" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 5, 2023

မောင်တောတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် ၄ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရ

DVB
December 5, 2023

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ရွှေရင်အေးကျေးရွာမှာ ဒီဇင်ဘာ ၄ ရက် ညက လက်နက်ကြီးကျပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး အပါအဝင် ဒေသခံရွာသား ၄ ဦး ဒဏ်ရာရကာ ရွာသားတွေကို ၂၄ နာရီအတွင်း ရွာကထွက်သွားဖို့ စစ်ကောင်စီတပ်က ညွှန်ကြားထားကြောင်း အဲဒီကျေးရွာသားတွေက ပြောပါတယ်။

နောက်ကျောကုန်းမှာ လက်နက်ကြီးကျည် ထိမှန်သွားသူ အသက် ၆၂ နှစ်အရွယ် ဒေါ်ခင်ယဥ်က “မနေ့ က ည ၈ နာရီလောက်မှာ ကျမတို့ ထိုင်နေကြတာ၊ ရွာအနီးကို လက်နက်ကြီးတလုံး ကျလာပြီး ပေါက်ကွဲ တော့ အိမ်ထဲကိုဝင်ပြေးတာ၊ ဝင်ပြေးတဲ့အချိန်မှ နောက်တလုံး ကျရောက်ပေါက်ကွဲပြီး ကျမကျောကုန်း ကို မီးနဲ့ထိုးလိုက်သလို ခံစားရတာကြောင့် အိမ်ကိုမပြေးဘဲ ဗုံးခိုကျင်းကို ပြေးတယ်။ကျောကုန်းတခုလုံး သွေးတွေထွက်လာတယ်။ နောက် ဒဏ်ရာရသူတွေလည်း ဗုံးခိုကျင်းထဲ ရောက်လာကြတယ်။

 နောက်ထပ် ကျေးရွာထဲကို လက်နက်ကြီး ၂ လုံး ကျပေါက်သေးတယ်။ အားလုံး ၄ လုံး ကျပေါက်ကွဲ တာ။ အခုတော့ ဆေးရုံမှာ ဆေးကုသနေရတယ်။ ဒဏ်ရာအခြေအနေကတော့ ဓာတ်မှန်ရိုက်ထား တယ်။ ဆရာဝန်ကတော့ ဘာမှမပြောသေးဘူး။ ရွာသားတချိုကတော့ ထွက်ပြေးသွားကြပြီ။ ကျမတို့ ကြားတာက ၂ ရက်အတွင်းမှာ ကျေးရွာတွေကနေ ထွက်သွားကြဖို့ အမိန့်ပေးထားတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ဒဏ်ရာရရှိသူတွေကတော့ ကိုယ်ဝန် ၉ လရှိသူ မလှစိန်ဝင်း၊ သူ့ရဲ့ခင်ပွန်းဖြစ်သူ ကိုမောင်လှအေး ၊ အ သက် ၆၂ နှစ်အရွယ် ဒေါ်ခင်ယဥ်နဲ့ မြေးဖြစ်သူ သူဇာခင်တို့ဖြစ်ကြ​ပြီး လက်ရှိ မောင်တောဆေးရုံမှာ ဆေးကုသမှု ခံယူနေကြကြောင်း ဒေသခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၄ ရက် ညက မောင်တောမြို့အဝင် မြို့သူကြီးကျေးရွာမှာ တည်ဆောက်ထားတဲ့ နယ်ခြား စောင့် တပ်ဖွဲ့ခွဲ နခခ-၅ ကနေ ရွှေရင်အေးကျေးရွာကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် အခုလို ပြည်သူတွေ ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ညာဘက်ပေါင်မှာ ဒဏ်ရာရရှိသွားသူ ရွှေရင်အေးကျေးရွာမှ ကိုမောင်လှအေးက “ပထမ လက်ကြီး တလုံးက ရွာအနီးမှာကျတော့ ကျနော်တို့ဇနီးမောင်နှံက ဗုံးကျင်းထဲထွက်ပြေးဖို့ ပြင်နေတဲ့အချိန်မှာ ကားလမ်းမှာ နောက်ထပ်တလုံး ကျပေါက်တော့ ကျနော့်ညာပေါင်နဲ့ ဗိုက်ကြီးသည်ဇနီး ရင်ဘတ်မှာ ထိမှန်သွားတယ်” လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်က ရွှေရင်အေးကျေးရွာကို ဒီဇင်ဘာ ၅ ရက် ညနေ ၄ နာရီ နောက်ဆုံးထားပြီး ထွက်ခွာသွားကြဖို့ ညွှန်ကြားထားကြောင်း မောင်တောမြို့ စစ်ရေးလေ့လာသူတွေထံက သိရပါတယ်။

မောင်တောမြို့နဲ့ ၅ မိုင်ခန့်အကွာမှာရှိတဲ့ ရွှေရင်အေးကျေးရွာမှာ အိမ်ခြေ ၁၂၀ ရှိပြီး လူဦးရေ ၈၀၀ ခန့် နေထိုင်နေကြတဲ့ ကျေးရွာတခု ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */