" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, February 20, 2024

ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ ဖိအားပေးခဲ့ဟု ဒုက္ခသည်များပြောဆို

VOA
ဗွီအိုအေမြန်မာပိုင်း
အင်ကြင်းနိုင်
၂၀ ဖေဖော်ဝါရီ၊ ၂၀၂၄ 

ဘူးသီးတောင်ထဲကို ဝင်ရောက်လာတဲ့ မြန်မာစစ်သားများ။ (သြဂုတ် ၂၉၊ ၂၀၁၇/ ယခင်မှတ်တမ်းဓာတ်ပုံ) 

စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ IDP ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို တပ်မတော်ထဲဝင်ဖို့ အပြင်းအထန်ဖိအားပေးနေကြောင်း ဒေသခံရိုဟင်ဂျာတွေက တနင်္လာနေ့က ဗွီအိုအေကိုပြောပါတယ်။ ရက္ခိုင့်တပ်တော်နဲ့ တိုက်ပွဲတွေမှာ ဆက်တိုက်အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်တွေဟာ ရိုဟင်ဂျာတွေကို လူသားဒိုင်းသဖွယ်အသုံးချဖို့ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ မြန်မာစစ်တပ်က ကြိုးပမ်းနေတာဖြစ်တယ်လို့ NUG အစိုးရ ကလည်း တုံ့ပြန်လိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ အမှုတင်စွဲချက်အဆင့်ထိရောက်ခဲ့တဲ့ မြန်မာစစ် တပ်ရဲ့ ဆိုးရွားလှတဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေဟာ အခုတခါ စစ်တပ်က သူတို့တပ်တွေထဲတွေဝင်ပြီး ရခိုင်တွေကို ပြန်တိုက်ဖို့ စည်းရုံးခံနေရကြောင်း ဒေသခံ ရိုဟင်ဂျာလူငယ်တဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

"ကျနော်တို့ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေဘက်မှာဆိုလို့ရှိရင် စစ်တပ်က လာရဲတဲ့ရွာပေါ့။ စစ်တပ်ဆိုလို့ရှိရင် ဒုက္ခသည်စခန်းမှာ လာလာပြီးပြောတယ်။ အရင်ဆုံး ကမ့်ထဲကခေါင်းဆောင်တချို့နဲ့ဆွေးနွေးတိုင်ပင်ပြီးတော့မှ ခင်ဗျားတို့ လက်နက်ကိုင်ရမယ်-ပေါ့နော်၊ ခင်ဗျားတို့မှာလည်း တာဝန်ရှိတယ်ပေါ့နော်၊ ခင်ဗျားတို့က လည်း မြန်မာပြည်ကလူတွေဖြစ်တယ်။ ခင်ဗျားတို့အခွင့်အရေးကို ခင်ဗျားတို့ လက်နက်ကိုင်ပြီးတော့ လုပ်ရမယ်ဆိုတာ ပြောတာ တွေ့ရတယ်။"

ဒါ့အပြင် မောင်တောဒေသမှာဆိုရင် မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို ခြိမ်းခြောက်ပြီး မဖြစ်မနေ တပ်ထဲဝင်ဖို့ ဖိအားပေးနေကြောင်းလည်း သူက အခုလိုဆက်ပြောပါတယ်။

"ဖေဖေါ်ဝါရီ ၁၁၊ ၁၂ မှာကျတော့ စစ်ကောင်စီဘက်က သူတို့သွားရဲတဲ့နေရာကိုသွားပြီးတော့မှ ဗျူဟာမှူး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်ရှိတဲ့ စစ်ကောင်စီတပ်တွေက ဆွေးနွေးတာတွေရှိတယ်။ တဘက်က ခင်ဗျားတို့ လက်နက်မကိုင်ဘူးဆိုရင် ငါတို့ သတ်မှာဖြစ်တယ်ဆိုတဲ့ဟာမျိုး ခြိမ်းခြောက်မှုတွေလည်း တအားကြီးကိုလုပ်တယ်လို့ ကျနော်တို့ ကြားသိရပါတယ်။"

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမိန့်နဲ့ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့က အသက်သွင်းခဲ့တဲ့ပြည် သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖေါ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး စစ်တွေ IDP ရိုဟင်ဂျာဒုက္ခသည်စခန်းတွေနဲ့ မောင်တော ဒေသက ရွှေဇား၊ ဒို့ ညောင်ပင်ကြီး စတဲ့ ရိုဟင်ဂျာရွာတွေမှာ စစ်တပ် ဗျူဟာမှူးအဆင့်အပါအဝင် အခြားစစ်တပ် အရာရှိကြီးတွေကိုယ်တိုင် ရိုဟင်ဂျာအသိုင်းအဝိုင်း ခေါင်းဆောင်တွေကို ဖုန်းဆက်တာ၊ တွေ့ဆုံပြောဆို စည်းရုံးနေတယ်လို့ ဗွီအိုအေက စုံစမ်းသိရှိရပါတယ်။

ရိုဟင်ဂျာတွေကို စစ်တပ်ထဲဝင်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတဲ့အပေါ် စောစောကပြောသွားတဲ့ ရိုဟင်ဂျာလူ ငယ်က အခုလို တုံ့ပြန်ပါတယ်။

"ကျနော် ရိုဟင်ဂျာလူငယ်တယောက်အနေနဲ့ပြောမယ်ဆိုလို့ရှိရင် ဒီစစ်တပ်သည် ဘုံရန်သူဖြစ်တယ်ပေါ့နော်။ စစ်ကောင်စီသည် ဘုံရန်သူဖြစ်တယ်၊ ရိုဟင်ဂျာတင်မကဘူး၊ မြန်မာပြည်တပြည်လုံးကို သူတို့ရက်ရက်စက်စက် သတ်ဖြတ်နေတာ ဆယ်စုနှစ်ပေါင်းများစွာ ကျော်ပြီပေါ့နော်။ တနိုင်ငံလုံးကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့စစ်တပ်က အခု လာပြီးတော့မှ ကျနော်တို့ကို လက်နက်တပ်ဆင်ပေးတယ်ဆိုတာ ဘယ်လောက်ထိ ယုံကြည်ရ သ လဲဆိုတာ စဥ်းစားဖို့လိုတယ်။ ဒုတိယအချက်က - ကျနော်တို့သည် အာရကန်' ဆိုတဲ့ဒေသမှာ စစ်တပ်နဲ့ပေါင်းပြီးတော့မှ တခြား community တွေရှိတဲ့ ရခိုင်၊ ရိုဟင်ဂျာ၊ ....ပေါ့နော်၊ လူမျိုးပေါင်းစုံ လူမျိုးစုအားလုံးနဲ့ သဟဇာတရှိရှိ ထာဝရငြိမ်းချမ်းရေးကို ကျနော်တို့တည်ဆောက်လို့ရမလား-လို့ပေါ့နော်၊ အဲဒါကို အရမ်း စဥ်းစားဖို့လိုတယ်လို့ ပြောချင်ပါတယ်။ တတိယအချက်က ဘာလဲဆိုရင် - ဒီစစ်တပ်သည် ကျနော်တို့ကိုချစ်လို့သာ လက်နက်တပ်ဆင်ပေးပြီးတော့မှ training တွေပေးပြီးတော့မှ သူတို့ချစ်လို့မဟုတ်ဘူး။ သူတို့ရဲ့အဖိနှိပ်ခံလူတန်းစား ရိုဟင်ဂျာပေါ့နော်- genocide ခံ ရိုဟင်ဂျာကို သူတို့စစ်ကောင်စီရဲ့အကျိုးစီးပွါးအတွက် အကျိုးအမြတ်ထုတ်ဖို့သာ ရိုဟင်ဂျာကို အသုံးချနေတာဖြစ်တယ်။"

အခုလို ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်ထဲ ဝင်ဖို့ အတင်းအကျပ်ဖိအားပေးနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ် သက်လို့ စစ်ကောင်စီပြောခွင့်ရကို ဗွီအိုအေက ဆက်သွယ်ဖို့ ကြိုးစားပေမယ့် အခု သတင်းကြေညာချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။

စစ်မှုထမ်းဥပဒေကို လိုက်နာဖို့ ချော့တလှည့် ခြောက်တလှည့် လုပ်နေတဲ့ စစ်ကောင်စီလုပ်ရပ်ကို ရိုဟင်ဂျာတွေအနေနဲ့ ပြတ်ပြတ်သားသားဆန့်ကျင်ဖို့ လိုကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ဗွီအိုအေကို အခုလိုပြောပါတယ်။

"အဲဒီတော့ ရိုဟင်ဂျာအရပ်သားတွေလက်ထဲကို လက်နက်တပ်ဆင်ပေးမှာတော့မဟုတ်ဘူး။ သူတို့နည်းမျိုးစုံနဲ့ ဒီနေရာမှာ လူသားဒိုင်းသဖွယ် အသုံးချဖို့ကြိုးစားနေတဲ့အရာဖြစ်ပါတယ်။ စစ်ကောင်စီက အဲလိုမျိုး ဖိအားပေးပြီးတော့ပဲဖြစ်ဖြစ်၊ ချော့မော့ပြီးတော့ပဲဖြစ်ဖြစ် လုပ်လာခဲ့သည်ရှိသော် ကျနော်တို့အနေနဲ့ ဒါတွေကို ပြတ်ပြတ်သားသားနဲ့ငြင်းဖို့ လိုတယ်။

မေး။ ။ အခုလို ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က သူတို့တပ်ထဲဝင်ဖို့ လိုက်ပြီးစည်းရုံးနေတဲ့အကြောင်းအရင်းကို ဘယ်လိုမြင်လဲ။

ဦးအောင်ကျော်မိုး။ ။ အဓိက ကတော့ မြေပြင်မှာ တိုက်တိုင်းရှုံးနေတော့ လူစွမ်းအားအရင်းအမြစ်က မရှိသ လောက်နည်းပါးတယ်ပေါ့။ အဲဒီအတွက် နောက်ဆုံး သူထွက်ပေါက်ရှာတဲ့အခါကျရင် ဒုက္ခသုက္ခပေါင်း မြောက်များစွာနဲ့ ရှင်သန်နေထိုင်ရတဲ့ရိုဟင်ဂျာတွေကို ဓါးစာခံအနေနဲ့ အသုံးချဖို့ ကြိုးစားတာဖြစ်တယ်။ ဒီလိုအသုံးပြုပြီးတော့ တိုက်ရင်များ နိုင်မလားဆိုတဲ့ဟာပေါ့။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့က ရခိုင်ပြည်နယ်မှာ တခြားလူမျိုးစုတွေနဲ့အတူ အေးအတူ ပူအမျှပေါ့လေ- ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ခဲ့တဲ့ သက်သေ သာဓကသမိုင်းအထောက်အထားတွေလည်း ကျနော်တို့အများကြီးရှိတဲ့အတွက်ကြောင့်မို့လို့ ဒီ စစ်ကောင်စီရဲ့ အခုလို လုပ်ရပ်ကတော့ ဘယ်လိုမှ အလုပ်ဖြစ်မယ့်အရာမဟုတ်ပါဘူးခင်ဗျ။"

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ စတင်ခဲ့တဲ့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) ကြား တိုက်ပွဲတွေဟာ ပြင်းထန်နေဆဲဖြစ်ပြီး ရိုဟင်ဂျာရွာတွေမှာ အခြေစိုက်တဲ့ AA တပ်တွေကို စစ်ကောင်စီက အပြင်းထန်ပစ်ခတ်တိုက်ခိုက်တာကြောင့် ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီလတွေအတွင်း ရိုဟင်ဂျာအရပ်သား ဒါဇင်နဲ့ချီ သေဆုံးခဲ့ကြောင်း ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ကြေညာထားပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */