" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, December 8, 2022

အထောက်အထားမဲ့ ရိုဟင်ဂျာ ၄၈ ဦး ထိုင်းနိုင်ငံမှာ ဖမ်းဆီး ခံရ

VOA
၀၈ ဒီဇင်ဘာ၊ ၂၀၂၂
အေးအေးမာ
ထိုင်းရဲက ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာတွေ ( Photo: Thai Police Dept )

ထိုင်းနိုင်ငံ ရတ်ချ်ဘူရီ ပြည်နယ် အဝေးပြေးလမ်းမှာ ခရီးသည်တင်ကားတစင်းကို ရဲတပ်ဖွဲ့က စစ်ဆေးရာက တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၄၈ ယောက်ကို ဖမ်းဆီးမိခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခံရသူတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ထိုင်းနိုင်ငံကိုဖြတ်ပြီး မလေးရှားနိုင်ငံကို သွားမယ့်သူတွေဖြစ်ကြောင်း စစ်ဆေးချက်အရ သိခဲ့ရတယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။
ထိုင်းနိုင်ငံ ရတ်ချ်ဘူရီပြည်နယ် အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့က ခရီးသည်တင် ကားတစီးကို ဒီဇင်ဘာလ ၇ ရက်နေ့မနက် ၅ နာရီအချိန်မှာ တားဆီးစစ်ဆေးရာမှာ ကားပေါ်မှာ အထောက်အထားမဲ့ ရိုဟင်ဂျာ ၄၈ ဦးကို ဖမ်းမိခဲ့တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကျော်က အခုလိုပြောပြပါတယ်။

" ဒီမနက် ၅ နာရီအချိန်လောက်မှာ ထိုင်းနိုင်ငံ ရတ်ချ်ဘူရီပြည်နယ်ထဲက အဝေးပြေးလမ်း ရဲတပ်ဖွဲ့က အဖြူရောင် ခရီးသည်တင်ကားကို ဖမ်းဆီးတဲ့အခါမှာ ၊ မသင်္ကာလို့ဖမ်းတဲ့အခါမှာ ကျနော်တို့ မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာ ၄၈ ဦးကို ဖမ်းမိပါတယ်။ အဲဒီထဲမှာ အမျိုးသား ၃၀ ၊ အမျိုးသမီး ၁၈ ဦး အဲဒီလူတွေထဲမှာ ကလေးငယ်က ၅ ဦး ပါတယ်လို့သိရပါတယ်။"

ဖမ်းမိတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံ ရခိုင်ကနေ လာကြပြီး လူကုန်ကူးသူတွေက သူတို့ကိုခေါ်လာရင်း ထိုင်းကိုဖြတ်ကာ မလေးရှားနိုင်ငံကို သွားရောက်ကြမယ့်သူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

" ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကဖြစ်ပြီး တာခ့်ပြည်နယ် မဲဆောက်မြို့ကနေ ထိုင်းနိုင်ငံကိုဖြတ်ပြီးတော့ လေး ရှားနိုင်ငံကို ဝင်ရောက် အလုပ်လုပ်ကိုင်ကြမယ့်သူတွေ ဖြစ်တယ်လို့သိရပါတယ်။"

ခရီသည်တင် ကားကြီးတစီးနဲ့ လိုက်ပါလာပြီး ကားသမားကို လုံခြုံရေးတပ်ဖွဲ့တွေ စစ်ဆေးမေးမြန်းတဲ့အခါ သူရဲ့ ထွက်ဆိုချက်အရ အခုဖမ်းမိထားတဲ့ ရိုဟင်ဂျာတွေဟာ ဆူဖန်ဘူရီကနေ တင်ဆောင်လာတာဖြစ်ပြီး ထိုင်းမလေးနယ်စပ်ကို မောင်းပို့မှာဖြစ်တယ်လို့ ဝန်ခံထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းမိတဲ့ ရိုဟင်ဂျာတွေကိုတော့ ထိုင်း လဝကဥပဒေအရ တရားမဝင် ဝင်ရောက်လာမှုနဲ့ ဆက်လက် တရားဆွဲဆိုသွားမှာ ဖြစ်တယ်လို့ ရတ်ချ်ဘူရီ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။  
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */