Sunday, February 23, 2020

ကျောက်တော်ပစ်ခတ်မှု အရပ်သားသုံးယောက် ဒဏ်ရာရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ဖြူဖြူခိုင်
2020-02-23
 

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ မနေ့ညက လက်နက်ကြီးကျလို့ အရပ်သား သုံးယောက် ထိခိုက် ဒဏ်ရာရ ခဲ့ပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တနှစ်ကျော်ကြာ တိုက်ပွဲတွေကြောင့် ရခိုင်ပြည် နယ်မှာ ထိခိုက် ဒဏ်ရာရသူ ၂၅၀ ကျော် ရှိနေပါပြီ။

မနေ့ညက လက်နက်ကြီးကျလို့ ဒဏ်ရာရခဲ့တဲ့ အရပ်သားသုံးယောက်ဟာ ကျောက်တော်မြို့နယ် ပိုက်သည် ရပ် ကွက်မှာ နေထိုင်သူတွေပါ။ အဲဒီလက်နက်ကြီးဟာ ကစ္ဆပနဒီတံတားအနီးမှာရှိတဲ့ တပ်မတော်က ပစ်တာ လို့ ဒေသခံတွေက ပြောကြပါတယ်။

“ကစ္ဆပနဒီတံတားနားက လှမ်းပြီးတော့ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်လို့ပြောတယ်။ တပ်မတော်ကလို့ပြောသံကြား တယ်။ အခုလက်ရှိ ကျောက်တော်မြို့ထဲမှာရော၊ ပိုက်သည်ရပ်ကွက်ထဲမှာရော စစ်သားတွေက အကုန်လုံးနေရာဖြန့်ပြီး နေရာယူထားတယ်“

ဒေသခံတွေ စွပ်စွဲသလို တပ်မတော်ဘက်က ပစ်တာမဟုတ်ဘူးလို့ တုံ့ပြန်တာက အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးပါ။

“ကျွန်တော်ပြောနိုင်တာကတော့ ကျောက်တော်ဆိုတဲ့နယ်မြေက AA တွေဝင်ထွက်သွားလာနေတဲ့ နေရာ တွေ ဖြစ်တယ်။ မနေ့ကတိုက်ပွဲဖြစ်တာတော့ မရှိပါဘူး။ တခြားတိုက်ပွဲတွေက ပလက်ဝမြောက်ခြမ်း မှာဖြစ် နေတာ။ ရွာတွေနဲ့ အဝေးကြီးပဲ“

လက်နက်ကြီးကျည်ကျလို့ ဒဏ်ရာရခဲ့သူတွေဟာအသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးနှစ်ဦးနဲ့ ၁၇ နှစ်အရွယ် ယောကျာ်းလေးတစ်ယောက်ပါ။

အဲဒီအထဲက တစ်ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ပြောတာက ဒဏ်ရာရသူတွေကို စစ်တွေဆေးရုံဆီ အေ ရးပေါ်ပို့ဆောင်ပေးခဲ့တဲ့ ဖြူစင်မေတ္တာပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးညီပု ပါ။

“လက်နက်ကြီး ကျသံတွေကြားလို့ ဘယ်ဘက်ကပစ်တယ်ဆိုတာကို စုံစမ်းနေတုန်းမှာ ဖုန်းလာတာ။ ပိုက် သည်ရပ်ကွက်မှာ လူသုံးယောက် လက်နက်ကြီးကျလို့ ဒဏ်ရာရထားတယ်ဆိုပြီး သတင်းလာပို့လို့ပိုက်သည် ရပ်ကွက်က လူနာတွေကိုတင်ပြီး ကျောက်တော်ပြည်သူ့ဆေးရုံကို ပို့ရတယ်။ အိမ်ထဲမှာနေတဲ့ သားအမိနှစ် ယောက်နဲ့ သူ့အိမ်နားကကပ်ရပ် တစ်ယောက်ကို ထိသွားတယ်“

ကျောက်တော်ဘက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ တပ်မတော်ကသာ တစ်ဖက်သတ်ပစ်ခတ်တာလို့ AAပြောရေး ဆို ခွင့်ရှိသူ ခိုင်သုခက စွပ်စွဲလိုက်ပါတယ်။

"မနေ့ကညက ကျောက်တော်မှာ တိုက်ပွဲဖြစ်ပွားတာတော့ မရှိပါဘူး။ အဲဒီမှာ တိုက်ပွဲဖြစ်တာ ဘာမှမရှိဘဲနဲ့ တပ်မ တော်ဘက်က တစ်ဖက်သတ် ပစ်ခတ်တာတော့ရှိတယ်။ အရပ်သားပြည်သူတွေနေတဲ့ နေရာကို ပစ် ခတ်တဲ့အတွက် အရပ်သား သုံးဦးဒဏ်ရာရတာရှိတယ်လို့ သိရတယ်။ မြန်မာစစ်တပ်က သူတို့ဘက်က အထိအခိုက်အကျဆုံးတွေရှိပြီဆိုရင် အမြဲတမ်း အရပ်သားပြည်သူတွေနေတဲ့ နေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာမျိုးတွေရှိတယ်“

ကျောက်တော်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က တပ်မတော်သား အရာရှိတစ်ယောက် အသတ်ခံ ရပြီး နောက်ပိုင်း မြို့ထဲနေရာအနှံ့အပြားမှာ တပ်မတော်သားတွေ ရောက်ရှိနေတာလို့ ဒေသခံတွေက ပြော ပါတယ်။

ဒီလို ကျောက်တော်မြို့ဈေးနဲ့ အထက်မြို့မကျောင်းအနီးမှ ာတပ်မတော်သားတွေ နေရာယူသွားလာနေကြ တာကြောင့် အခုဆိုရင် ဈေးတွေပိတ်ထားတာ နှစ်ရက်ရှိနေပါပြီ။

မနက်ဖြန်ဆိုရင် အလယ်တန်းအဆင့် စာမေးပွဲဖြေဆိုရတော့မှာဖြစ်လို့ ကျောင်းအနီးမှာ နေရာယူထားတဲ့ တပ်တွေကို မြို့ထဲကနေ ထွက်သွားစေချင်တယ်လို့ ကျောက်တော်မြို့ခံတွေက ပြောကြပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေ၊ မိဘတွေ အားလုံးက စိုးရိမ်နေကြတယ်လို့ အမည်မဖော်လိုတဲ့ကျောက်တော် မြို့ခံ တစ်ဦးက ပြောပါတယ်။

“မနက်ဖြန်မှာ လေးတန်း၊ ရှစ်တန်း စာမေးပွဲရှိနေတယ်။ အဲဒီကျောင်းရှေ့မှာ သူတို့တွေမရှိရင် ပိုပြီး ကောင်း မယ်။ ကျွန်မတို့ ကလေးတွေအတွက် စိုးရိမ်ပါတယ်။ ကျွန်မတို့ တောင်းဆိုချင်တာက မနက်ဖြန် မြို့ပေါ် မှာ ဖြစ်ဖြစ်၊ ကျေးရွာမှာဖြစ်ဖြစ် ကလေးတွေ လေးတန်း၊ ရှစ်တန်း အစိုးရစစ် နောက်ဆုတ်လို့မရတဲ့ စာမေးပွဲတွေ ရှိနေ တယ်။ ဒီအတွက် စိုးရိမ်မိတယ်“

ဒီရက်ပိုင်းအတွင်း ကျောက်တော်အပြင် မင်းပြားမြို့နယ် မင်းရွာအရှေ့မြောက်ဘက် ရာမောင်တောင်တန်း အနီးမှာလည်း ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ကြား တိုက်ပွဲပြင်းထန်နေပါတယ်။

မင်းပြားမြို့နယ် ဖားပြိုကျေးရွာအနီးမှာလည်း ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲပါ။

တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

“ ရဟတ်ယာဉ် သုံးတယ်။ လေယာဉ်နှစ်စီးနဲ့ ဝဲပြီးတော့ နာရီဝက်ကျော်ကျော်လောက် ပစ်ခဲ့တယ်။ သူတို့ ရန်သူတွေရှိမယ်လို့ထင်လောက်တဲ့ နေရာတွေကို မှန်းပစ်တာပေါ့။ ရွာတွေမှာလည်း ထိတယ်ပြောတယ်။ ငစရိုင်းချောင်းက အိမ်နှစ်လုံး ပါသွားတယ်ပြောတယ်“

ပလက်ဝမြို့နယ် မီးချောင်းတံတားထိပ်က ဗျူဟာကုန်းမှာလည်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်နေတာ ၁၇ ရက် ရှိပါပြီ။

တနှစ်ကျော်ကြာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ အရပ် သားသေဆုံးသူ ၁၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၂၅၀ ကျော်အထိ ရှိနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */