" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, September 26, 2023

ဘူးသီးတောင်မြို့နယ်မှာ အာဆာလှုပ်ရှားမှု ရှိလို့ စိုးရိမ် ကြောင်း ဒေသခံတွေပြော

RFA
RFA Burmese
2023.09.26 

ဘူးသီးတောင်မြို့နယ်ရှိ ဒေသခံအချို့ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။RFA

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်လို့ နာမည် ပေးထားတဲ့ (ARSA) အဖွဲ့ရဲ့ လှုပ်ရှားမှုရှိနေတာကြောင့် စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

အာဆာအဖွဲ့ဟာ မနှစ်ကတည်းကစလို့ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင် မြို့နယ်ကို ဆက်သွယ်ထားတဲ့ကား လမ်းဘေး မေယူတောင်ခြေရင်းမှာရှိတဲ့ ရွာတွေနဲ့ မေယူမြစ် အရှေ့ဘက်ကမ်းကရွာတွေမှာ ပေါ်ပေါ်တင်တင်လှုပ် ရှားသွားလာနေကြတယ်လို့ မျက်မြင်တွေက RFA ကိုပြောပါတယ်။

“ဂူတာပြင်၊ စိမ်းညင်းပြား အမြဲတမ်း ငါးယောက် ခြောက်ယောက် ပစ္စတိုတွေ ထိုးပြီးတော့ သေနတ်တွေ ကိုင်လို့ အဲလို လက်တွေ့မြင်ဖူးရပါတယ်။ အာဆာတွေ ရောက်တယ်ဆိုပြီး ကြောက်လို့ ကျွန်တော်တို့ ကင်းစောင့်ကြ တယ်။ ကင်းစောင့်ကြတဲ့ အချိန်မှာ မြင်တွေ့ရတာပါ။ သူတို့လှုပ်ရှားမှုတွေက သေနတ်တွေကိုင်လို့ လွယ်လို့ ဝတ် စုံတောင်မှ ပါပါတယ်။ အမဲရောင်ဝတ်ပြီးတော့။ တချို့တွေဆိုရင်ရှော့ပင် ဘောင်းဘီတိုတွေဝတ်လို့ လူတွေကို တော့ အနှောက်အယှက်မပေး။ သူတို့ဟာနဲ့ သူတို့သွားကြတာ။ ကျွန်တော်တို့ရွာရှေ့က ကားလမ်းမဆိုတော့ ကျွန်တော်တို့ မြင်တွေ့ရတယ်”

ပြီးခဲ့တဲ့ ဇွန်လထဲမှာ ဒိုးတန်းရွာက ရိုဟင်ဂျာတစ်ယောက်ကို အာဆာလက်နက်ကိုင် အဖွဲ့က သေနတ်နဲ့ ပစ်သတ် ခဲ့ပြီး၊ နောက်တစ်ယောက်ကို ဖမ်းသွားတယ်လို့ လုံခြုံရေးအရအမည် မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က ပြော ပါတယ်။

“လက်ရှိ အခြေအနေအရ သွားရေးလာရေးမှာ စိုးတော့စိုးရိမ်ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအာဆာတွေက နေပြီးတော့ အမျိုးမျိုး အဖုံဖုံကြား နေရတာဆိုတော့ စိုးရိမ်ကြရတယ်။ သတိနဲ့ နေနေကြရတယ်။ ပြီးခဲ့တဲ့ ဇွန်လ ဆန်း နှစ်ရက် သုံးရက်လောက်က ဒိုးတန်းရွာက မွတ်စလင် တစ်ယောက်ကို အသေပစ်သတ်ခဲ့တယ်တစ်ယောက် ကို ဖမ်းယူသွားတယ်။ ဒီနေ့ထိ အစအန မရသေးဘူး”

စက်တင်ဘာ ၉ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် စစ်ကောင်စီ တပ်ဗျူဟာနားမှာ ရှိတဲ့ မိကျောင်းခေါင်းဆွဲ ကျေးရွာအုပ်စုက ရိုဟင်ဂျာအသက်ကြီးပိုင်းတစ်ယောက်ကို အာဆာအဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့လို့၊ အာဆာအ ဖွဲ့ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့သူ ဘူးသီးတောင်မြို့နယ်မှာ ခြောက်လအတွင်းအနည်းဆုံးခြောက်ယောက်လောက် ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဘူးသီးတောင်မြို့နယ် သေခံခွဆုံကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

“အာဆာတွေက အဲဒီ စိမ်းညင်းပြားတွေမှာ ညောင်ချောင်း နေရာဒေသတွေကိုလည်း ရောက်တယ်။ အာဆာ ဝင် တယ်။ အစည်းအဝေးတွေ ပြောသွားတယ်။ ကျွန်တော်တို့ ကျွဲဂြိုမော် ရပ်ရွာရဲ့ အတိုင်းအတာမှာတော့ခါ လှုပ်ရှား မှု မရှိသေးဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ဆယ်ကျော် နစက ခေတ်တုန်းကလည်း ကျွန်တော်တို့ ရွာအိမ်ခြေ ၂၀၊ ၃၀ ဝန်းကျင်လောက်ပဲရှိတယ် အိမ်ခြေ။ အဲဒီနှစ်ပေါင်း တစ်ဆယ်ကျောက်လောက်က တစ်ညတည်းနဲ့ အိမ် ၉ ဆောင် ဝင်တိုက်ခံရတယ်။ ကျွန်တော်တို့ ရပ်သူ ရွာသားတွေကကျတော့ အာဆာနဲ့ နစက ပေါင်းဖက်တယ်လို့ အဲ လိုယူဆ ထားတယ်။ ဒီနေ့ အချိန်မှာ မိန်းမ၊ ယောကျ်ားတွေအားလုံး စိုးရိမ်နေကြတယ် ဆိုတာကတော့ လုံးဝသေ ချာ ပါ တယ်”

အခုလို ပြောဆိုချက်တွေနဲ့ပတ်သက်လို့ အာဆာအဖွဲ့ကို ဆက်သွယ်ဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့ မရပါဘူး။

အာဆာအဖွဲ့ လှုပ်ရှားမှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖြေဖို့ငြင်းဆန်ပါတယ်။

"သူတို့လှုပ်ရှားမှုတွေက သေနတ်တွေကိုင်လို့ လွယ်လို့ ဝတ်စုံတောင်မှ ပါပါတယ်။"

အမည်မဖော်လိုတဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတစ်ယောက်ကတော့ အာဆာအဖွဲ့ကို ရိုဟင်ဂျာအများစုက မနှစ် သက်တဲ့အကြောင်း၊ ရိုဟင်ဂျာတွေဟာ ရခိုင်လူမျိုးတွေနဲ့ သဟဇာတဖြစ်ပြီး အတူယှဉ်တွဲ နေထိုင်သွားဖို့ပဲ ဆန္ဒရှိ တဲ့ အကြောင်း၊ အခုဆိုရင် အဲဒီဒေသမှာနေတဲ့ ရိုဟင်ဂျာတွေဟာ စစ်ကောင်စီတပ်၊ AA ၊ ALPနဲ့အာဆာအဖွဲ့ဆိုတဲ့ လက်နက်ကိုင်အဖွဲ့တွေကြားမှာ ညှပ်နေတဲ့အကြောင်း၊ ဒါကြောင့် ရက္ခိုင့်တပ်တော် (AA) အနေနဲ့လည်းရိုဟင်ဂျာ တွေကို ကာကွယ်ပေးစေချင်တဲ့ အကြောင်းပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ ကိုမေးကြည့်ပါတယ်။

“ဘူးသီးတောင်ဘက်မှာ ဒေသခံပြည်သူတွေကို ပြန်ပေးဆွဲ၊ လူသတ်၊ ဓားပြတိုက်နေတဲ့ ရာဇဝတ် လူဆိုးဂိုဏ်း တွေကို ဖမ်းဆီးနိုင်ဖို့အတွက် ကျွန်တော်တို့ အာရက္ခ ပြည်သူ့အစိုးရရဲ့ ပြည်သူ့လုံခြုံရေး တပ်ဖွဲ့တွေက ဒေသခံ တွေနဲ့ ပူးပေါင်းပြီးတော့ ပိတ်ဆို့ရှာဖွေမှုတွေ လုပ်နေတာရှိပါတယ်။ ဒီလူဆိုးဂိုဏ်းတွေ အခြေစိုက်တဲ့ ကျေးရွာ တွေ ကို ကျွန်တော်တို့ ပိတ်ဆို့ပြီးတော့မှ ရှာဖွေနေတာဖြစ်ပါတယ်။ ဒါပေမဲ့ လူဆိုးဂိုဏ်းနဲ့ မပတ်သက်တဲ့ အပြစ် မဲ့ ပြည်သူတွေအနေနဲ့ကတော့ တစ်စုံတစ်ရာ စိုးရိမ်စရာ မရှိပါဘူး”

ဒါကြောင့် ဒေသခံတွေအနေနဲ့ အစိုးရိမ်မလွန်ကြဖို့ကိုလည်း ဦးခိုင်သုခက ပြောပါတယ်။

အမည်အဖော်လိုတဲ့ ဘူးသီးတောင် ဒေသခံတစ်ဦးကလည်း သူတို့အနေနဲ့ အရင်လို တည်ငြိမ်အေးချမ်းမှုပဲ လိုချင်  တယ်လို့ ပြောပါတယ်။

“ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ဒေသ ကျေးရွာ၏ တည်ငြိမ်အေးချမ်းမှု တစ်ယောက်နဲ့ တစ် ယောက် မွတ်စလင်ပဲဖြစ်ဖြစ် ရခိုင်နဲ့ပဲဖြစ်ဖြစ် သဟဇာတဖြစ်အောင် အရင်လိုနေထိုင်နေကြတာကို ကျွန်တော်တို့ လိုချင်ပါတယ်” 

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */