" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, February 12, 2024

ရခိုင်တိုက်ပွဲကြောင့် ပြေးဝင်လာသူများအနက် မွတ်ဆလင်လက်နက်ကိုင် ၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ဖမ်းဆီးထား

DMG
ဖေဖော်ဝါရီ ၁၀ 

 
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ရခိုင်ဘက်ခြမ်းမှ တိုက်ပွဲများကြောင့် ပြေးဝင်လာသည့် မွတ်ဆလင်လက်နက်ကိုင် ၂၃ ဦးကို ဖမ်းဆီးထားပြီး ကော့ဘဇားရှိ အူခီးယာရဲစခန်းတွင် တရားစွဲဆိုထားကြောင်း BDNews24 သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။


ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းတွင် မှတ်ပုံတင်ထားသည့် ဒုက္ခသည်များသည် မြန်မာဘက်သို့ မည်ကဲ့သို့ ဝင်ရောက်သွားပြီး ယခုကဲ့သို့ လက်နက်များနှင့် ပြန်ဝင်လာသည်ကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။

၂၀၂၄ ဖေဖော်ဝါရီလ ၆ ရက်နေ့ညဉ့်နှင့် ၇ ရက်နေ့ နံနက်ပိုင်းများတွင် ARA တပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ လက်နက်များနှင့်အတူ ပြေးဝင်ခဲ့ကြသည်။ ၎င်းတို့အနက် မွတ်ဆလင်လက်နက်ကိုင် ၂၃ ဦးကို ဖမ်းမိခဲ့ပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က အူခီးယားရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။


အတည်မပြုနိုင်သည့် သတင်းများအရ ပြေးဝင်လာသူများထဲတွင် ARA (Arakan Rohingya Army) ခေါင်းဆောင် နိုဘီဟူဆောင်းသည်လည်း ပါဝင်ပြီး ယခုအခါ အဖမ်းမခံရဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း၌ ရှိနေသည် ဟူသည့်သ တင်းများကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသည်လည်း စိုးရိမ်ပူပန်လျက်ရှိကြောင်း BDNews တွင် ဖော်ပြထားသည်။


နိုဘီဟူဆောင်း ရိုက်ကူးထားသည်ဟု ယူဆရသည့် ဗီဒီယိုဖိုင်တစ်ခုသည်လည်း ARA ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့က ဖော်ပြထားသည်ကို တွေ့ရသည်။ အဆိုပါဗီဒီယို၌ နိုဘီဟူဆောင်းသည် စုပုံထားသည့် လက်နက်ခဲယမ်းများဘေးတွင် ရပ်နေပြီး မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို သတ်ပြီး လက်နက်များ ရယူနိုင်ခဲ့ကြောင်း ပြောကြားနေသည်ကို တွေ့ရသည်။ မွတ်ဆလင်လူငယ်များကိုလည်း တိုက်ပွဲတွင် ပါဝင်ကြရန် နိုဘီဟူဆောင်းက ဖိတ်ခေါ်ပြောကြားထားသည်။


နိုဘီဟူဆောင်းသည် မြန်မာနယ်ခြားစောင့်တပ်နှင့် အပေးအယူလုပ်ထားပြီး ရင်းနှီးသော ဆက်ဆံရေးရှိသလို စစ်ကောင်စီ၏ တောင်ပြိုလက်ဝဲ စခန်းနှင့် မီတာ ၁၀၀၀ ခန့်သာကွာဝေးသည့် နေရာ၌ ARA စခန်းတစ်ခုကို အခိုင်အမာ တည်ဆောက်ထားသည်ကို တွေ့ရကြောင်း ရက္ခိင့်တပ်တော် (အေအေ) ၏ ဖေဖော်ဝါရီလ ၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


နိုဘီဟူဆောင်းကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ကလည်း လူကုန်ကူးမှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတို့ဖြင့် ဖမ်းဝရမ်းထုတ်ထားသည်။ သူ့ကို ဖမ်းမိအောင်သတင်းပေးနိုင်လျှင် တာကာငွေ ၁ သန်းချီးမြှင့်မည်ဟု ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေညာခဲ့ကြောင်း BDNews တွင် ဖော်ပြထားသည်။


အေအေသည် မောင်တောမြို့မြောက်ပိုင်း ရခိုင်-ဘင်္ဂလာနယ်စပ်တွင် ရှိသော စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်းများကို ဖေဖော်ဝါရီလ ၄၊၅၊၆ ရက်များတွင် တိုက်ခိုက်သိမ်းယူခဲ့သည်။ အဆိုပါတိုက်ပွဲများအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်သည် ၃၀၀ ကျော်ခန့်ရှိကြောင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။


စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘင်္ဂလီလက်နက်ကိုင်တပ်များဖြစ်သော ARA နှင့် RSO တပ်ဖွဲ့ဝင်များနှင့်အတူ ပူး ပေါင်းတိုက်ခိုက်ခဲ့ကြောင်း အေအေက ပြောကြားသည်။ မြန်မာနယ်ခြားစောင့်တပ်သည် ထွက်ပြေးရမည့် အခြေ အနေ ကြုံလာပါက တပ်စခန်းများရှိ လက်နက်ခဲယမ်းများကို ဘင်္ဂလားဒေ့ရှ်တာကာငွေ ဆယ်သန်းဖြင့် ဘင်္ဂလီတပ် ဖွဲ့ဝင်များထံသို့ ကြိုတင်ရောင်းချထားခဲ့ကြောင်းလည်း အေအေ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ဘင်္ဂလီလက်နက်ကိုင်များသည် တိုက်ပွဲဖြစ်ပွားစဉ်အတွင်း လက်နက်များကို ရသမျှသယ်ယူပြီး ကားတစ်စီးဖြင့် တင်ဆောင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ပြေးဝင်သွားသည်ဟုလည်း အေအေ၏ ထုတ်ပြန်ချက်အရ သိရသည်။
BDNews သတင်းတစ်ရပ်တွင်လည်း လက်နက်ကိုင်ဆောင်ထားသူ အများအပြားသည် တောင်ပိုင်းကမ်းခြေရှိ ဒုက္ခသည်စခန်းများတွင်းသို့ ဝင်ပြေးသွားကြသည်ဟု ဘင်္ဂလားဒေ့ရှ် ဒေသခံများက ပြောကြကြောင်း ဖော်ပြထားသည်။ နယ်စပ်ဖြတ်ကျော် ဝင်ပြေးလာသည့် ဘင်္ဂလီလက်နက်ကိုင် အများအပြားရှိပြီး ၎င်းတို့ထဲမှ အချို့ကိုသာ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် ဒေသခံများက ယူဆကြသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။ 


အဆိုပါပြောကြားချက်များနှင့် ပတ်သက်ပြီး BGB ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး အက်ရှရာဖာဇမန် ဆီဒစ်ကီက “ရာဇဝတ်သားအချို့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရရှိထားပါတယ်။ သူတို့ကို ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးသွားမှာပါ” ဟု ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဖြေကြားခဲ့သည်။
ဓာတ်ပုံများ - BDNews24, AFP

FB Ref: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */