" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, July 5, 2023

“စစ်အာဏာသိမ်း ၂နှစ်အတွင်း ဘာသာရေး အဆောက် အဦး၂၀၀နီးပါး တိုက်ခိုက်ခံရ” ICJ အစီရင်ခံ

VOA
နန်းလောင်ဝ်
၀၅ ဇူလိုင်၊ ၂၀၂၃ 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ ဝတ်ပြုသည့် အဆောက်အဦးကို မီးရှို့ ဖျက်ဆီးခံရပြီးနော်ကပိုင်း လုံခြုံရေး ယူထားသည့် အခြေအနေကို တွေ့ရစဉ်။ ဓါတ်ပုံ - (MOI Web Portal)

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ၂ နှစ်တာ ကာလအတွင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ အပါအဝင် ခရစ်ယာန်နဲ့ မွတ်ဆလင် ဘာသာရေး အဆောက်အအုံ ၂၀၀ နီးပါး တိုက်ခိုက် ဖျက်ဆီး ခံခဲ့ရတယ်လို့ အပြည်ပြည် ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) က ပြောပါတယ်။ ဘာသာရေး လူနည်းစုဝင်တွေနဲ့ အသိုင်းအဝိုင်း တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ အာဏာသိမ်းမှုနောက်ပိုင်းမှာ ပို ဆိုးလာတယ်လို့လည်း ဇွန်လထဲ ထုတ်ပြန်တဲ့ ICJ ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းသတင်းပေးပို့ချက်ကို နန်းလောဝ်ပြောပြမှာပါ။

၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်သူတွေ ဖမ်းဆီး နှိပ်စက်၊ သတ်ဖြတ်ခံရတာ၊ ပုံစံမျိုး စုံနဲ့ ဖိနှိပ်ခံရတာတွေ ရှိနေတဲ့ တချိန်ထဲမှာပဲ လူနည်းစု ဘာသာ၀င်တွေနဲ့ အသိုင်းအ၀ိုင်းတွေကို ဖိနှိပ်တာ၊ပစ်မှတ် ထား တိုက်ခိုက်တာတွေ ဟာလည်း ကျယ်ကျယ်ပြန့်ပြန့် ဆက်ဖြစ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင် များ ကော်မရှင် (ICJ) က ပြောပါတယ်။ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဧပြီလ အထိ ၂ နှစ်ကြာ ကာလအတွင်း ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တွေနဲ့ ပဲခူး၊ မကွေးမန္တလေး ၊ စစ်ကိုင်း၊ တနင်္သာရီ၊ ရန်ကုန် စတဲ့ ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်မှုတွေအတွင်း ထိခိုက်ပျက်စီးခဲ့ရတဲ့ ဘာသာရေး အဆောက်အအုံ ၁၉၀ ကျော် ရှိတဲ့အကြောင်း ဇွန်လထဲ မှာထုတ်ပြန်တဲ့ ICJ ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ ဒီဖြစ်ရပ်တွေထဲက ၁၅၈ ခုက စစ်ကောင်စီတပ်ဖွဲ့ တွေ ရဲ့ လက်ချက်ကြောင့် ထိခိုက် ပျက်စီးခဲ့ရတာလို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကပဲ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ၊ ရေဦးမြို့နယ် ၊ ချမ်းသာကျေးရွာ မှာ နှစ်ပေါင်း ၄၀၀ ကျော် ၅၀၀ နီးပါးရှိခဲ့တဲ့ ခရစ်ယာန် ကက်သလစ် သာသနာ ဗိမ္မာန်တော် ဘုရားရှိခိုးကျောင်း တခု မီးရှို့ ဖျက်ဆီးခံခဲ့ရ တာ ပါ။ စစ်ကောင်စီဟာ ဘာသာရေး အဆောက်အဦး တော်တော်များများကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးတာတွေ ပို လုပ်လာတယ်လို့ စစ်ကိုင်းတိုင်းက ခရစ်ယာန်ဘာသာဝင် တဦးက ဗွီအိုအေကို ပြောပြပါတယ်။

( ကျေးရွာတွေကိုစစ်ကြောင်းထိုးတယ်ဝင်ရောက်တယ်။ ဝင်ရောက်တာမှာ ခိုးဆိုးလုယက်ပြီးတော့ သူတို့လိုချင် တဲ့ ပစ္စည်းတွေယူတယ်။ နောက်ရွာသူရွာသားတွေနေလို့မရအောင် လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးထားခဲ့တယ်ဒါတင် ဘဲလားဆိုတော့လည်းမဟုတ်ဘူး ဘာသာတခုရဲ့ ဘုရားကျောင်းဆောင်တွေ ဝတ်ပြု ဆုတောင်းတဲ့ နေရာ တွေနဲ့ အထွတ်အမြတ်ထားရာနေရာ တွေ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေ ဒါတွေကိုပါဖျက်ဆီးသွားကြတယ်။ ဒါတွေ က အာဏာသိမ်းပြီးထဲကစစ်ကောင်စီကတစိုက်မတ်မတ်လုပ်နေတာဘဲ.။ ကျနော်တို့ရွာကိုစစ်ကြောင်း အကြိမ်ကြိမ် ထိုးတာ အကြိမ် ၃၀ကျော်ပြီ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ရက်နေ့က နှစ်ပေါင်းတရာကျော်ရှိတဲ့ ခရစ်ယာန် ကျနော်တို့ဘု ရား ကျောင်းကို သူတို့မီးရှို့ ဖျက်ဆီးသွားခဲ့တယ်။)

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ အပါအဝင် ဘာသာရေး အဆောက်အအုံတွေ မီးရှို့ ဖျက်စီးခံရတာအပြင် စစ်အခြေစိုက်စခန်းတွေ၊ ထိန်းသိမ်းရေး စခန်းတွေအဖြစ်လည်း အသုံးချခံရတာတွေပါ ရှိတယ်လို့လည်း ICJ အစီ ရင်ခံစာက ဖော်ပြပါတယ်။ ဘာသာရေး ခေါင်းဆောင်တွေ ဖမ်းဆီး ထိန်းသိမ်းခံရတာ၊ အသတ်ခံရတာတွေလည်း ပိုများလာသလို၊ စစ်အုပ်ချုပ်ရေးအောက်မှာ လူနည်းစု ဘာသာဝင်တွေ ဖိနှိပ်ခံရတဲ့ အခြေအနေ စိုးရိမ်စရာ ဖြစ် လာတဲ့အကြောင်း အစီရင်ခံစာက ထောက်ပြထားပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်ဆလင်တဦးကတော့ သူတို့အတွက် ဘာသာရေးအရ ဖိနှိပ်မှုနဲ့ အကန့်အသတ် တွေ ပိုများလာတယ်လို့ ပြောပါတယ်။

‘’လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုလားကျနော်တို့ရိုဟင်ဂျာတွေကိုအရင်ကလည်း ဗလီတွေကိုကန့်သတ်ထား တယ်။ ဗလီတွေမှာလူတွေစုပြီးတော့ ဝတ်ပြုဖို့ခွင့်မပြုဘူး။ အခုလည်းဒီပုံစံဘဲရှိတယ်။ နယ်တွေဘက်မှာ ကိုးကွယ်နေကြ တယ် ဒါပေမယ့် တရားဝင်ခွင့်ပြုထားတာမဟုတ်ဘူး။မြို့ပေါ်မှာကျတော့လုံးဝဝတ်ပြုလို့မရဘူး။ နောက်တခုက ဘာသာရေးကျောင်းတွေကိုလည်းပိတ်ထားတယ်။ ကန့်သတ်ထားတယ်။ ပြင်လို့မရဘူး။ လူတွေနေမရအောင်ပုံစံ မျိုးလုပ်ထားတယ်။ဒါတွေက ရိုဟင်ဂျာတွေအတွက်ထိခိုက်မှုတွေဘဲ။ဆုံးရှုံးမှုကတော့အာဏာသိမ်းပြီးနောက် ဆုံး ရှုံး မှုပိုများလာတယ်။ )

အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုတွေ၊ နှိပ်စက်ညှင်းပမ်းခံရမှုတွေ၊ လက်နက်ကြီး ထိမှန်တာ ဒါမှမဟုတ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးရတဲ့ ဘာသာရေးခေါင်းဆောင် ၄၁ ဦး ရှိတယ်လို့လည်း အစီရင်ခံစာ က ဖော်ပြပါတယ်။

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ခါလမ် ဆမ်ဆွန်ဆိုရင်လည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ကစပြီး စစ်ကောင်စီရဲ့ ဖမ်းဆီး ထိန်းသိမ်း တာ ခံထားရပါတယ်။ ၂၀၂၂ ခုနှစ်အောက်တိုဘာလတုန်းကဖားကန့်မြို့ နယ်မှာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၆၀ သေဆုံးခဲ့ရပြီး အဲဒီ ဖြစ်စဉ်မှာ ထိခိုက်သေဆုံးဒဏ်ရာ ရရှိသူတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး နဲ့ ဈာပန အခမ်းအနား ပြုလုပ်နိုင်ဖို့ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သလို၊ နောက်ပိုင်းမှာ သေဆုံးသူတွေ အတွက် ကချင်ပြည်နယ် မြို့တော်မှာ ဆုတောင်း ပွဲပြုလုပ်ပေးတာ၊ က ချင်တိုင်းရင်းသား ခေါင်းဆောင် တချို့ကို ဘာသာရေးအရ ဟောပြော ပေးခဲ့တာတွေကြောင့်မတရားအသင်းဆက် သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ အပါအဝင် ပုဒ်မ ၃ ခု နဲ့တရားစွဲခံရပြီး ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချမှတ် ခံထားရပါ တယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်အတွင်း ဘာသာပေါင်းစုံက လူမှုအသိုင်းအဝိုင်းတွေ အားလုံး ဖိနှိပ်ခံနေရတယ်လို့ အမေရိကန် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF) ကလည်း ဒီ နှစ် အစောပိုင်းက ထောက်ပြထားပါတယ်။ အမေရိကန်အစိုးရက မေလထဲ ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာထဲမှာလည်း မြန်မာနိုင်ငံကို ကမ္ဘာပေါ်မှာ ဘာသာရေး လွတ်လပ် ခွင့် အဆိုးရွားဆုံး နိုင်ငံ အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */