" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 23, 2020

ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာခုံရုံးဆုံး ဖြတ်

VOA 

ဗွီအိုအေ (မြန်မာဌာန)
သားညွန့်ဦး
23 ဇန်နဝါရီ၊ 2020
မြန်မာနိုင်ငံတွင်း ကျန်နေတဲ့ ရိုဟင်ဂျာတွေကို ကာကွယ်ပေးရေး ကိစ္စတွေကို ချက်ချင်းဆောင်ရွက်ဖို့ လို တယ် လို့ ယူဆတဲ့အကြောင်းနဲ့၊ ဒီအတွက် ဂျီနိုဆိုဒ် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်မဖြစ် ဆိုတာ ငြင်းဖို့ တရား ရုံးက အဖြေထုတ်တဲ့အထိ စောင့်နေစရာ မလိုဘူးလို့လည်း ICJ တရားရုံးက သုံးသပ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့တဲ့အကြောင်းနဲ့ ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တဲ့ အထောက်အထားတချို့ တွေ့ရတယ်လို့ ICJ က သုံးသပ် သွားပါတယ်။
ဂမ်ဘီယာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဂျီနိုဆိုဒ် တားဆီးရေး သဘောတူညီချက်အရ တရားစွဲ ဆိုပိုင်ခွင့် မရှိဘူးလို့ မြန်မာနိုင်ငံဘက်က လျှောက်ထားတာကို ICJ တရားရုံးက ပယ်ချပါတယ်။
 ICJ Provisional Measures Gambia vs Myanmar
မြန်မာကို နိင်ငံအနေနဲ့ နိုင်ငံတကာ ဥပဒေတွေလိုက်နာဘို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မှာသတိပေး ခဲ့တာကိုလဲ ICJ က ကိုးကားသွားပါတယ်။ ခုံရုံးသဘာပတိအဖြစ်ဆောင်ရွက်တဲ့ ICJ တရားသူကြီး Abdul Qawi Ahmed Yusuf က အခုလို ဖတ်ကြားပါတယ်။

“မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ အန္တရာယ်ကျရောက်စရာ အလွန်အမင်း စိုးရိမ်စရာမှာရှိတယ် လို့ တရားရုံးက သုံးသပ်ပါတယ်။ ရိုဟင်ဂျာမွတ်ဆလင်တွေဟာ မြန်မာနိုင်ငံ မြန်မာနိုင်ငံလွတ်လပ်ရေး မရခင်က တည်းက အစဉ်အဆက်နေထိုင်ခဲ့ကြပေမယ့်လို့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအရ နိုင်ငံမဲ့ ဖြစ် နေကြရသလို၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း မဲပေးခွင့်တွေ ရုပ်လိုက်တဲ့အတွက် ဒါဟာ အလွန် အမင်း စိုးရိမ်စရာရှိတယ်လို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က ချမှတ်လိုက်တဲ့ ကုလသမဂ္ဂအထွေ ထွေညီလာ ခံဆုံးဖြတ်ချက်ထဲဖော် ပြထားတာကို တရားရုံးအနေနဲ့ မှတ်သားမိပါတယ်။ 

နိုင်ငံတွင်းမှာကျန်နေတဲ့ ရိုဟင်ဂျာတွေဟာ လူမျိုးတုံး သတ်ဖြတ်တာတွေခံရမယ့် အန္တရာယ်အောက်မှာ ရှိနေတယ် ဆိုတာကို ခိုင်ခိုင်မာမာတွေ့ရတယ်ဆိုပြီး ကုလ အချက်အလက် စုဆောင်းရေးမစ်ရှင်က လူ့အခွင့်အရေးကောင်စီကို တင်သွင်းခဲ့တဲ့အချက်ကိုလည်း တရားရုံးအနေနဲ့ မှတ်သားထားပါတယ်။”

မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို ထိထိရောက်ရောက်အကာအကွယ်ပေးနေပါတယ်လို့ အခိုင်အမာ တင် ပြနိုင်ခဲ့ခြင်း မရှိဘူးလို့ တရားရုံးက သုံးသပ်ပါတယ်။ နောက်ဆုံးမှာတော့ တရားရုံးအနေနဲ့ ဂမ်ဘီယာနိုင် ငံက တင်သွင်းတဲ့ ကြားဖြတ်အရေးပေါ် စီမံမှု သုံးချက်ကို လက်ခံသလို၊ ဖြစ်ထွန်းတိုးတက်မှုတွေကို တရား ရုံးကို မပြတ်အစီရင်ခံဖို့ဆိုတဲ့ အချက်ကိုပါ ထည်သွင်းဆုံးဖြတ်လိုက်ပါတယ်။

“မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်ဖြစ်စေ အမြဲတမ်း မဟုတ်တဲ့ လက်နက် ကိုင် အဖွဲ့တွေဖြစ်စေ အဖွဲ့အစည်းတခုခု လူ ပုဂ္ဂိုလ်တဦးဦးဖြစ်စေ တိုက်ရိုက်သော်လည်းကောင်း သွယ် ဝိုက်ပြီးသော်လည်းကောင်း လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တာ သတ်ဖြတ်ဖို့ ကြံစည်ပူးပေါင်းတာ သတ် ဖြတ်မှုဖြစ်အောင် လှုံဆော်တာ ကြိုးပမ်းတာ မှန်သမျှ မဖြစ်အောင် အကာအကွယ်ပေးထိန်းချုပ်နိုင်ရပါမယ်။”

တရားရုံးဆုံးဖြတ်တဲ့ ကြားဖြတ်အရေးပေါ်စီမံချက် လေးချက်ကတော့ -
(၁) လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးရေးဆိုင်ရာနိုင်ငံတကာသဘောတူညီချက် အပိုဒ်(၂) မှာ ဖော်ပြထားတဲ့ ကျူး လွန်မှုတွေ ဖြစ်မလာအောင် မြန်မာနိုင်ငံအနေနဲ့ အကာအကွယ်ပေးရေး အစီအမံတွေ ဆောင်ရွက် သွားရမယ်။

(၂) မြန်မာစစ်တပ်ဖြစ်စေ ပြည်သူ့စစ်အဖွဲ့ဖြစ်စေ အခြားအဖွဲ့အစည်းတခုခုကဖြစ်စေ ဂျီနိုဆိုဒ်စာချုပ်အပိုဒ် (၂)ပါ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေ မကျူးလွန်နိုင်အောင်နဲ့ ကျူးလွန်အောင် လှုံဆော်မှုတွေ မဖြစ်အောင် မြန်မာနိုင်ငံအနေနဲ့ ဒီအဖွဲ့အစည်းတွေကို ထိန်းချုပ်ကိုင်တွယ်ရမယ်။

(၃) ဖြစ်ပြီးခဲ့တဲ့ ကျူးလွန်မှုတွေက ကျန်တဲ့ သက်သေအထောက်အထားတွေကို မပျက်စီးအောင် ထိန်း သိမ်း ပေးရမယ်၊ မဖျက်ပစ်ရဘူး။

(၄) ဂျီနိုဆိုဒ်သဘောတူညီချက်ကို ချိုးဖောက်မှုရှိမရှိ တရားရုံးက စစ်ဆေးနေစဉ်ကာလအတောအတွင်းမှာပဲ မြန် မာနိုင်ငံဘက်က ဆောင်ရွက်မှု တိုးတက်မှုဖြစ်စဉ်ကိုလည်း ၄ လ တခါ ပထမအအကြိမ် တရားရုံးကို အစီ ရင်ခံစာတင်ရမယ်။ နောက်ပိုင်းမှာ ၆လတကြိမ် ပုံမှန်အစီရင်ခံစာတင်သွားရမယ်။

တရားရုံးအနေနဲ့ ဒီကြားထဲမှာနောက်ထပ်အရေးပေါ်စီမံမှုတွေ ဆုံးဖြတ်နိုင်တယ်လို့လည်းပါရှိပါတယ်။
 
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကမြန်မာနိုင်ငံအပေါ် ဒီကနေ့ချမှတ်တဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက် နှင့်ပတ်သက်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ ICJ တရားရုံးက ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့် အချက်တွေချမှတ်တဲ့အချိန်မှာ နိုင်ငံတော် အတိုင်ပင် ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့နဲ့ ဥပဒေအကျိုးဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

တရားရုံးဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ သဘောထားကို ဗွီအိုအေက မေးမြန်းခဲ့ပေမယ့်၊ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဘာမှ မှတ်ချက်ပေးစရာမရှိဘူး မပြောလိုဘူးလို့ပဲ ဗွီအိုအေကို တုံ့ပြန်ပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တကြော့ပြန်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲချက်တင်ခဲ့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */