2019-12-22
မကြာသေးခင်က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အနီး ပင်လယ်ပြင်ကနေ ဖမ်းမိတဲ့ မွတ်စ လင်တွေကိုတော့ အမှုဖွင့်တာတွေမလုပ်ဘဲ နေရပ်ပြန်ပို့ဖို့ ပြည်ထောင်စုအစိုးရက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်း လူ့ဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးကျော်မင်းကို RFA က ဆက်သွယ် မေးမြန်းရာမှာတော့ ---“ခုလောလောဆယ်အနေအထားအရတော့ ဇာဒတ်ကြီးမှာပဲ ရှိသေးတယ်၊ တပ်မတော်စက်လှေနဲ့ ပြန်ပို့ မယ် လို့တော့ ကျနော်တို့သိထားတယ်၊ ဒါပေမဲ့ ပြန်ပို့ဖို့ အမိန့်ကို စောင့် ဆိုင်းနေတယ်၊ ဒီရက်ပိုင်းအတွင်း မှာ ပြန် ပို့မယ်လို့တော့ သိထားပါတယ်၊ အမိန့်ကိုပဲ စောင့်နေပါတယ်”
သူတို့ဟာ ဒီဇင်ဘာ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ထွက်ပြေးလာသူတွေ အပါ အဝင် လူပေါင်း ၁၇၀ ကျော်လိုက်ပါလာတဲ့ စက်လှေကို ကော့သောင်းမြို့နဲ့ ရေမိုင် ၁၅၀ ကျော်လောက် အ ကွာမှာ တပ်မတော် စစ်ရေယာဉ်က ဖမ်းဆီးခဲ့တာလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေး မှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။
အဲဒီထဲမှာ အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၆၉ ဦး၊ လူငယ်အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၉ ဦး၊ စက်လှေ မောင်းသမားနဲ့ အလုပ်သမား ၇ ဦး ပါဝင်ပါတယ်။
သူတို့တွေကို တပ်မတော်ရေတပ် အခြေစိုက်တဲ့ ဇာဒတ်ကြီးကျွန်းမှာ ထိန်းသိမ်းထားပြီး ဘယ်နေ့ပြန်ပို့မယ် ဆိုတာတော့ မသိသေးပါဘူး။
“လောလောဆယ် စစ်ဆေးပြီးသွားပြီဗျ၊ စစ်ဆေးပြီး လောလောဆယ် ဇာဒတ်ငယ်နားမှာပဲ ရှိတယ်၊ ကျနော် တို့ တိုင်းဒေသကြီးအစိုးရကနေ အထက်ကိုတင်ပြထားပြီး လက်ရှိအနေထားအရ အမိန့်ကို စောင့် ဆိုင်း ဆဲပဲ ရှိနေသေးတယ်၊ လွှဲပြောင်းတာတွေ၊ ပြန်လွှတ်တာတွေ၊ ထွက်ခွာလာတဲ့နေရာတွေကို ပြန်ပို့ တာတွေ ဒါတွေ က အမိန့်တွေ ဘာမှမလာသေးဘူး၊ လောလောဆယ် အဲနားမှာပဲ ရှိသေးတယ်”
ကမ်းရိုးတန်းစစ်ဌာချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦး ပြောသွားတာပါ။
ဒီအထဲမှာ စစ်တွေမြို့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေလည်း ပါဝင်တာကြောင့် စစ်တွေကိုပြန်ပို့မယ့် အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
ထွက်ပြေးလာတဲ့ဒုက္ခသည်တွေကို အရေးမယူဘဲ အခုလိုပြန်ပို့ဖို့ စီစဉ်တာဟာ ကောင်းမွန်တဲ့လုပ်ရပ်လို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်လည်းဖြစ် ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်ဟောင်းလည်း ဖြစ်တဲ့ ဦးအေးလွင်ကပြောပါတယ်။
“ဒါကတိုးတက်မှုလို့ ပြောရမှာပေါ့နော်၊ ဒုက္ခသည်တွေဟာ ဒုက္ခ ရောက်နေတဲ့ကြားက သူတို့နေထိုင်ရတဲ့အနေအထားတွေ၊ သေမ ထူး နေမထူးဖြစ်နေလို့ ဒီလောက်အသက်စွန့်ပြီးတော့ စခန်းတွေ ကနေ ထွက်ခွာလာတဲ့သူတွေလေ၊ အဲဒုက္ခသည်တွေကို ထပ်ပြီး အပြစ်ပေးဦးမယ်ဆိုရင်တော့ တော်တော်လေးကို လူသားချင်း မစာနာရာရောက်တယ်၊ အရင်အဖွဲ့တွေတုန်းက ထောင်တွေချ တာမျိုးတွေ ဘာတွေ ရှိခဲ့တယ်၊ အခုတော့ ထောင်တွေ ဘာတွေ မချဘဲ သူတို့လာတဲ့နေရာကို ပြန်ပို့မယ်ဆိုတော့ ကောင်းတဲ့ခြေ လှမ်းတစ်ခုလို့ ကျနော်က ဝမ်းသာပါတယ်၊ ကြိုဆိုပါတယ်”
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေဟာ ပွင့်လင်းရာသီတွေမှာ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို ကုန်းလမ်း၊ ရေလမ်းတွေကနေ သွားရောက်ဖို့ ကြိုးစားတတ်ကြပြီး လူကုန်ကူးခံရနိုင်တဲ့ အခြေအနေတွေရှိနေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေက ပြောပါတယ်။
ဒီလိုနေရပ်မှာ အဆင်မပြေလို့ ထွက်ပြေးလာသူတွေကို မူလနေရပ်ပြန်ပို့တာ မဖြစ်သင့်ဘဲ သူတို့သွားချင်တဲ့နေရာသွားဖို့ အထောက်အထား ထုတ်ပေးတာမျိုးတွေ လုပ်ပေးသင့်တယ်လို့ လူ့အခွင့်ရေးလှုပ်ရှားသူ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။
“သူတို့ရဲ့ မူရင်းနေရာကိုပဲ ပြန်ပို့မယ်ဆိုတာကလည်း လူ့အခွင့်ရေး ချိုးဖောက်မှုတွေပဲဖြစ်တယ်၊ အစိုးရက အမှန်တကယ်ဆို တာဝန်ယူပြီးတော့ ဒီလူတွေကို ဘယ်လိုမျိုး နေရာပြန်ချပေးမလဲ၊ သူတို့မနေချင်တဲ့နေရာကို မနေစေဘဲ သူတို့ တစ်နိုင်ငံကိုသွားမယ်ဆိုရင်လည်း နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတာမျိုး၊ လူမှောင်ခိုကူးခံရတယ်ဆိုရင်လည်း လူမှောင်ခိုကူးတဲ့လူတွေကို အရေးယူပြီးတော့ ကူးခံရတဲ့ဒုက္ခသည်တွေကို ဘယ်လိုကုစားပေးမလဲဆိုတာမျိုးတွေ လုပ်ပေးဖို့လိုတယ်”
ရခိုင်ပြည်နယ်မှာ ၂၀၁၂ ပဋိပက္ခတွေ ဖြစ်ပြီးနောက်ပိုင်း မွတ်စလင်တွေကို ဒုက္ခသည်စခန်းတွေမှာဘဲ ထားပြီး လွတ် လပ်စွာ သွားလာခွင့်မပေးတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူတွေ တဖြည်းဖြည်း များလာပြီး ဖမ်းဆီးထောင်ချခံရတာတွေလည်း အများကြီးရှိပါတယ်။
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည် ခုနှစ်သိန်းကျော်ရှိနေပြီး ပြန် လည်ခေါ်ယူနိုင်ရေးအတွက် အစိုးရအနေနဲ့ ၂၀၁၈ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ရာမှာ လက်ရှိအချိန်အထိ တရားဝင်ပြန်လာသူ မရှိသေးပါဘူး။ မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာတော့ မိမိသဘောဆန္ဒအရ ပြန်လာသူ အနည်း ငယ်ရှိနေကြောင်း ထုတ်ပြန်ထားပါတယ်။
Link : Here
No comments:
Post a Comment