" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 7, 2024

AA နှင့် တိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော် ရှိလာ

Myanmar Now
February 6, 2024


ဖေဖော်ဝါရီ ၃ ရက်မှ စတင်သော နယ်ခြားစောင့်ရဲစခန်း ၂ ခုကို တိုက်ခိုက်နေသော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သည် ထွက်ပြေးသွားကြပြီး စခန်းတစ်ခုကို AA က သိမ်းယူထားပြီး ကျန်စခန်းကို ဆက်လက်တိုက်ခိုက်နေသည်။

ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်နေသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းအနီးရှိ တောင်ပြို (လက်ဝဲ) နယ် ခြားစောင့်ရဲစခန်းမှ နောက်ထပ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် ထွက်ပြေးလာသောကြောင့် စုစုပေါင်း ၂၂၄ ဦး ရှိပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းတစ်ရပ်တွင် ယနေ့ ဖော်ပြထားသည်။

ထွက်ပြေးလာသော မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) မှ အဖွဲ့ဝင် ၁၁၁ ဦးသည် ယနေ့ နံနက်တွင် ကော့ဘဇားခရိုင်၊ Ukhiya ရှိ Rahmater bill အမည်ရှိ အစိုးရမူလတန်းကျောင်းအနီး ရောက်ရှိလာကြသည်ဟု The Territorial News ၌ ဖော် ပြထားသည်။

ဆုတ်ခွာလာရသော မြန်မာနယ်ခြားစောင့်တပ်သားများသည် ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်ရောက်ရန် ယနေ့အထိကြိုး စားနေဆဲဖြစ်ကြောင်း ပါရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်က စတင်ပြီး AA က ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတွင် တည်ရှိပြီး နယ်စပ်နယ်နိမိတ်မျဉ်းအနီး ကပ်လျက်တည်ရှိသော တောင်ပြို (လက်ယာ) နှင့် တောင်ပြို (လက်ဝဲ) ဆိုသည့် နယ်ခြားစောင့်ရဲစခန်း ၂ ခုကို စတင်တိုက်ခိုက်ခဲ့သည်။

နောက်တစ််နေ့ (ဖေဖော်ဝါရီ ၄) ညနေ ၆ နာရီခန့်တွင် တောင်ပြို (လက်ယာ) စခန်းကို AA က တိုက်ခိုက် သိမ်းယူခဲ့ပြီး ထိုစခန်းနေရာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန်မြို့(Bandarban) နှင့် ကပ်လျက် တည်ရှိသည်။

တောင်ကုန်းတစ်ခုပေါ်တွင် အခိုင်အမာတည်ဆောက်ထားသော ထိုရဲစခန်းကို လက်လွှတ်လိုက်ရပြီးနောက်နယ်ခြား စောင့်ရဲအများအပြားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားရာ ယမန်နေ့ညနေအထိ ၉၅ ဦး ရှိခဲ့ကာ ညပိုင်းတွင် ၁၀၆ ဦး၊ ထို့နောက် ၇ ဦး ထပ်ထွက်ပြေးလာသောကြောင့် ယမန်နေ့ညအထိ ၁၁၃ ဦး အထိ ရှိခဲ့သည်ဟု Dhaka Tribune သတင်းအရ သိရသည်။

ထို့နောက် ဖေဖော်ဝါရီ ၄ ရက်မှ စတင်၍ တောင်ပြို (လက်ဝဲ) နယ်ခြားစောင့်ရဲစခန်းကို AA က တိုက်ခိုက်နေရာ ယမန်နေ့တွင် စစ်ကောင်စီလေတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့၍ ဘင်္ဂလားဒေ့ရှ်ဘက်မှ လူ ၂ ဦး မော်တာကျည်စထိမှန်ကာ သေဆုံးခဲ့သည်။ ထို ၂ ဦးအပြင် ကလေးတစ်ဦးပါ ဒဏ်ရာရသည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ယမန်နေ့ညက ထုတ်ပြန်သည်။

တောင်ပြို (လက်ဝဲ) စခန်းမှ ထွက်ပြေးသွားသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA က လိုက်လံရှင်းလင်း တိုက်ခိုက်နေပြီး တချို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လက်နက်များဖြင့် ဝင်ရောက်၍ ထွက်ပြေးလွတ်မြောက်သွားကြောင်း ပါရှိသည်။
AA တိုက်ခိုက်ခဲ့သော စစ်ကောင်စီနယ်ခြားစောင့်ရဲစခန်းနှစ်ခု နေရာပြမြေပုံ။
 
နယ်စပ်ဖြတ် ထွက်ပြေးမှုများ

စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်သလို စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း တစ်ဖက်နိုင်ငံအတွင်း ထွက် ပြေးမှုများရှိနေပြီး အရေအတွက်အသေးစိတ်မသိရကြောင်း မြောက်ပိုင်းအဖွဲ့က ဆိုသည်။

အွန်လိုင်းပေါ် ပျံ့နှံ့လာသော ရုပ်သံဖိုင်များတွင် ညအချိန်အထိ ဝင်ရောက်လာသူများကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က လက်နက်များသိမ်းကာ ခေါ်ဆောင်လာသည်ကို တွေ့ရသည်။

ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြန်မာဘက်က ပြန်လည်ခေါ်ယူမည်ဖြစ်ပြီး ပြန်ပို့ရေး ဆွေးနွေးနေကြသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူများဘက်က ဆိုသည်။

“နယ်စပ်က အခြေအနေကို အနီးကပ် စောင့်ကြည့်နေတာ ရက်အတော်ကြာပါပြီ။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ ဌာနချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က (မြန်မာနယ်ခြားစောင့်ရဲတွေကို) မြန်မာ နိုင်ငံကို ပြန်ပို့ဖို့ ဆွေးနွေးနေပါတယ်” ဟု ကော့ဘဇားဒေသဆိုင်ရာ ဗိုလ်မှူးချုပ် မော်ရှဒ်အလမ်က သတင်းသမားများနှင့် ယမန်နေ့က ဘန်ဒါဘန်မြို့တွင် တွေ့စဉ် ပြောထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစုနှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် အိမ်နီးချင်းနိုင်ငံများဘက်သို့ မကြာခဏ ဝင်ရောက်ထွက်ပြေးလေ့ရှိပြီး အိန္ဒိယဘက်သို့ ထွက်ပြေးကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀ ကျော် ရှိသည်။

တောင်ပြိုစခန်း

၂၀၁၇ ခုနှစ်က စစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် ထွက်ပြေးသွားကြသည့် ရိုဟင်ဂျာ ၇ သိန်းခန့်ရှိရာ ၎င်းတို့ကို ပြန်လည်လက်ခံမည်ဟု စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားပြီး တောင်ပြို (လက်ဝဲ)၊ ငါးခူရရွာ ပြန်လည်လက်ခံရေးစခန်းနှင့် လှဖိုးခေါင်ကြားစခန်းတို့မှ ပြန်လည်လက်ခံသွားမည်ဟု ပြောထားရာ တိုက်ခိုက်ခံနေရသော တောင်ပြို (လက်ဝဲ) စခန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

နတ်မြစ်ဘေးရှိ ငါးခူရကျေးရွာသည် မောင်တောမြို့မြောက်ဘက် ၂၅ မိုင်ခန့်အကွာတွင် တည်ရှိကာ ရိုဟင်ဂျာများအနေဖြင့် ရေလမ်းတစ်ခုမှသာ ဝင်ရောက်နိုင်ပြီး တောင်ပြို (လက်ဝဲ) စခန်းသည် နှစ်နိုင်ငံကြား တံတားတစ်ခုသာ ခြားကာ ထိုနှစ်နေရာမှ ဝင်ရောက်လာသူများကို မောင်တောမြို့နယ်၊ လှဖိုးခေါင်ကျေးရွာအနီးရှိ လှဖိုးခေါင်ကြားစခန်း၌ ထားရှိမည်ဖြစ်သည်။

တောင်ပြိုလက်ဝဲမြို့နယ်နှင့် မောင်တောမြို့နယ်အတွင်း နယ်နိမိတ်တစ်လျှောက် နယ်ခြားစောင့်ရဲစခန်း ၉ ခု ထက်မနည်း တည်ရှိပြီး တိုက်ပွဲဖြစ်နေသောစခန်းများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကပ်လျက်ရှိသော စခန်းများဖြစ်သည်။

၂၀၂၃ နိုဝင်ဘာ ၁၃ မှစတင်ပြီး ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝနှင့် ရခိုင်မြောက်ပိုင်းတို့ရှိ စစ်ကောင်စီ တပ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းပိုက်ခဲ့ကာ ပလက်ဝမြို့နှင့် ပေါက်တောမြို့တို့ကို သိမ်းယူနိုင်ခဲ့သည်။

AA က ဖေဖော်ဝါရီ ၂ မွန်းလွဲ ၂ နာရီတွင် ကျောက်တော်အခြေစိုက် စကခ (၉) လက်အောက်ခံ ခြေမြန်တပ်ရင်းများဖြစ်သော ခမရ (၃၇၆) တပ်ရင်းစခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သလို ဖေဖော်ဝါရီ ၅ နံနက် ၉ နာရီခွဲတွင် ခမရ (၃၇၈) တပ်ရင်းတစ်ခုလုံးကိုလည်း အပြီးသတ်ချေမှုန်း သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်ဟု ယမန်နေ့ညတွင် မြောက်ပိုင်းအဖွဲ့များက ထုတ်ပြန်သည်။

ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနှင့် အမ်းမြို့ပတ်ဝန်းကျင်၌လည်း နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုများ ရှိနေပြီး စစ်ကောင်စီဘက်မှ လေကြောင်း၊ ရေကြောင်းအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ် တိုက်ခိုက်နေကြောင်း ပါရှိ သည်။ စစ်သင်္ဘောကလည်း လက်နက်ကြီးများဖြင့် ရမ်းဗြဲ၊ ပြင်ချောင်းကြီးကျေးရွာနှင့် အနီးအနားသို့ ၁၀ ကြိမ် နှင့်အထက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

AA နှင့် စစ်တပ်တို့ကြား နှစ်ဖက်တိုက်ပွဲများကြောင့် နယ်စပ်တစ်လျှောက်ရှိ မြန်မာဘက်မှ ရိုဟင်ဂျာအများအပြားသည် နယ်စပ်အနီး တိမ်းရှောင်လာကြပြီး ယမန်နေ့က မိသားစုဝင် ၅ ဦး ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပြန်ပို့ခဲ့သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */