" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, September 6, 2023

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)အဖွဲ့ကွဲရဲ့ နောက်ဆုံး အခြေအနေရပ်ရပ်နဲ့ ပတ်သက်ပြီး၎င်းအဖွဲ့ရဲ့အတွင်းရေးမှူး ခိုင်သူရိန်ကို ဆက်သွယ်မေးမြန်းခြင်း

Narinjara
Interview
ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၃

စစ်ကောင်စီနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိနေတဲ့ ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)အဖွဲ့ကွဲဟာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(Border Guard Forces - BGF) အဖြစ် အသွင်ပြောင်းဖို့ စစ်ကောင်စီနဲ့ ဆွေးနွေးနေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ အဲသလို သတင်းတွေ ထွက်ပေါ်နေမှုနဲ့ အတူ ဒီ ALP အဖွဲ့ ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ဟာ ဒီနှစ်ထဲမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာတွေလည်း ရှိလာပါ တယ်။

မကြာသေးခင်က ဇူလိုင် ၁ ရက်မှာပဲ အဲဒီအဖွဲ့ရဲ့ ပါတီဒုဥက္ကဋ္ဌ ခိုင်နီရောင်အပါအဝင် ALA အမှတ် (၁ဝ၁) တပ်ရင်းက တပ်ရင်းမှူး ခိုင်ကျော်မင်းနဲ့ တပ်သား ကျော်ကျော်နိုင်တို့ဟာ စစ်တွေမှာသေနတ် နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ နောက်ထပ် တစ်ခါ ALP ဟာ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှာအခြေ စိုက် ပြီး စစ်ကောင်စီနဲ့ ပေါင်းပြီးတော့ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာ၊ ငွေညှစ်တောင်းခံတာတွေရှိ နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြီးရင်စစ်တွေမြို့၊ ဘုမေကျေးရွာနားမှာလည်း စစ်ကောင်စီက နောက်ထပ် ALP ကို နောက်ထပ် မြေကွက်တစ်ကွက်ပေးပြီး အဲဒီမှာ ပါတီရုံးဆောက် ဖို့ စီစဉ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဒေါ်စောမြရာဇာလင်း ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ ALPရဲ့အတွင်း ရေးမှူး ခိုင်သူရိန်ကို နိရဥ္စရာသတင်းဌာနက ဇူလိုင် ၆ ရက် မနက်မှာ ဆက်သွယ်မေးမြန်းပြီး တင်ပြ လိုက်ပါတယ်။

မေး- ပထမဆုံးအနေနဲ့ ALP ကို နယ်ခြားစောင့်တပ်(BGF)အသွင်ပြောင်းဖို့ စစ်ကောင်စီနဲ့ ဆရာတို့ ဆွေးနွေး နေတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာတို့ဘက်က ဘာများ တုံ့ပြန်ပြောချင်ပါသလဲ။

ဖြေ- အဲလိုကိစ္စမျိုး တစ်ခါမှ မရှိဖူးဘူး။ ကျနော်တို့ အဲဒီကိစ္စနဲ့ပတ်သက်လို့ တိုင်လည်း မတိုင်ပင်ဆွေး နွေးထားတာ စစ်ကောင်စီနဲ့ ဘာမှ မရှိဘူး။

မေး- နောက်တစ်ခုက ဟိုတစ်နေ့က စစ်တွေမှာ ပါတီဒုဥက္ကဋ္ဌ ခိုင်နီရောင်အပါအဝင် ၃ ဦး ပစ်ခတ် သတ်ဖြတ်ခံမှုနဲ့ပတ်သက်လို့ ဆရာတို့ လက်ရှိ ဘာတွေ ဆောင်ရွက်နေပါသလဲ။ 

ဖြေ- ဒီဟာနဲ့ပတ်သက်ပြီးတော့ တရားခံတွေကို ဖမ်းဆီးဆောင်ရွက်နိုင်ရေးအတွက် ပြည်ထဲရေးနဲ့ပါ တပ်ရင်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နေပါတယ်။

မေး-အဲဒီမှာ သံသယဖြစ်စရာ ဘယ်နှစ်ယောက်လောက်ကိုများ ဖမ်းဆီး ခေါ်ယူ စစ်ဆေးနေတာ တွေ ရှိလဲ။ 

ဖြေ- ဒါတော့ ကျနော်တို့ ပြောလို့မရဘူး။ ကျနော်ပြောပြလို့ရနိုင်တာကတော့ ကျနော်တို့ ဒီဟာတွေ နဲ့ပတ်သက်လို့ပြီးတော့ ဆောင်ရွက်မှုတွေရှိနေတယ်။ ဒါပဲ ပြောပြနိုင်ပါတယ်။

မေး- ဟုတ်ကဲ့။ ဒီလုပ်ကြံသတ်ဖြတ်မှုကိစ္စနဲ့ပတ်သက်လို့ ဆရာတို့ဆီမှာ တချို့ ဖမ်းဆီးခံထားရ တဲ့ သူတွေကို ညှဉ်းပမ်းနှိပ်စက်တာတွေရှိမှာကို မိသားစုဝင်တွေကလည်း စိုးရိမ်နေကြတယ်လို့ သိရပါ တယ်။ ဒါနဲ့ပတ်သက်ပြီး မိသားစုတွေကို ဘာများပြောချင်ပါသလဲ။ 

ဖြေ- သူတို့ အပြစ်မရှိဘူးဆိုရင်တော့ပြန်လွှတ်ပေးမှာပါ။ အပြစ်လုပ်ထားရင်တော့ ပြည်ထဲရေးတို့၊ စစ်တပ်က ဆက်လက်ဆောင်ရွက်တာတွေ လုပ်ပါလိမ့်မယ်။

မေး- တစ်ဆက်တည်းမှာပဲ အဲဒီနေ့ဖြစ်ခဲ့တဲ့ပစ်ခတ်မှုဟာ ရက္ခိုင့်တပ်တော်(AA)လက်ချက်ဖြစ် တယ် လို့ ဆရာတို့ဘက်က ပြောထားတာတွေလည်း ရှိတယ်။ နောက်ပြီး ဇန်နဝါရီလ ၄ ရက်က ဆရာတို့ ဘက်က ထိပ်ပိုင်းခေါင်းဆောင် ၃ ယောက်ပစ်ခတ်ခံရမှုမှာလည်း AA လက်ချက်လို့ ပြောထားတာ တွေ ရှိတယ်လေ။ ဆိုတော့ ဘာကြောင့် AA ရဲ့လက်ချက်လို့ ဆရာတို့ဘက်က တိတိကျကျပြော နိုင် တာလဲ။ 

ဖြေ- ကျနော်တို့မှာသက်သေတွေရှိပါတယ်။ သူတို့လုပ်ထားတာတွေနဲ့ပတ်သက်ပြီးတော့။ ဒါတွေက ကျနော်တို့က ပြောပြလို့ မရတာတွေရှိပါတယ်။ မီဒီယာကို ပြောပြသင့်တာကိုတော့ ကျနော်တို့ ပြောပြပါ့မယ်။

မေး- ဒါနဲ့ပတ်သက်လို့ကော AA ဘက်နဲ့ တစ်စုံတရာ ပြောဆိုဆွေးနွေးသွားဖို့ရှိမလား။ 

ဖြေ- လောလောဆယ်တော့ ဆွေးနွေးဖို့တော့ ဘာမှ ထွေထွေထူးထူးမရှိပါဘူး။

မေး- ဒီလိုဖြစ်ပျက်နေမှုနဲ့ ပတ်သက်ပြီးတော့ ဘာများ ပြောပြချင်လဲ။ 

ဖြေ- ကိုယ့်ရခိုင်အချင်းချင်း ဒီလိုတိုက်ခိုက်နေတာတော့ ဘယ်မှာကောင်းမလဲ။ ဒါတွေကတော့ ကိုယ့် ရခိုင်သား အချင်းချင်း စဉ်းစားရမှာပဲလေ။ ကိုယ့်ရခိုင်ပြည်ကောင်းစားစေချင်လို့၊ ကိုယ့်ရခိုင်ပြည် တိုး တက်စေချင်လို့ဆိုတဲ့ခေါင်းစဉ်နဲ့ ကျနော်တို့တွေ လက်နက်ကိုင်ထားကြတယ်။ တော်လှန်ရေး လုပ်ခဲ့ ကြတယ်။ အခု ကိုယ့်ရခိုင်အချင်းချင်း သတ်တာ၊ ဖြတ်တာတွေ ဖြစ်နေကြတယ်ဆိုတော့ လူကြား လို့ လည်း မကောင်းဘူး။ ရှင်းရှင်းပြောရရင် ရှက်ဖို့ကောင်းပါတယ်။ တော်လှန်ရေးသမိုင်းမှာဒီလိုမျိုးတွေ ဖြစ်ပေါ်နေတာတွေလေ။ ဒါကို ပြောချင်ပါတယ်။ သူတို့တွေမှာလည်း လူကြီးပိုင်းတွေမှာစဉ်းစားဆင် ခြင်နိုင်စွမ်းရှိတဲ့သူတွေ အများကြီးရှိတယ်လေ။သူတို့အနေနဲ့စဉ်းစားဆင်ခြင်ရမဲ့ဟာတွေဖြစ်နေတယ်၊ ငါတို့လုပ်တာတွေဟာ မှန်နေလား၊ မှားနေလားဆိုတာ သူတို့လူကြီးပိုင်းတွေ ဆင်ခြင်သုံးသပ်ကြပါ တော့။ ဒီဟာကတော့ ကျနော် ဝေဖန်စရာအကြောင်းမရှိဘူး။

မေး- တစ်ဘက်မှာလည်း ဒေါ်မြရာဇာလင်း ဦးဆောင်တဲ့ ဆရာတို့ ALP ဟာ စစ်တွေမြို့၊ စက်ရုံစု ရပ် ကွက်မှာ အခြေစိုက်ပြီး စစ်တပ်နဲ့ပေါင်းပြီးတော့ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာ၊ ငွေညှစ်တောင်း ခံတာတွေရှိတယ်လို့ ပြည်သူတွေကြားမှာ ပြောဆိုနေတာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘာများ ပြောချင်ပါသလဲ။ 

ဖြေ- အဲလိုကိစ္စမျိုးတွေမရှိဘူး။ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့လေ။ ဒီလို တရားလက်လွှတ် ပြော ဆို နေတာတွေကတော့ သူတို့ဘာသာ သူတို့ ပြစ်မှုတွေကိုလုပ်ပစ်ခဲ့ပြီးတော့ သူတို့ ဖြေရှင်းလို့ မနိုင် ဘူး၊ သူတို့ပြစ်မှုတွေပေါ်လာကြတဲ့အပေါ်မှာ ဒီလိုသိက္ခာကျအောင် စွပ်စွဲတာတွေက ရှိပါတယ်။ ဘာ ဖြစ်လို့လဲဆိုရင် ကျနော်တို့ ALP က စစ်တပ်နဲ့ပူးပေါင်းနေတာလည်း မဟုတ်ဘူး။ ကျနော်တို့ဟာ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အ စည်းတစ်ခုဆိုတဲ့နေရာမှာ တရားဝင် အစိုးရအဖွဲ့အစည်းအားလုံးနဲ့ ကျနော်တို့ဟာ စကားပြောပိုင်ခွင့် လည်း ရှိတယ်။ ပြောလို့လည်း ရတယ်။ ဒါကြောင့်မို့ ကျနော်တို့က ပြောကြ၊ ဆိုကြတာပဲရှိတယ်။ ဒီအပေါ်မှာ စစ်တပ်နဲ့ပေါင်းလို့ ပြည်သူကို နှိပ်စက်တယ်ဆိုတဲ့ စကားလုံးတွေကတော့ ဘယ်လိုပြော ရမလဲ။ ဘောင်မဝင်တဲ့စကားလုံးတွေပဲလို့ ကျနော်ကတော့ သုံးသပ်ချင်တယ်။

မေး- နောက်တစ်ခုက စစ်တွေမြို့နားက ဘုမေမွတ်ဆလင်ကျေးရွာနားမှာ ဆရာတို့ ALP ပါတီရုံး ထပ်ဆောက်ဖို့သတင်းတွေ ထွက်နေပါတယ်။ အဲဒီအပေါ်မှာကော ဘာပြောချင်လဲ။

ဖြေ- အဲဒီဟာတွေကတော့ ဒီ လုပ်သင့်လုပ်ထိုက်တာတွေတော့ လုပ်နေကြတာပဲလေ။ ဒါတွေဟာ လည်း သူတို့မှာလည်း မြေပြင်ကတချို့အဖွဲ့တွေမှာလည်း ကိစ္စဝိစ္စတွေရှိလို့လုပ်နေတာတွေရှိမှာပေါ့။

မေး- ဘုမေမှာ ပါတီရုံးထပ်ဆောက်မဲ့ဟာ ရှိတယ်လို့ ပြောချင်တာလား။ 

ဖြေ- ဒါတွေကတော့ ကျနော်တို့ ဒီအချိန်မှာ ဘာမှမပြောနိုင်သေးဘူး။ အဲဒီသတင်းတွေဟာလည်း ဘယ်ကနေထွက်လာမှန်းလည်း မသိဘူး။ အဲဒါတွေ ပြောနေဆိုနေကြတာတွေလည်း။ ဒါ့ကြောင့် တ ချို့ကိစ္စတွေဟာ ကျနော်တို့လည်း ဖြေရှင်းဖို့ မလိုတဲ့ကိစ္စတွေကို ကျနော်တို့ကလည်း ခေါင်းထဲ အ ရေးတယူလုပ်လို့ ဖြေရှင်းနေမှာ မဟုတ်ဘူး။ ဒါပဲ ပြောချင်ပါတယ်။

မေး- နောက်တစ်ခုက ALP ဘက်မှာ အခုနောက်ပိုင်း စစ်တပ်ယူနီဖောင်းတွေနဲ့ တူလာတွေရှိတယ် လေ။ အဲဒီအပေါ် ဝေဖန်နေတဲ့အပေါ် ဘာတွေပြောချင်ပါလဲ။ 

ဖြေ- စစ်တပ်ယူနီဖောင်းနဲ့တူတာတော့ မဟုတ်ဘူး။ ဒါတွေက ဘယ်လိုပြောမလဲ။ တော်လှန်ရေးမှာ တော့ ယူနီဖောင်းတွေကတော့ ဝတ်ကြတာပဲ။ အဆင်ပြေသလိုဝတ်ကြတာရှိတယ်။ ပြီးတော့ အဲဒီ ယူနီဖောင်းကိစ္စကလည်း ရှင်းရှင်းပြောရရင် ကျနော်တို့ အရမ်းကြာနေပြီ။ ဗိုလ်ချုပ်စောမြတို့ လုပ်ကြံ ခံရမှုမဖြစ်ခင်ကတည်းက ဒီယူနီဖောင်းကိစ္စ ဖြစ်လာတာလေ။ ပြီးတော့ အခုဝတ်နေတဲ့ ယူနီဖောင်း ကိုပဲ ပြန်ဝတ်နေတာတွေရှိတယ်။ ဒါတွေကတော့ အမြင်တွေ အပေါ်မှာ စွပ်စွဲကြတာလို့ပဲ ပြောချင် ပါတယ်။

မေး- ဒီလိုမျိုး ALP အပေါ်မှာ ပြောဆိုဝေဖန်မှုတွေ ကြီးကြီးမားမား ရှိနေသလို အဖွဲ့အတွင်းမှာလည်း ကွဲပြဲ နေတဲ့အတွက် ALP ကို ဘယ်လိုမျိုး ရှေ့ဆက်တည်ဆောက်သွားဖို့ရှိနေလဲ။ 

ဖြေ- ဒီလိုလုပ်ကြံမှုတွေ၊ ထိုးနှက်မှုတွေအတွက်နဲ့တော့ ALP ရဲ့သွားနေတဲ့လမ်းကြောင်း အပေါ်မှာ တော့ ယိုင်နဲသွားတာ တစ်ခုမှမရှိဘူး။ အားလုံး ပုံမှန်အတိုင်းပဲ သွားနေပါတယ်။

မေး- နောက်ဆုံးအနေနဲ့ ဘာများပြောချင်ပါသေးလဲ။ 

ဖြေ- ရခိုင်ပြည်သူတွေကို ပြောချင်တာကတော့ ဒီမိုခါကိစ္စတွေနဲ့လည်း ရခိုင်ပြည်ဟာ အရမ်းထိခိုက် နေကြပြီ။ ရှင်းရှင်းပြောရင် နဂိုကတည်းကလည်း ကျနော်တို့ဟာ ဖွံ့ဖြိုးတိုးတက်မှု အရမ်းနောက် ကျ တဲ့ဒေသထဲမှာ ပါတယ်။ ဒါကြောင့်မို့ ရခိုင်အချင်းချင်းသွေးကွဲနေဖို့၊ ရန်ဖြစ်နေဖို့၊ အငြင်းပွားနေကြ ဖို့အစား ရခိုင်အချင်းချင်း မသင့်မြတ်တာတွေကို ညှိနှိုင်းကြပါ၊ ဆွေးနွေးကြပါ။ ကျနော်တို့တွေ ဘာ လုပ်ပေးနိုင်မလဲ။ ပြည်သူတွေဘက်ကလည်း ကျနော်တို့ကို ပွင့်ပွင့်လင်းလင်း ပြောပြီးတော့ တောင်း ဆိုလို့ရတာတွေရှိတယ်။ ပြောဆိုပါ။ အားလုံးဟာ ရခိုင်တွေဟာ ဒီအချိန်မှာ တက်ညီလက်ညီနဲ့ ခရီး တစ်ခုကို သွားရဖို့အချိန်ဖြစ်နေပြီ။ တစ်ဘက်နဲ့တစ်ဘက် ရန်ဖြစ်ပြီးတော့ ဒီလိုမျိုး ဖြစ်နေရမဲ့ အချိန် လည်း မဟုတ်တော့ဘူးပေါ့လေ။ အဲဒါပဲ ပြောချင်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */