလို့အတင်းအဓမ္မ လုပ်နေတာလဲဆိုတော့ မြေပြင်မှာ သူတို့ AA နဲ့ တိုက်ပွဲတွေမှာ သူတို့ရှုံးနေတယ်။ သူတို့က ဒါကို အာရုံပြောင်းဖို့လိုတယ်။ တကယ်လို့ ရိုဟင်ဂျာတွေကို သူတို့စစ်တပ်ထဲကို အတင်းအဓမ္မသွင်းလို့ ဝင်လာပြီဆိုရင် ရခိုင်နဲ့ ရိုဟင်ဂျာတွေကြားမှာ ပြဿနာတော်တော်လေး တက်လာနိုင်တယ်။ အဲဒါကို သူတို့ လိုချင်တာပဲ။ သူတို့လိုသလောက်သုံးပြီးသွားရင် ပြန်ထုတ်ပစ်လိုက်မှာ။ အဓိကဘာလဲဆိုရင် ရိုဟင်ဂျာတွေကို လူသားဒိုင်းအနေနဲ့ သူတို့သုံးဖို့ပဲ”

မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးခဲ့တာမရှိတာကြောင့် အခုလို စစ်မှုထမ်းခိုင်းဖို့ ဖိအားပေးနေတာဟာ ဘယ်လိုမှမဖြစ်သင့်ဘူးလို့ ကိုနေဆန်းလွင်က ထောက်ပြပါတယ်။

စာရင်းကောက်ထားတဲ့ ရိုဟင်ဂျာတွေကို ဘယ်နေ့မှာ ခေါ်ယူမယ်ဆိုတာနဲ့ အရေအတွက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည် နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */