" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, May 22, 2023

မုန်တိုင်းကြိုတင်သတိပေးမှုနဲ့ အသိပညာ အားနည်းမှုကြောင့် ရိုဟင်ဂျာသေဆုံးမှုများခဲ့

RFA
RFA Burmese
2023.05.22
မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့ ရိုဟင်ဂျာတွေနေထိုင်သည့် ဗေဒါရွာမှ အပျက်အဆီးများကို ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။
RFA
မုန်တိုင်းမဝင်ခင် ရက်ပိုင်းအလိုမှာ စစ်ကောင်စီတာဝန်ရှိသူတွေက ပင်လယ်ပြင်အနီးနေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ ခသည်တွေကို ပြောင်းရွှေ့ဖို့ အသိပေးခဲ့ပေမယ့် စနစ်တကျ သတိပေးမှုနဲ့ ကြိုတင်ပြင်ဆင်မှု အားနည်းပြီး နှစ်ပေါင်းများစွာ ပညာသင်ခွင့်မရတဲ့ ရိုဟင်ဂျာတွေကိုယ်တိုင် အသိပညာအားနည်းမှုတွေကြောင့် အခုလို သေဆုံး ထိခိုက်များခဲ့တာလို့ ဒုက္ခသည်တွေနဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

မေလ ၁၄ ရက် အားပြင်းမိုခါ မုန်တိုင်းကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ၁၁၇ ဦး အပါအဝင် စုစုပေါင်း ၁၄၅ ဦး သေ ဆုံးကြောင်း စစ်ကောင်စီက မေလ ၁၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က သေဆုံးတဲ့ ရိုဟင်ဂျာအရေအတွက် ၄၀၀ ကျော်လောက် ရှိတယ်လို့ အ စောပိုင်းက သတင်းထုတ်ပြန်ခဲ့ပေမယ့် အဲဒီအရေအတွက် မမှန်ဘူးလို့ စစ်ကောင်စီဘက်က ပြောပါတယ်။ မမှန်သတင်း ထုတ်လွှင့်ဖော်ပြတဲ့ သတင်းမီဒီယာတွေကိုလည်း အရေးယူမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

ဆယ်စုနှစ် တစ်စုကြာ ပိတ်လှောင်ခံထားရပြီး ကိုယ်တိုင်အသိပညာ နည်းပါးမှုနဲ့ စနစ်တကျ ကြိုတင်သတိပေးမှုတွေ အားနည်းခဲ့တာကြောင့် အခုလို မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရိုဟင်ဂျာအရေး အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုး က ပြောပါတယ်။

"လုံလောက်တဲ့ သတင်းအချက်အလက် လက်လှမ်းမှီမှု မရှိလို့ အခုလို ဖြစ်တာ။ စစ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေက ဆယ်စုနှစ်တစ်စုကြာ မြို့ပြင်မှာရှိတဲ့ ပင်လယ်ကမ်းစပ်မှာ နေရတာပေါ့။ အကာအကွယ် သိပ်မရှိတဲ့ နေ ရာပေါ့၊ သဘာဝဘေး အန္တရာယ်ကျရောက်တဲ့အခါ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်နဲ့က ပိုမိုထိခိုက်လွယ်တဲ့ အနေအထားမှာ ရှိတယ်။ အဲဒီလိုအခြေအနေမှာ အင်အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ကျရောက်လာပြီးတော့ ကြိုတင်ရှေ့ပြေး သတိပေးမှု အားနည်းတယ်။ လုံလောက်တဲ့ အခြေခံအဆောက်အအုံ ခိုလှုံဖို့ မရှိဘူးဆိုတော့ မဖြစ်သင့်တဲ့ အနေအထားကို ဖြစ်သွားတာပေါ့"

မုန်တိုင်းမဝင်ခင်ကတည်းက အသိပညာပေးတာရော ကြိုတင်ပြင်ဆင်မှုမှာပါ အစိုးရဘက်က အားမနည်းခဲ့ဘဲ ကိုယ်တိုင် မရွှေ့ပြောင်းချင်လို့ အခုလို ဖြစ်ရတာလို့ စစ်တပ် အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျုဟာ လေ့လာရေးအဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး က ပြောပါတယ်။

"မုန်တိုင်း မစခင်ကတည်းက အစိုးရတင်မကဘူး၊ ပြင်ပပညာရှင်တွေပါ မျိုးစုံကို ပြောခဲ့ကြပါတယ်။ ရွှေ့ပြောင်းဖို့ ဆိုတာကလည်း ကျနော်ထင်ပါတယ် မုန်တိုင်းမတိုက်ခင် သုံးလေးရက် အလိုကတည်းက ရွှေ့ပြောင်းဖို့ လုပ်နေကြတာ ကျွန်တော်တို့ တွေ့နေရတာပဲ၊ ဒါပေမဲ့ တချို့တွေက မုန်တိုင်းနဲ့ ပတ်သက်ပြီးတော့ ကိုယ်ကိုယ်တိုင် မရွှေ့မပြောင်းပဲ နေကြတဲ့ လူတွေလည်း ရှိတာကြောင့် ပြောရရင် ရွှေ့ပြောင်းဖို့လည်း လုပ်ခဲ့တယ်၊ အသိပညာပေးတာလည်း လုပ်ခဲ့တယ်၊ ဒါပေမဲ့ ကိုယ်ကိုယ်တိုင် မရွှေ့ပြောင်းကြတဲ့ သူတွေ ဖြစ်သွားတဲ့ အခါကြတော့ ဘယ်သူ့မှာ တာဝန်ရှိလဲ ဆိုတာ ပြောရခက်ပါတယ်"

ရခိုင်ပြည်နယ် စစ်‌တွေမြို့နယ် IDP စခန်း ၁၇ ခုက ရိုဟင်ဂျာ ၁၂၅,၇၈၉ ဦးအနက် ၆၃,၃၀၂ ဦးကို ဘေးလွတ်ရာကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ကြောင်းနဲ့ အခု သေဆုံးသူတွေဟာ သူတို့ဆန္ဒအလျောက် မရွှေ့ပြောင်းဘဲ ကျန်ခဲ့သူတွေဖြစ်တယ်လို့ စစ်ကောင်စီက မေလ ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
"ကျွန်တော်တို့က ဘယ်ကို သွားမှာလဲ။ ကျွန်တော်တို့က စစ်တွေမြို့ထဲကိုလည်း သွားလို့မရဘူး။"

အာဏာပိုင်တွေက မုန်တိုင်းသတိပေးချက်ကို ကားလမ်းမတစ်လျှောက် လော်စပီကာနဲ့ ကြေညာခဲ့ပေမယ့်ရှောင် တိမ်းမဲ့ အစီအစဉ်ကိုတော့ လုပ်မပေးခဲ့ကြဘူးလို့ ဒါးပိုင်ဒုက္ခသည်စခန်းက ဦးနူရူလာကိန်းက ပြောပါတယ်။

“ကျွန်တော်တို့က ဘယ်ကို သွားမှာလဲ။ ကျွန်တော်တို့က စစ်တွေမြို့ထဲကိုလည်း သွားလို့မရဘူး။ ဟိုဘက်မှာ စာသင်ကျောင်းအကြီးတွေ ရှိတယ်။ အဲဒီကိုလည်း သွားလို့မရဘူး။ တကယ်ဆို အစိုးရက ဒီကိုလာပြီး သွားကြ၊ ဒီမှာနေရင် သေမယ်၊ လေမုန်တိုင်း တိုက်မယ်၊ ဒီမှာ မနေကြနဲ့၊ နေမယ်ဆိုလည်း လူငယ်တွေနေခဲ့၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ကားပေါ်တက်ကြ၊ ကျွန်တော်တို့ ခေါ်ယူသွားမယ်၊ အဲလိုသာ ပြောခဲ့မယ်ဆိုရင် ကျွန် တော်တို့ မသွားဘဲ ဘယ်နေပါ့မလဲ။ အဲဒါကို တာဝန်ရှိတဲ့သူတွေက လုပ်ရမှာ။ အခုတော့ ကျွန်တော်တို့က ဘယ်နေရာကိုသွားလို့ ဘယ်နေရာမှာနေလို့ ဘယ်နေရာမှာစားမယ် ကလေးတွေနဲ့ ဘာတွေနဲ့ အဲဒါတွေ မရှိတော့ သေရင်လည်း သေပလေ့စေဆိုပြီး ဒီမှာပဲ ဆက်နေခဲ့ရတာ”

အဲဒီဒုက္ခသည်စခန်းက ဦးမောင်နီကတော့ တာဝန်ရှိသူတွေက ပြောင်းရွှေ့ဖို့ သတိပေးခဲ့ပေမယ့် သူတို့မှာ သွားစရာနေရာလည်းမရှိ၊ ပြောင်းဖို့ စားရိတ်လည်း မရှိတာကြောင့် သေရင်လည်း သေပါစေတော့ဆိုပြီး ဒါးပိုင်စခန်းမှာပဲ ဆက်နေရင်း အခုလို အသက်ဆုံးခဲ့တာလို့ ပြောပါတယ်။

“ကျွန်တော်တို့မှာ သွားရမယ့်နေရာ မရှိပါဘူး။ ပြောင်းဖို့ရွှေ့ဖို့ စရိတ်လည်း မတတ်နိုင်ပါဘူး။ အဲဒါကြောင့် မထူးတော့ဘူး သေချင်လည်းသေစေတော့ဆိုပြီး ဒီမှာ ဆက်နေခဲ့တာ။ ဒီမှာ ဆက်မနေရင် ကျွန်တော်တို့က ဘယ်မှာ သွားနေရမှာလဲ”

 စစ်တွေမြို့နယ်အခြေစိုက် မွန်မြတ်ကရုဏာ ပရဟိတအသင်းရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှမြင့်ကတော့ မေလ ၁၈ ရက်နေ့ထိ စစ်တွေမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ သက္ကယ်ပြင်နဲ့

ဒါးပိုင် အပါအဝင် စစ်တွေမြို့နယ်ထဲက ဒုက္ခသည်စခန်းတွေကနေ ရိုဟင်ဂျာ ၄၀ ကျော်လောက်ရဲ့ ရုပ်အလောင်းတွေကို ရရှိထားပြီး ထပ်မံစာရင်းကောက်ယူနေတယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ဒုက္ခသည်စခန်းတွေက သီးသန့် သေဆုံးသူ ၄၀ ကျော်လောက် ရှိပါတယ်။ အဲဒီအထဲမှာ အမျိုးသ မီးက များပါတယ်။ ကလေးသူငယ်တွေကတော့ ဆယ်ဦးကျော်လောက် ပါပါတယ်။ တိကျတဲ့ စာရင်းရဖို့အတွက် ကျွန်တော်တို့ လူငယ်တွေကို အလောင်းတွေ မြေမြုပ်တဲ့နေတဲ့ နေရာတွေထိသွားပြီး စာရင်းတွေ ကောက်ခိုင်းထားပါတယ်”

သေဆုံးသူတွေထဲမှာ ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ရေမကူးတတ်တဲ့ သားသည်မိခင် အမျိုးသမီးတွေ အများဆုံး ပါဝင်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။

သားဖြစ်သူနဲ့ ကိုယ်ဝန်ဆောင် ညီမကို ဆုံးရှုံးခဲ့ရတဲ့ ဒုက္ခသည် ဒေါ်ဆူကီနာဟာတူက မုန်တိုင်းကြောင့် ရေတက်လာချိန်မှာ စခန်းကနေထွက်ပြေးရင်း လမ်းခုလပ်မှာ မပြေးနိုင်တော့ဘဲ သေဆုံးခဲ့ရတာလို့ RFA ကို ပြောပါတယ်။

“လေတိုက်တဲ့ အချိန်မှာ စခန်းထဲမှာပါ။ လေက တဖြည်းဖြည်း ပြင်းလာပြီး ရေတက်လာတာနဲ့ စခန်းထဲကထွက် ပါတယ်။ ကလေးနှစ်ယောက်ကို ဆွဲပြီးသွားတာပါ။ သွားရင်းနဲ့ ရေကခါးလောက် ရောက်လာတယ်။ နည်းနည်းဆက်သွားတာနဲ့ ရေက လည်ပင်းနား ရောက်လာတယ်။ အဲဒီအချိန်မှာ အမေနဲ့ သားက ရေလှိုင်းနဲ့လွှင့် သွားတယ်။ ကိုယ်ဝန်လွယ်ထားတဲ့ ညီမက ဆုံးသွားတယ်။ သူ့သားလက်ကိုဆွဲပြီး သေသွားတာ”

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘာဆာရာ ရိုဟင်ဂျာရွာမှာ နေထိုင်သူတချို့အား ၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မုန်တိုင်းကြောင့် ဒါးပိုင် ဒုက္ခသည်စခန်း တစ်ခုတည်းမှာတင် သေဆုံးသူ ကိုးဦး ရှိပါတယ်။ မုန်တိုင်းဝင်ချိန် ရေက လည်ပင်းလောက်ထိ တက်လာပြီး လမ်းတံတားတွေလည်း ကျိုးကျခဲ့တာကြောင့် ဆက်မပြေးနိုင်တော့ဘဲ ရေထဲမျောပါ သေဆုံးခဲ့ရတာလို့ ဒါးပိုင် ဒုက္ခသည်စခန်း တာဝန်ခံတစ်ဦးဖြစ်တဲ့ ဦးမာမောက်ကာဆိန်းက ပြောပါတယ်။

“သေတဲ့သူ ကိုးယောက်က တံတားကျိုးကျတာမှာ ပါသွားတာလည်း ရှိပါတယ်။ ဒီနားမှာ လည်ပင်းလောက်ထိ ရောက်တဲ့ ရေကိုကူးရင်း သေသွားတာလည်း ရှိပါတယ်။ သွားရင်းနဲ့ ရေပြည့်လာပြီး ရေနဲ့ပါသွားတာလည်း ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လက်ချင်း ချိတ်ပြီးသွားရာမှာ လက်က လွတ်ပြီး ရေနဲ့မျောပါသေဆုံးတာတွေလည်း ရှိပါတယ်”

အခုတော့ မုန်တိုင်းကြောင့် သေဆုံးသူတွေကို ရဲတပ်ဖွဲ့က မှတ်တမ်းကောက်ယူနေတယ်လို့ ဒုက္ခသည် တစ်ဦးဖြစ်တဲ့ ဒေါ်ဆန်းမြင့်က ပြောပါတယ်။

“ရဲက ကလေးအဖေကို သင်္ချိုင်းထိ ခေါ်သွားတယ်။ ကလေးကို မြုပ်ထားတဲ့နေရာကို ပြခိုင်းတယ်။ ကျွန်တော့ကလေးက ဒီနေရာမှာဆိုပြီး ပြတယ်။ ကျွန်မမှာ မြေးတစ်ဦး ဆုံးသွားပါတယ်။ မြေးအရင်းပါ။ တစ်နှစ်နဲ့ နှစ်လပဲ ရှိသေးတယ်”

ဒုက္ခသည်စခန်းမှာ အဆောင်တွေပျက်စီးသွားသလို ရိက္ခာတွေလည်း ဆုံးရှုံးခဲ့ရတာကြောင့် အကူအညီတွေ လို အပ်နေတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။ လက်ရှိမှာတော့ ပျက်စီးသွားတဲ့ အဆောင်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြုပြင်နေကြရတယ်လို့လည်း ပြောပါတယ်။

အခုမုန်တိုင်း တစ်ပတ်ကြာတဲ့အထိ ရိုဟင်ဂျာဒုက္ခသည်စခန်းနဲ့ ရိုဟင်ဂျာရွာတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မရောက်သေးဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

အာဆီယံလူသားချင်းစာနာမှု အကူညီပေးရေးအဖွဲ့ (AHA) ကတော့ ရခိုင်ပြည်နယ်က မုန်တိုင်းသင့် ပြည်သူတွေအတွက် ပထမဆုံးအသုတ် ထောက်ပံ့ကူညီရေးပစ္စည်းတွေကို မေလ ၂၁ ရက်နေ့က ကုန်တင်လေယဉ်နဲ့ပို့ဆောင် ခဲ့သလို ဒီနေ့ မေ ၂၂ ရက်နဲ့ မနက်ဖြန် မေလ၂၃ ရက်နေ့တွေမှာလည်း စစ်သင်္ဘောတွေနဲ့ အမြန်ဆုံး ပို့ဆောင်မယ့် အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး မလေးရှားအခြေစိုက် ဘနားမား သတင်းမှာ ဖော်ပြထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */