" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, October 28, 2023

အစ္စရေးစစ်ပွဲက အီဂျစ်၊ လက်ဘနွန်နှင့်ဂျော်ဒန် စီးပွားရေးကို ခြိမ်းခြောက်နေ

CNI
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၂၇

အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် အစ္စရေးနှင့် နယ်စပ်ချင်း ထိစပ်နေသည့် အီဂျစ်၊ ဂျော်ဒန်နှင့် လက်ဘနွန်နိုင်ငံ တို့တွင် စီးပွားရေး အကျပ်အတည်းများ ဖြစ်ပွားစေနိုင်သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထို့အပြင် အဆိုပါ သုံးနိုင်ငံအတွင်း ဘဏ္ဍာရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများလည်း ပိုမို ဆိုးရွားစေနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။

အီဂျစ်၊ ဂျော်ဒန်နှင့်် လက်ဘနွန်နိုင်ငံတို့တွင် လူမှုနိုင်ငံရေး တည်ငြိမ်မှုကို ဆုံးရှုံးနိုင်ကြောင်း နိုင်ငံတကာ ငွေ ကြေး ရန်ပုံငွေအဖွဲ့ (IMF) က စက်တင်ဘာလအတွင်း သတိပေးခဲ့ပြီးနောက် အစ္စရေး-ဟားမာ့စ် ပဋိပက္ခ ဖြစ်ပွား လာချိန် တွင် ထိုနိုင်ငံများ၏ စီးပွားရေးဖိအားများ ပိုမိုမြင့်တက်လာခဲ့သည်။

ဟားမာ့စ်တို့က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အောက်တိုဘာ ၇ ရက် နောက်ပိုင်းတွင် ထိုစစ်ပွဲသည် စီးပွားရေး အကျပ်အတည်းတစ်ခုကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည်ဟု ဥရောပသမဂ္ဂနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) တို့က သတိပေးခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်နဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးကို တွေ့ရစဉ်

ထိုသတိပေးချက်ကို လက်ရှိတွင် ကမ္ဘာ့ခေါင်းဆောင်များနှင့် နိုင်ငံရေး ကျွမ်းကျင်သူများက စတင် လက်ခံလာခဲ့ ကြသည်။

အစ္စရေး-ဟားမာ့စ် စစ်ပွဲကြောင့် စီးပွားရေး အကျပ်အတည်းများ ဖြစ်ပွားလာနိုင်သလို ဒေသတွင်းနိုင်ငံများ၏အစိုး ရများ ပြုတ်ကျမည့်အရေးမှ ကာကွယ်ရန် အမေရိကန်အစိုးရအနေနှင့် ထိုပဋိပက္ခကို အဆုံးသတ်ဖို့ လုပ်ဆောင် ရ မည် ဖြစ်သည်။

"စီးပွားရေး မတည်ငြိမ်မှု ဖြစ်ပွားလာရင် ဒေသတွင်းက အဖျက်သမားတွေက အဲဒီအခြေအနေကို ပိုပြီးဆိုးရွား အောင် လှုံ့ဆော်ဖို့ လွယ်ကူလာပါလိမ့်မယ်" ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အရာရှိဟောင်း တစ်ဦး ဖြစ်ပြီး နိုင်ငံတကာ ရှေ့နေတစ်ဦးဖြစ်သူ ခရစ္စတိုဖာ ဆွစ်ဖ် (Christopher Swift) က ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ် အကြီးအကဲ အာဂျေး ဘန်ဂါ (Ajay Banga) ကလည်း ယခုသီတင်းပတ်အတွင်း ဆော်ဒီနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ညီလာခံတစ်ခု၌ အစ္စရေး-ဟားမာ့စ်စစ်ပွဲသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန် အန္တ ရာယ်ရှိစေနိုင်သည်ဟု သတိပေးခဲ့သည်။

ကမ္ဘာ့ဘဏ် အကြီးအကဲ အာဂျေး ဘန်ဂါကို တွေ့ရစဉ်
အထူးသဖြင့် ဂါဇာဒေသရှိ ပါလက်စတိုင်းများနှင့် ဆူဒန်ပြည်တွင်းစစ်ကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များအား လက်ခံရဖွယ်ရှိသော အီဂျစ်နိုင်ငံအတွက် စီးပွားရေးဖိအားများကို ဖြေရှင်းရာတွင် ကူ ညီထောက်ပံ့မှုများ ပိုမိုပေးဆောင်ရန် ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ် မိုက်ကယ် (Charles Michel) က ပြီးခဲ့ သည့် သီတင်းပတ်အတွင်း IMF နှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။

"အီဂျစ်ကို ထောက်ပံ့ကြစို့။ အီဂျစ်ဟာ ကျနော်တို့ရဲ့ ကူညီထောက်ပံ့မှုကို လိုအပ်ပြီး ကျနော်တို့ကလည်း အီဂျစ် ကို ထောက်ပံ့ဖို့ လိုအပ်ပါတယ်" ဟု မိုက်ကယ်က IMF နှင့် တွေ့ဆုံမှု အပြီးတွင်သတင်းထောက်များကိုပြောကြား ခဲ့သည်။

လက်ရှိအချိန်တွင် ဂါဇာကမ်းမြောင် ဒေသအတွင်း ပါလက်စတိုင်း ၁ သန်းကျော်သည် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လက်ဘနွန်နှင့် အစ္စရေး နယ်စပ်တွင်လည်း အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားနေသဖြင့် စစ်ပွဲသည် ပိုမိုအရှိန်မြင့် လာနိုင်သည်ဟု သုံးသပ်မှုများ ထွက်ပေါ်ခဲ့ သည်။

Source: အေပီ

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */