Tuesday, May 12, 2020

ကျောက်တော်ပစ်ခတ်မှု ရိုဟင်ဂျာရွာသား ၃ ဦး ဒဏ်ရာ အပြင်း အထန်ရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-05-12
 

■ ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်နားမှာ မနေ့ညနေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မိနစ် ဆယ့်ငါး မိနစ်ခန့်ကြာအောင် ပစ်ခတ်သံတွေ ထွက်ပေါ်လာခဲ့တာလို့ အနီးအနားမှာရှိနေတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီလို ပစ်ခတ်သံတွေ ထွက်ပေါ်လာတဲ့ တစ်ချိန်တည်းမှာပဲ အနီးမှာရှိတဲ့ ပိုက်သည်ရွာထဲကို လက်နက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၃ နှစ်အရွယ် ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဦးအဂျော်မော်ခ၊ ဘာသာရေးဆရာ ဦးအမ်ဒမာလော်ဒီနဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးတို့ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ကြတာပါ။

ဒဏ်ရာရသူတွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေအဆင့်ဆင့်ဆီကနေ ခွင့်ပြုချက်တွေ ယူနေရတာကြောင့် ဆေးရုံကိုအချိန်မီ တင်ပို့နိုင်ရေးမှာ အခက်အခဲတွေဖြစ်နေတယ်လို့ ဒဏ်ရာရသူတွေရဲ့ ဆွေမျိုးတော်စပ်သူ တစ်ဦးဖြစ်တဲ့ လက်ဆောင်ကောက် ကျေးရွာတာဝန်ခံ ဦးမောင်ကျော်သိန်းက RFA ကို ဒီနေ့မနက်က ပြော ပါတယ်။

“လှမောင်သာမှာတော့ ဒဏ်ရာက ခြေတစ်ဖက်မှာနဲ့ ဗိုက်နားကအထဲမှာလည်း ကျည်စတွေ ဝင်နေတယ်။ သူတို့ အကုန်လုံးကို စစ်တွေပို့ဖို့ စီစဉ်နေတယ်။ အခုတော့ ဘယ်အချိန်မှာသွားရမလဲ မသိတော့ဘူး။ အခက် အခဲ ဖြစ်နေရတာက သွားရမယ့်အချိန်ကို စောင့်နေရတာပါ။ လူနာက ချက်ချင်းသွားနိုင်မှ အဆင်ပြေနိုင်မှာ ပါ။ စစ်တွေဆေးရုံကို ဘယ်အချိန်မှာသွားရမလဲဆိုတာ ကျွန်တော်တို့အခုထိ မသိရသေးဘူး”

အဲဒီလက်နက်ကြီးက ဘယ်သူ့လက်ချက်ဆိုတာ မသိဘူးလို့ သူက ဆိုပါတယ်။

ဒဏ်ရာပြင်းထန်သူ သုံးဦးထဲက ကျောင်းဆရာနဲ့ ဘာသာရေးဆရာဟာ ရွာချင်းဆက်နေတဲ့ လက်ဆောင် ကောက် ကျေးရွာကဖြစ်ပြီးတော့ မနေ့ညနေက ပိုက်သည်ရပ်ရွာထဲမှာ ဝါဖြေဖို့သွားစဉ်မှာ လက်နက်ကြီးကျ ရောက်လာလို့ ထိခိုက်ဒဏ်ရာရခဲ့ကြတာလို့ ဆိုပါတယ်။

ကနဦး ထိခိုက်ဒဏ်ရာရသူ ခြောက်ဦးရှိပြီး အဲဒီအထဲက သာမန်ဒဏ်ရာရသူ သုံးဦးကိုတော့ ရွာဆေးခန်းမှာ ဆေးထည့်ထားတယ်လို့ သိရပါတယ်။

ဒဏ်ရာပြင်းထန်တဲ့ လူ သုံးဦးကို မနေ့ကညနေပိုင်းမှာ အပေါက်ဝတိုက်နယ်ဆေးရုံကို ချက်ချင်းပို့ဆောင်ခဲ့ရ တာလို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မွတ်စလင် ရိုဟင်ဂျာတစ်ဦးက ပြောပါတယ်။

“ပထမဆုံး မိုင်းသံတစ်ခုကြားရတယ်။ အဲဒါပြီးတော့ သေနတ်သံတွေ အများကြီးကြားရတယ်။ နောက်ပြီး လက် နက်ကြီးသံတွေလည်း ကြားရတယ်။ ဒဏ်ရာရတဲ့သူတွေကို ကျွန်တော်တို့ ပိုက်သည်ရွာထဲက ဆေး ခန်းကို ပို့ကြတယ်။ အဲဒီမှာ ဆရာဝန်က လူနာသုံးယောက်က ဒဏ်ရာပြင်းထန်လို့ ဒီမှာဆေးကုလို့မရဘူး ပြောတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ကိုယ့်ဟာကိုယ် စက်လှေတစ်စီး ရှာပြီးတော့ အပေါက်ဝ တိုက် နယ်ဆေးရုံကို ပို့လိုက်ရတာ”

ပိုက်သည်ရပ်ရွာဟာ ကစ္ဆပနဒီတံတားဘေးမှာရှိပြီး ကျောက်တော်မြို့နဲ့ဆိုရင် ကားလမ်းမ တစ်ခုသာခြားတဲ့ မြို့နဲ့ကပ်လျက် ကျေးရွာတစ်ခုပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ရခိုင်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မွတ်စလင်ရိုဟင်ဂျာတွေ ဟာ ကျောက်တော်မြို့ပေါ်ဆေးရုံမှာ ဆေးကုခွင့်မရဘဲ မြို့နဲ့ ၈ မိုင်လောက်ဝေးတဲ့ အပေါက်ဝ တိုက်နယ်ဆေးရုံမှာသာ ကုသခွင့်ရတာကြောင့် မနေ့က လူနာတွေကို အပေါက်ဝ ဆေးရုံကိုသာ ပို့ဆောင်ခဲ့ရတာလို့ ဒေသခံ မွတ်စလင် တွေက ပြောပါတယ်။

မနေ့က ပစ်ခတ်မှုဟာ တပ်မတော်ဆေးတပ်ဖွဲ့တစ်ခုက ကျောက်တော်ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ရေးနဲ့ ပတ်သက်လို့ မနေ့ကမနက်အစောပိုင်းကနေ ရောက်ရှိနေပြီး ညနေ ၄ နာရီလောက်မှာ မြို့ကထွက်ခွာ တဲ့ တစ်ချိန်တည်းမှာ ပေါက်ကွဲမှုဖြစ်ပြီး ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“မနေ့က မနက်အစောကြီးပေါ့ဗျာ။ လေးနာရီခွဲ ငါးနာရီပတ်ဝန်းကျင်လောက်မှာ မြန်မာ့တပ်မတော်က ဆေး ရုံကို ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ ရောက်တာတော့ မှန်ပါတယ်ခင်ဗျ။ ဒါပေမဲ့ ပစ်တာခတ်တာက အဲဒီအချိန် မှာဖြစ်တာ မဟုတ်ဘူး။ သူတို့က ကျောက်တော်မြို့နယ် ဆေးရုံကြီးမှာ ပေးစရာရှိတာပေး၊ ကမ်းစရာ ရှိတာ ကမ်းပြီးတော့ သူတို့ ညနေ ၄ နာရီပတ်ဝန်းကျင်လောက် ပြန်အဆုတ် ၄ နာရီခွဲလောက်မှာ အဝေးပြေးကား ဂိတ်မှာ ဘယ်လိုအနေ အထားတွေဖြစ်တာလဲတော့ မသိဘူး။ ကျွန်တော်တို့ အသံတစ်ခု ကြားရတယ်။ မိုင်းပေါက်တာလား၊ လက်နက်ကြီးနဲ့ ပစ်တာလားတော့ မသိဘူး ဂျိန်းဆိုပြီးတော့ ကြားရတယ်။ ပထမ ဆုံး ထွက်ပေါ်လာတာက အဲဒီအသံပဲ။ အဲဒီအသံနောက်မှာ လက်နက်ငယ် ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ် လာတယ်”

မနေ့က ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ပြောခွင့်ရသူ ခိုင်သုခက ကျောက်တော် ဘက်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိကြောင်း၊ မြန်မာတပ်ဘက်က တဖက်သတ် ပစ်ခတ်တာတွေရှိတယ်လို့တော့ ကြားသိ ရ ကြောင်း၊ အရပ်သားထိခိုက်မှု ရှိ၊ မရှိလည်း အသေချာမသိရကြောင်း RFA ကို ပြောပါတယ်။

ကျောက်တော်မှာ ပစ်ခတ်မှုနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ် မေး မြန်းရာမှာတော့ အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ကျောက်တော်ဆေးရုံမှာ မနက် ပိုင်းက စတင်ပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တိုက်ဖျက်ရေး ဆေးဖြန်းပေးတာ၊ ပြည်သူလူထုအတွက် လှူဒါန်း တာတွေ ရှိကြောင်း၊ ဒီဆေးအဖွဲ့ပြန်လာချိန် ညနေပိုင်းမှာ ကစ္ဆပနဒီတံတားအနီးမှာ AA ဘက်က အဝေး ထိန်းမိုင်း နှစ်လုံး ဖောက်ခွဲတိုက် ခိုက်ခဲ့တာရှိကြောင်း၊ ဒါပေမဲ့ ဒဏ်ရာရရှိတယ်ဆိုတဲ့ သတင်းတော့ မရရှိ သေး ပါဘူးလို့ RFA ကို ဖြေကြားပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေပြင်းထန်နေဆဲ ဖြစ်သလို အရပ် သားတွေ သေကြေထိခိုက်မှုတွေလည်း တစ်နေ့ထက်တစ်နေ့ ပိုများလာနေတာပါ။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဧပြီလကနေ မနေ့က မေလ ၁၁ ရက်နေ့အထိ ရခိုင် မြောက် ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အရပ်သားသေဆုံးမှုက ၄၅ ဦးအထိရှိပြီး ထိခိုက်ဒဏ် ရာ ရမှုက ၈၇ ဦးအထိ ရှိနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */