2020.01.31
ဓါတ်ပုံ - နေမျိုးထွန်း/ RFA
ဒီနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ဗြိတိန်အစိုးရဟာ Brexit လို့ခေါ်တဲ့ ဥရောပသမဂ္ဂ EU ကနေ တရားဝင်နုတ် ထွက်လိုက်ပါပြီ။ ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံနဲ့ ၄၇ နှစ်ကြာ လက်တွဲခဲ့ပြီးတော့ ဒီကနေ့မှာ အဆုံးသတ်လိုက်တာပါ။ ဗြိတိန်ဝန်ကြီးချုပ်က Brexit ထွက်ခွာမှုကို "နှစ်သစ်တစ်ခုရဲ့ နံနက်ခင်း ရောင်ခြည်ဦး" လို့ တင်စားခဲ့ပါတယ်။
ဒီလိုအပြောင်းအလဲတွေရှိပေမယ့် ဗြိတိန်နဲ့ မြန်မာကြား ထူးခြားတဲ့ပြောင်းလဲမှုမရှိဘူးလို့ သံအမတ်ကြီး Dan Chugg က ပြောပြပါတယ်။ အထူးသဖြင့် လက်ရှိ ဗြိတိန်ဝန်ကြီးချုပ်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတွင်းရေး မှူးရာထူးနဲ့ မြန်မာနိုင်ငံကို နှစ်ကြိမ်တိုင်တိုင်လာရောက်ခဲ့ဖူးသူဖြစ်ပြီးတော့ ဒေါ်အောင်ဆန်း စုကြည် နဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိသူဖြစ်တယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။
“အစိုးရသစ်တက်လာပေမယ့် ဗြိတိန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒက ပြောင်း လဲမ သွားပါဘူး။ ကျနော်တို့က မြန်မာနိုင်ငံ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုအဖြစ် အောင်မြင်တာကို လိုလားပါတယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီးတော့ ထောက်ပံ့ပေးချင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ ဆက်တိုက် ထောက်ပံ့ပေးခဲ့သလိုမျိုးပေါ့။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အောင်မြင်တဲ့အထိ ကျနော်တို့လုပ်ပေးနိုင်တဲ့ အတိုင်းအတာထိ လုပ်ပေးသွားမှာပါ။” သံအမတ်ကြီး Dan Chugg ပြောပြသွားတာပါ။
ဗြိတိန်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး အစရှိတဲ့ ကဏ္ဍတွေမှာ ဆက်တိုက်ကူညီနေတာတွေရှိပြီးတော့ ဂျပန်နိုင်ငံပြီးရင် ဒုတိယမြောက် အကြီးဆုံး အလှူရှင်ဖြစ် တယ် လို့ လည်း သူက ဆိုပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်မှုကို မြှင့်တင်ဖို့အတွက်လည်း သံအမတ်ကြီး Dan Chugg ကိုယ်တိုင် ဦးစီးပြီးတော့ ကမကထ လုပ်နေတဲ့အစီအစဉ်တွေလည်း ရှိတယ်လို့ပြောပါတယ်။ လာမယ့် ဖေ ဖော် ဝါရီ ပထမအပတ်ထဲမှာပဲ လန်ဒန်က စီးပွားရေးသမားတွေ မြန်မာနိုင်ငံကို လာရောက် လည်ပတ်ပြီး တော့ ကုန်သွယ်မှုကိစ္စတွေကို လေ့လာဖို့ရှိတယ်လို့လည်း သူက ပြောပါတယ်။
စီးပွားရေးကိစ္စအတွက် ခြေလှမ်းတွေပြင်နေပေမယ့် တစ်ဘက်မှာ ဗြိတိန်ဟာ ရိုဟင်ဂျာ လူ့အခွင့်အရေး နဲ့ ပတ် သက်ပြီး နိုင်ငံတကာစင်မြင့်ပေါ်မှာ မားမားမတ်မတ်ရှေ့ထွက် ရပ်တည်တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ အဲဒီအချက်က မြန်မာလူထုရပ်တည်တဲ့အမြင်နဲ့ ကွဲလွဲမှုတော့ရှိပါတယ်။ နိုင်ငံတကာတရာရုံး ICJ က ချ မှတ် လိုက်တဲ့ ကြားဖြတ်စီရင်ချက် လေးရပ်ကိုလည်း ဗြိတိန်အစိုးရက ထောက်ခံကြောင်း တရားဝင် ကြေ ညာ ထားပါတယ်။
ICJ အရေးနဲ့ပတ်သက်ပြီးတော့ NLD အစိုးရက အရေးတယူ သွားရောက် ရင်ဆိုင်ဖြေရှင်းပြီးတော့၊ စစ်ရာ ဇဝတ် မှုတွေ ကျူးလွန်ခဲ့တာကို NLD အစိုးရက တရားရုံးရှေ့မှောက်ဝန်ခံတာကိုလည်း သတိပြုမိတယ်လို့ Dan Chugg က ပြောပါတယ်။ အဲဒီလို ဝန်ခံတာက အရေးကြီးတဲ့ ကနဦး ခြေလှမ်းဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
“နှစ်တွေအကြာကြီး ကြာမြင့်နိုင်တဲ့ အမှုကို ရင်ဆိုင်နေတဲ့ကာလမှပဲ ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ် စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ အင်မတန်အရေးကြီးပါတယ်။” လို့ Dan Chugg က မှတ်ချက်ပြု ပါတယ်။
တပ်မတော်ဘက်ကလည်း စစ်ရာဇဝတ်ကျူးလွန်တဲ့သူတွေကို စစ်တရားရုံးမှာ ဆောင်ရွက်နေတာရှိပါတယ်။ ၂၀၂၀ အစောပိုင်းမှာပဲ ဘူးသီးတောင်မှာ ကြားနာနေတဲ့ ဂူတာပြင်အမှုကို အပြီးသတ်စီရင်မယ်လို့ တပ် မတော်ဘက်ကဆိုပါတယ်။ ဒါပေမဲ့ တရားရုံးချိန်း ငါးကြိမ် ပြီးသွားတဲ့အထိ ဘယ်သူက တရားခံ၊ ပတ်သက်သူအရေအတွက်၊ ထွက်ဆိုချက်တွေကိုလည်း မသိရသေးပါဘူး။
စစ်ဘက်ဆိုင်ရာ တရားရုံးစီရင်မှုတွေက ရိုဟင်ဂျာတွေအတွက် တရားမျှတမှုကို ဆောင်ယူပေးနိုင်မယ်လို့ ထင်ပါသလားလို့ မေးတဲ့အခါ...
“စစ်ရာဇဝတ်ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးပြီးတော့ တရားရုံးမှာ အရေးယူတာမျိုးကို တပ်မတော်က လုပ် ပေးရမှာပါ။ အဲဒီလိုလုပ်တဲ့အခါမှာလည်း ယုံကြည်ကိုးစားရလောက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ် ပါတယ်။ ဒါမှလည်း ပြောထားတဲ့အချက်က ဘာလဲဆိုတာ လူတွေ မြင်တွေ့နိုင်မှာပါ”
တကယ်လို့ ပွင့်လင်းမြင်သာမှု အားကောင်းပြီး လူထုယုံကြည်ကိုးစားမှုရမယ်ဆိုရင် ICJ မှာ မြန်မာ ရင် ဆိုင် နေရတဲ့အမှုအပေါ် သက်ရောက်မှုတချို့ ရှိနိုင်တယ်လို့ သံအမတ်ကြီးက သုံးသပ်ပြပါတယ်။ ၂၀၁၇ တပ်မ တော်ရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပြီး၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် နိုင်ငံတကာတရားရုံး ICJ၊ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC နဲ့ အာဂျင်တီးနားနိုင်ငံ ဖက်ဒရယ်တရားရုံးမှာ နိုင်ငံ့အကြီးအကဲတွေ တရားစွဲဆိုခံထားရပါတယ်။
Link : Here
No comments:
Post a Comment