" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, September 23, 2022

AA နှင့် ARSA ပေါင်းတိုက်နေဟု စွပ်စွဲချက် ဝါဒဖြန့်မှုသာ ဖြစ်ကြောင်းတုံ့ပြန်

ဧရာဝတီ 
22 September 2022
AA ရဲဘော်တဦး / ဧရာဝတီ

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း နယ်စပ်တလျှောက် စစ်ကောင်စီ တပ်စခန်းကုန်းများကို ရက္ခိုင့်တပ်တော် (AA) က အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ (ARSA) နှင့် စစ်ရေးအရ ပူးပေါင်းပြီး တိုက်ခိုက်နေကြောင်း စစ်ကောင်စီ၏ စွပ်စွဲ ချက်မှာ ဝါဒဖြန့်ချိမှု သက်သက်သာဖြစ်ပြီး ပြည်သူလူထု အနေဖြင့်လည်း အယုံအကြည် မရှိကြောင်း ရခိုင့်နိုင်ငံရေးအသိုင်း အဝိုင်းနှင့် ပြည်သူများက တုံ့ပြန်ပြောဆိုသည်။

AA နှင့် ARSA အဖွဲ့တို့၏ အဆိုပါ လုပ်ရပ်များမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင် ခြင်းဖြစ် သည်ဟူသော စစ်ကောင်စီ၏ လုပ်ဇာတ်အပေါ် မည်သူမျှ အယုံအကြည် မရှိကြောင်း ရခိုင်နိုင်ငံရေးသမား တဦး ဖြစ်သူ ဦးဖေသန်းကလည်း ပြောသည်။

၎င်းက “AA နဲ့ ARSA ပူးပေါင်းတိုက်ခိုက်တယ်ဆိုတဲ့အပေါ် ကျနော်တို့ ရခိုင်တွေ ယုံလည်းမယုံဘူး။ လက်လည်းမခံဘူး။ နောက်တခုက ARSA ဟာ စစ်ရေးအရ အင်အားကြီးတဲ့အဖွဲ့တခုလည်း မဟုတ်ဘူး။ AA အနေနဲ့ စစ်ရေးအကူအညီ ယူစရာ လည်း မလိုဘူး။ ဒါကတော့ စစ်ကောင်စီက ထုံးစံအတိုင်း ဝါဒဖြန့်ချိမှု သက်သက်သာ ဖြစ်တယ်” ဟု မှတ်ချက်ပြုသည်။

စက်တင်ဘာ ၂၀ ရက်က ပြုလုပ်သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မောင်တောမြောက်ပိုင်းတွင် AA တိုက်ခိုက်နေသည့် စခန်းများသည် တဖက်နိုင်ငံမှ ခိုးဝင်သူများမရှိစေရန် လုံခြုံရေးချထားသည့် စခန်းများသာဖြစ်ပြီး ထိုနေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မရှိလျှင် မည်သူတို့ ကြီးစိုးသွားမည်လဲ ဆိုသည်ကို ရခိုင် ပြည်သူများ သတိပြုရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

၎င်းက “AA အနေနဲ့ ARSA နဲ့ ပူးပေါင်းဆောင်ရွက်နေတာကို တွေ့ရတယ်။ ငြိမ်းချမ်းစွာနေလိုတဲ့ ရခိုင်လူထု အ နေနဲ့ သတိ ပြုဖို့လိုတာက အဲဒီဒေသမှာ ရခိုင်လူမျိုးစုတွေရဲ့ လူဦးရေ ဘယ်လောက်ရှိလဲ၊ ကျန်တဲ့လူမျိုးစုတွေရဲ့ လူဦးရေ ဘယ်လောက် ရှိလဲ။ သူတို့ အသိဆုံး ဖြစ်ပါတယ်။ အဲဒီတော့ စစ်တပ်ကို တိုက်ခိုက်နေတဲ့အချိန် သတိ ပေးလိုတာက အဲဒီနေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေ မရှိရင် ဘယ်သူတွေ ဝင်လာမလဲ၊ ဘယ်သူတွေ ကြီးစိုးလာလိမ့်မလဲဆိုတာ သူတို့ အသိဆုံးပဲ ဖြစ်လိမ့်မယ်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ မိုင်တိုင်အမှတ် (၃၁) အနီးရှိ ရဲကင်းစခန်းများကို AA နှင့် ARSA တို့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ မော်တာကျည်များ အကြိမ် ကြိမ်ကျရောက်ခဲ့မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်အား စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၉ ရက်တွင် ခေါ်ယူပြီး ရှင်းပြခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြခဲ့သည်။
AA က ထုတ်ပြန်ထားသော ရသေ့တောင် တိုက်ပွဲတွင် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

ထို့ပြင် အာဏာသိမ်း စစ်ခေါင်းဆောင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုက်နက်အတွင်း AA နှင့် ARSA တို့ ခြေကုပ် စခန်းများ တည်ဆောက်ထားပြီး ယင်းခြေကုပ်စခန်းရှိသည့် တည်နေရာနှင့် အချက်အလက်များ ဟုဆိုကာ စာပေးပို့ထားပြီး မြေပြင် စုံစမ်းစစ်ဆေး အရေးယူမှုများ ချက်ချင်း ပြုလုပ်ပေးရန်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တောင်းဆိုထားကြောင်း သိရသည်။

စစ်ရေးနိုင်ငံရေးဆိုင်ရာ လေ့လာအကဲခတ်သူတဦးက “စစ်တပ်ဘက်က AA ကို ARSA နဲ့ ပေးစားနေတာ ကြာပြီ။ အရင်တုန်းကလည်း တိုက်ပွဲပြင်းထန်ပြီဆိုရင် အဲဒီလို ဝါဒဖြန့်တာ တွေ့ရတယ်။ သဘောကတော့ အနောက်တံခါးကို စစ်တပ်က ကာကွယ်နေတဲ့အချိန် ARSA နဲ့ပေါင်းပြီး နောက်ကျော ဓားနဲ့ထိုးတယ်ဆိုတဲ့ ပြည်သူတွေ မြင်လာအောင်လုပ်တဲ့ သဘောပဲ။ အဲဒီလို မြင်လာရင် ပြည်သူတွေက တရားသောစစ်ပွဲဆိုပြီး ထောက်ခံလာမယ်လိမ့်မယ်လို့ ယူဆပုံရတယ်။ ဒါပေမဲ့ အရင်တုန်းက အခြေအနေနဲ့ အခု မတူတော့ဘူး။ အခုအချိန်မှာ အားလုံးရဲ့ ဘုံရန်သူဟာ စစ်တပ် ဖြစ်နေတယ်ဆိုတာ သဘောမပေါက်သေးလို့ ဒီလိုမျိုး ပြောတာလို့ပဲ ယူဆတယ်” ဟု ဆိုသည်။

မောင်တောနယ်စပ်တွင် တလျှောက်တွင် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး AA က တပ်စခန်းကုန်း ၂ ခုကို သိမ်းပိုက်ရရှိကာ တိုက်ပွဲတွင် အသာစီးရထားကြောင်း စက်တင်ဘာ ၁၉ ရက်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောကြားခဲ့သည်။

အဆိုပါ နယ်စပ်တလျှောက်တိုက်ပွဲတွင် စစ်ကောင်စီက ခြေလျင်တပ်သားများကို စစ်ကူမပေးနိုင်တော့ဘဲ လက် နက်ကြီး များ၊ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ကာ စခန်းကုန်းများ မကျရေး ခုခံစစ်ဆင်နွှဲနေရသည့် အခြေအနေ ဖြစ်နေ ကြောင်းလည်း စစ်ရေးလေ့လာစောင့်ကြည့်နေသည့် ဒေသသတင်းရင်းမြစ်များက ဆိုသည်။

AA က ထုတ်ပြန်ထားသော ရသေ့တောင် တိုက်ပွဲတွင် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် မြန်မာဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး မော်တာကျည်များ နှစ်နိုင်ငံနယ် စပ် ဇီးရိုးလိုင်းတွင် တည်ရှိသည့် ရိုဟင်ဂျာ ဒုက္ခသည်စခန်းထဲသို့ ကျရောက်ပေါက်ကွဲသည့်အတွက် အသက် ၁၇ နှစ် အရွယ် ရိုဟင်ဂျာ လူငယ် ၁ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်အား စစ်ကောင်စီနှင့် AA တို့ အပြန်အလှန်စွပ်စွဲထားကြသော်လည်း ရိုဟင်ဂျာဒုက္ခသည်များကမူ စစ်တပ်၏ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေမှုကို တောက်လျှောက် တွေ့မြင်နေရသည့်အတွက် စစ်ကောင် စီတပ်၏ လက်ချက် သာ ဖြစ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတူပါလောင်ဒုက္ခသည်စခန်းမှ ကိုခင်မောင်သိန်းက ဧရာဝတီသို့ ပြောသည်။

မောင်တောနယ်စပ်တလျှောက် တိုက်ပွဲတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲ ကျရောက်ပေါက်ကွဲခြင်း၊ တိုက်လေယာဉ်များ ကျူးကျော်ဝင်ရောက်ခြင်းများ ရှိသည့်အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ၄ ကြိမ်တိုင် ဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။

စက်တင်ဘာ ၁၆ ရက်က ရိုဟင်ဂျာဒုက္ခသည်စခန်း လက်နက်ကြီး မော်တာကျည် ကျရောက်ခဲ့မှုအပေါ် မြန်မာသံအမတ် အနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး၏ ဆင့်ခေါ်မှုကို ခံခဲ့ရပြန်ကာ ယင်းနိုင်ငံခြားရေးဝန်ကြီးရုံးမှ ပြန်အထွက် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်မဖြေနိုင်ဘဲ ဝရုန်းသုန်းကား ထွက်ပြေးသွားသည့် ရုပ်သံဖိုင်တခုလည်း အွန်လိုင်းပေါ် ပျံ့နှံ့လျက် ရှိသည်။


Topics: AA, ARSA, စစ်ကောင်စီ, ဘင်္ဂလားဒေ့ရှ်နယ်စပ်, ရခိုင်ပြည်နယ်

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */